အကြောတက်၊ အဆစ်ကိုက်၊ အဆစ်ရောင်၊ လေးဖက်နာ
ဟူသော ရောဂါများမှာ တစ်ခုဖြစ်လျှင် ဆက်၍ ဖြစ်လေ့ရှိသော ညီနောင်ရောဂါများ
ဖြစ်ကြသည်။ ခေါင်းကိုက်ခြင်းသည် တစ်ခါတရံ ထိုအကြောအဆစ် ရောဂါများ၏
နောက်ဆက်တွဲ ရောဂါ ဖြစ်လေ့ရှိသည်။ အကြောအဆစ် ရောင်သော ရောဂါများဟု
အမည်တပ်သော်လည်း အတွင်းပိုင်းတွင် သွေးကြောများပါ ရောင်လေ့ရှိသည်။
အထိမခံနိုင်ဖြစ်ကာ နီရဲပြီး ရောင်နေသော အဆစ်တွင် ကြွက်သားမျှင်များသာမကအတွင်းမှ သွေးလွှတ်ကြော၊ သွေးပြန်ကြောများပါ
ရောင်လျက်ရှိကြောင်း တွေ့ရသည်။
ရှေးက ရိုးရာနည်းဖြင့်ကုသော ဆရာများနှင့် ဘလဲဘနည်းဖြင့် ကုသော ဆရာများသည်
ရောင်သောနေရာကို မန်းရှိသည်ဆိုကာ စူးဖြင့် ဖောက်သည်။ အချို့က ရှသော
ကြံရွက်၊ ဝါးရွက်စသည်တို့ဖြင့် ခြစ်သည်။
အချို့ ဘလဲဘဆရာများ၏ နည်းမှာ
အလွန်ကြမ်းသည်။ အရိုးအဆစ်ရောင်သော နေရာကို ထက်သော သင်တုန်းဓားဖြင့်
အချက်များစွာ ခုတ်သည်။ ခပ်ဖွဖွဖြင့် အပေါ်ယံ အရေပြားပေါက်အောင်
ရှပ်ပြီးခုတ်သည်။ သွေးပြန်ကြော ပေါက်သွားပြီးနောက် သွေးမည်းမည်းများ
ထွက်လာသောအခါ မန်းတွေထွက်လာပြီ (မကောင်းတဲ့ မန်းရည်များ ထွက်လာပြီ) ဟု
ဆိုကြသည်။
လူနာများကလည်း ကျေနပ်ပြီး စိတ်အထင်ဖြင့် အနာသက်သာသွားသည်။
အမှန်တော့ ဤနည်းသည် လှည့်စားသော စိတ်ကု (Psychothraphy) နှင့် တူလေသည်။
ဆေးရုံမှ ဆရာဝန်ကြီးအချို့၏ ပြောပြချက်အရ အရေပြားကိုဖောက်ပြီး
သွေးစို့အောင် ဓားဖြင့်ပေါက်ပြီး ထွက်လာသောသွေးကို ပုလင်းဖြင့် သို့မဟုတ်
စုပ်ခွက်များဖြင့် စုတ်ယူခံရသော သီလရှင်တစ်ပါးမှာ အနာများ ရောင်ကိုင်းပြီး
ဖျားလာသဖြင့် ဆေးရုံမှ စစ်ဆေးကြည့်သောအခါ မေးခိုင်ပိုးကြောင့်
အဖျားဝင်နေသည်ကို တွေ့ရသည်။အခြားလူနာ တစ်ဦးမှာလည်း ဒူးခေါင်းရောင်သော
ရောဂါကို ကြံရွက်ခြစ်ပြီး ဆေးစည်းပေးလိုက်ရာမှ အနာဖြစ်ကာ မကျက်တော့သဖြင့်
ဆေးရုံကြီးသို့ ရောက်လာသည်။ စစ်ဆေးကြည့်သောအခါ ထိုလူတွင် မျိုးရိုးလိုက်သော
