ရုပ်ရှင်သရုပ်ဆောင် ဒါမှမဟုတ်
နိုင်ငံရေးနယ်ပယ်ကလူတွေကမှ လူတွေအပေါ် သြဇာလွှမ်းမိုးနိုင်တာ၊
လှုံ့ဆော်နိုင်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ သာမန်ပြည်သူတွေမှာလည်း
သြဇာလွှမ်းမိုးနိုင်စွမ်းတွေ
ကိုယ်စီရှိကြပါတယ်။ သာမန်ပြည်သူတွေရဲ့ သြဇာလွှမ်းမိုးနိုင်စွမ်းက မထင်ရှား၊
မသိသာ၊ မတောက်ပြောင်ဘူး၊ ချက်ချင်းအရာမထင်ဘူးဆိုပေမယ့် သာမန်လူတွေရဲ့
သြဇာလွှမ်းမိုးနိုင်စွမ်းကိုတော့ လျစ်လျူမရှုစေချင်ပါဘူး။
နေ့စဉ်ဘဝမှာလည်း လူတစ်ယောက်ရဲ့ အမှတ်မထင်ပြုမူလိုက်တဲ့ အပြုအမူတစ်ခု ဒါမှမဟုတ် မပြောပလောက်တဲ့လုပ်ရပ်တစ်ခုကလည်း သြဇာလွှမ်းမိုးနိုင်တဲ့ လုပ်ရပ်ကြီးတစ်ခုဖြစ်သွားနိုင်ပါတယ်။ ဒီလို သြဇာလွှမ်းမိုးနိုင်စွမ်းက အရိပ်မဲ့ပါတယ်၊ သေချာသတိထား မကြည့်မိရင် မြင်ရခက်ပါတယ်။
ပြည်တော်ပြန်မိတ်ဆွေတစ်ဦးက ကိုယ့်ရပ်ရွာမှာပဲ စီးပွားရေးရင်းနှီးမြှုပ်နှံဖို့ မြို့နှစ်မြို့ကိုသွားရောက် စူးစမ်းလေ့လာခဲ့ပါတယ်။ ပထမတစ်မြို့ရဲ့ လမ်းမတစ်နေရာက ဖိနပ်တိုက်ဆိုင်မှာ သူဖိနပ်ဝင်တိုက်ပါတယ်။ ဖိနပ်တိုက်တဲ့အမျိုးသမီးရဲ့အပြုအမူကြောင့် အဲဒီမြို့ကို သူစိတ်ပျက်သွားခဲ့ပါတယ်။ ဖြစ်ပုံက ဖိနပ်တိုက်အမျိုးသမီးဟာ သူ့ဖိနပ်ကြိုးကိုဖြည်ပြီး ဖိနပ်တိုက်ပါတယ်။ ဖိနပ်တိုက်ပြီး ပိုက်ဆံရှင်းမှ ဖိနပ်ကြိုးကိုပြန်ချည်ပေးပါတယ်။ ဒီလိုအပြုအမူကြောင့် ဒီမြို့သားတွေရဲ့ ကိုယ်ကျင့်တရားကို သူသံသယဖြစ်လိုက်မိပါတယ်။ ဖိနပ်တိုက်ပြီး ပိုက်ဆံမရှင်းဘဲ ထွက်ပြေးတဲ့လူရှိကိုရှိခဲ့လို့ပါ။
ဒုတိယမြို့မှာ သူအငှားကား ၅ကြိမ်စီးခဲ့ပါတယ်။ ကားပေါ်ကဆင်းတိုင်း ကားသမားငါးဦးစလုံးက “ခင်ဗျားရဲ့ပစ္စည်းတွေကို သေချာဂရုစိုက်ယူသွားပါနော်”လို့ သတိပေးတတ်ခဲ့ပါတယ်။
နောက်ဆုံးမှာ သူ့လုပ်ငန်းအတွက် ဒုတိယမြို့ကို သူရွေးလိုက်ပါတယ်။ ဒုတိယမြို့က လူ၅ဝဝဝလောက် အလုပ်ရခဲ့ပြီး အခွန်ဌာနက နှစ်စဉ်ဝင်ငွေခွန်တွေ ပိုတိုးလာခဲ့ပါတယ်။ ဒါဟာ ဖိနပ်တိုက်သူတစ်ဦးနဲ့ အငှားကားမောင်းသူတို့ရဲ့ သက်ရောက်မှုပဲဖြစ်ပါတယ်။
ကျွန်တော့်သားက ထမင်းစားခါနီးတိုင်း လက်ကို ဆပ်ပြာနဲ့သေချာဆေးကြောပါတယ်။ တစ်ခါတလေမှာ အချိန်လုရတဲ့အခါ ကျွန်တော်ကသူ့ကို သွေးတိုးစမ်းတဲ့သဘောနဲ့ “ဖြစ်သလိုပဲဆေးလိုက်လို့ မရဘူးလား”လို့ မေးတော့ သားက ခေါင်းကိုတွင်တွင်ခါပြီး “မရဘူး… သား မူကြိုတက်ကတည်းက ဒီအကျင့်ကိုရခဲ့ပြီ”လို့ ဆိုပါတယ်။
မူကြိုဆရာမတစ်ဦးရဲ့ သြဇာလွှမ်းမိုးနိုင်မှုကို ဒီနေရာမှာ အတိုင်းသားတွေ့မြင်နေရပါတယ်။ လူတချို့ရဲ့အသိထဲမှာ မူကြိုဆရာမဆိုတာ ကလေးနဲ့အတူ ကစားမယ်၊ စားမယ်ဆိုတာလောက်ပဲ သိထားကြပါတယ်။ ဒီလောက် အကျိုးသက်ရောက်မှု၊ သြဇာလွှမ်းမိုးနိုင်မှုရှိမယ်လို့ ထင်ထားကြမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ပညာပေးက လူတစ်ယောက်ရဲ့အပြုအမူ၊ အကျင့်ကို တစ်သက်တာလွှမ်းမိုးနိုင်စွမ်း ရှိတယ်ဆိုတာကတော့ အသေအချာပဲဖြစ်ပါတယ်။
-----
မူရင်းရေးသားသူ -- Chá yīlù
မူရင်းလင့် -- http://blog.sina.com.cn/s/blog_4b5cd1ea0102dy0a.html
နိုင်းနိုင်းစနေ (Nov. 4. 2014)