ဆီးချိုရောဂါ ရှိနေကြောင်း တွေ့ရသည်။
ဆီးချိုရှိသူများမှာ ပွန်းရှဒဏ်ရာမှ
အတွင်းအထိ လှိုက်စားသော အနာဖြစ်သွားတတ်သဖြင့် ခလုတ်မတိုက်မိအောင်ပင်
အထူးသတိထားရသည်။ လေးဖက်နာ မဟုတ်ဘဲ မြန်မာများက ဒူလာဟုခေါ်သော
အဆစ်ကြီးတစ်ဆစ်စီ ရောင်လေ့ရှိသည်။ ဂေါက် (Gout) ရောဂါဆိုလျှင်လည်း
ဤအတိုင်းပင် ဖြစ်သည်။ ရောင်သည်။ ရောင်သည့်နေရာတွင် ပူနေသည်အထိ မခံနိုင်ပါ။
ခြေမဆစ်၊ လက်မဆစ်၊ ခြေမျက်စိ၊ ဒူးဆစ်တို့တွင် ဘာမှမခိုက်မိဘဲ
ရောင်လာတတ်သည်။ ဂေါက်ရောဂါမှန်လျှင် လုံးဝမနှိပ်ရပါ။ သွေးဖောက် ကုသမှုလည်း
မလုပ်သင့်ပါ။
အဘယ့်ကြောင့်ဆိုသော် ဂေါက်အဆစ်ရောင် ရောဂါရှိသူ
အတော်များများမှာ အသည်းကျောက်ကပ်နှင့် ဆီးချိုရောဂါများ ရှိတတ်သောကြောင့်
ဖြစ်သည်။
အနောက်တိုင်း ဆေးပညာသဘောအရ အသည်း ကျောက်ကပ်မကောင်းသောလူကြီးများတွင်ယူရစ်အက်ဆစ်ဟု ခေါ်သော ဖြူဖြူအနည်မှုန်များသည် ဆီးမှမစွန့်ပစ်နိုင်သဖြင့်
သွေးအတွင်းတွင် မျောပါပြန်သည်။
အဆစ်တစ်နေရာရာတွင် အက်ဆစ် အနည်မှုန်များ
ရောက်ရှိသွားပြီး အဆစ်နှစ်ခု လှုပ်ရှားသည့် အခါတိုင်း ပွတ်တိုက်မိသည်။
ပွတ်တိုက်မှုကြောင့် ရောင်လာသည်။ အဆစ်နှစ်ခုကြားမှ ဝါရှာကဲ့သို့ ခံထားသော
ခုတုံး၊ အရွက်တုံး ရောင်လာခြင်း ဖြစ်သည်။ လူ့သဘာဝ ရောင်သောနေရာတွင်
အရည်များ စုလာတတ်သည်။ ဂေါက်ရောဂါ (သို့) အဆစ်တစ်ဆစ် ရောင်သည့်
ဒူလာဂေါက်ရောဂါကို ဖောက်၍ မကုရပါ။ အနှိပ်လည်း မခံရပါ။ အသားစားခြင်းကို ၁၀
ရက် ရှောင်ကြဉ်ပြီး အသီးအနှံ၊ ငါးနှင့် အသီးဖျော်ရည်များကိုသာ
စားသုံးခြင်း၊ သို့မဟုတ် သားသတ်လွတ် စားသုံးခြင်းဖြင့် ကုသခြင်းသာ
အကောင်းဆုံး ဖြစ်ပါသည်။
အဆစ်ရောင် လေးဖက်နာနှင့် ခေါင်းကိုက်ခြင်း
အကြောင်းကို ဆက်၍ တင်ပြလိုပါသည်။ တစ်ခါတရံ အဆစ်များ ရောင်ခြင်း၊
မခံမရပ်နိုင်အောင် နာကျင်ခြင်းကြောင့် သွေးလန့်ပြီး ခေါင်းကိုက်လာတတ်ပါသည်။
အပိုင်း၂ ဖတ်ရန် — with Shwe Eaim Si and 2 others.