ဝေဒနာကြောင့် စိတ်မသက်မသာဖြစ်ကာ
ခေါင်းကိုက်ရခြင်း ဖြစ်ပါသည်။ နောက်တစ်မျိုးမှာ ပိုးလေးဖက်နာကဲ့သို့
အသီးရောင်ပိုး၊အသက်ရှူ လမ်းကြောင်းတွင် ပိုးဝင်၍ဖြစ်သော ရောဂါမျိုးတွင်
အာခေါင်မှ နှာခေါင်းသို့ ဆက်သွယ်သော ဝင်ပေါက်၊ နှာရိုးရင်းရှိ အရွတ်၊
အရိုးနုတို့ ရောင်ခြင်းကြောင့် နှာပိတ်ခြင်း၊ နှာရည်ယိုခြင်းမှ စတင်ကာ
ခေါင်းကိုက် လာတတ်ပါသည်။
ထိုရောဂါမျိုးအတွက် ခေါင်းကိုက်ပျောက်ဆေး
သောက်ခြင်းထက် တိုင်းရင်းဆေး၊ မှိုင်းရှူဆေးကို မီးခဲပေါ်တွင်ဖြူး၍
ရှူပေးရသော နည်းက ပို၍ ထိရောက်သည်။ ခေါင်းကိုက်အမြန် သက်သာစေပါသည်။
မိုင်းရှူဆေးအဖြစ် တိုင်းရင်းဆေးခန်းသုံး ဆေးဖြစ်သည်။ အကင်းဆယ်ပါး ဆေးကို
သုံးစွဲကြပါသည်။ ၎င်းဆေးကို ပရဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။
အစိုးရ တိုင်းရင်းဆေးကုခန်းများတွင်လည်း
ရရှိနိုင်ပါသည်။ အကင်းဆယ်ပါးဆေး၏ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်မှာ (၄၃)
ဖြစ်ပါသည်။
အခြားခေါင်းကိုက်ခြင်း တစ်မျိုးမှာ ရောဂါကုရာတွင် “ဆေးအတွက်လေး”
ဆိုသကဲ့သို့ ဆေးကြောင့်ဖြစ်သော နောက်ဆက်တွဲ ဝေဒနာ ခေါင်းကိုက်ခြင်း
ဖြစ်ပါသည်။
အကြောတက်၊ အဆစ်ရောင်၊ လေးဖက်နာ ဝေဒနာသည်များမှာ နာတာရှည် ဖြစ်လေ့ရှိသဖြင့်
အကိုက်အခဲ ပျောက်ဆေးများကို အလွယ်တကူ သောက်လေ့ရှိကြသည်။
ထိုသို့သောက်ရာမှ
အစာအိမ်ရောင်ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းတွင် သွေးကြောငယ်များ
စိမ့်ပေါက်ခြင်းအပြင် ကြာတော့ အစာမစားချင်၊ စားလျှင်လည်း အစာမကြေသည့်
ရောဂါဖြစ်လာသည်။ခေါင်းကိုက်ခြင်း
အမျိုးမျိုးတွင် အစာမကြေ ခေါင်းကိုက်ရောဂါသည် အဆိုးဆုံး ဖြစ်သည်။
အစာမစားလျှင် မကိုက်၊ အစာစားပြီးသည်နှင့် နာရီဝက်အတွင်း ခေါင်းကိုက်လာသည်။
အစာမှားလျှင် ပို၍ကိုက်သည်။ အစာအိမ်အတွင်းရှိ အနာနှင့် အစာချေရည်များ
ထိတွေ့သောအခါ အစာမကြေဘဲ လေချဉ်များ ဖြစ်လာသည်။ ထိုလေချဉ်များသည်
ပါးစပ်မှဆန်ပြီး အပြင်ထွက်သည့် အခါလည်း ရှိသည်။ မထွက်လျှင်
ခေါင်းကိုက်လာလေ့ ရှိပါသည်။ ထို့အပြင် အကြောတက်သည်၊ ခေါင်းကိုက်သည်ဆိုလျှင်
တိုင်းရင်း မြန်မာဆရာများက အစာကြေဆေး ပေးကြသည်။
အကိုက်အခဲ ပျောက်ဆေး
မပေးကြ။ လူနာများက နားမလည် ဖြစ်ကြရသည်။ ခေါင်းမကိုက်ဖို့ အစာကြေဆေး
ပေးခြင်းသည် “ဝမ်းတစ်လုံးကောင်းလျှင် ခေါင်းတစ်လုံးမခဲ” ဟုသော
ကုထုံးကြောင့် ဖြစ်ကြောင်း လူနာများကို ရှင်းပြဖို့တော့ လိုပေသည်။
ဘုရားရှင်လက်ထက် မတိုင်မီ ပေါ်ပေါက်ခဲ့သော အာယုဗ္ဗေဒ ဆေးပညာတွင်လည်း
“ရောဂါမူလံ အဇိဏ္ဏတံ” ရောဂါမှန်သမျှ အစာမကြေခြင်းက စသည်ဟု
ဆိုထားခြင်းကြောင့် မည်သည့် ရောဂါဝေဒနာဖြစ်စေ ဝင်လာလျှင် ကုသည့်ဆရာရော
လူနာကပါ အစာကြေမကြေကို ဦးစွာ ဂရုစိုက်မေးကြဖို့ လိုအပ်ပါသည်။ အကြောတက်၊
အဆစ်ရောင်၊ လေးဖက်နာရောဂါ နှစ်ကြာရှိသူများသည် အကိုက်အခဲ
ပျောက်ဆေးများနှင့် ယဉ်ပါးလာကြသူများ ဖြစ်သည်။ အချို့မှာ တော်ရုံ
အကိုက်အခဲပျောက်ဆေး မတိုးတော့။
ထိုသူတို့မှာ အစာအိမ်နှင့် သွေးကြောများပါ
ရောင်သော အဆင့်သို့ ရောက်သောအခါ ခေါင်းကိုက်ခြင်း ဝေဒနာကို နောက်ဆက်တွဲ
ရောဂါအဖြစ် ခံစားလာကြရတော့သည်။ ထိုသူများအတွက် အကြံပေးလိုသည်မှာ မည်သည့်
ဆေးမျိုး သောက်နေရသည်ဖြစ်စေ အစာစားပြီးလျှင် အစာကြေဆေး တစ်မျိုးမျိုး
သောက်ဖို့လိုပါသည်။ အစာကြေဆေး သောက်သော အခါတွင်လည်း အစာစားပြီးပြီးချင်း
သောက်လျှင် အစာအိမ်ထဲတွင် အချဉ်ပေါက်သော အစာများနှင့် ရောမွှေပြီး ဆေးပါ
ဓာတ်ပြယ်သွားတတ်သည်။ ထို့ကြောင့် အစာအနည်ထိုင်ချိန် (စားပြီး နာရီဝက်ခန့်
ကြာသည့်အချိန်) ကျမှ သောက်သင့်ပါသည်။
ထို့အပြင် ခေါင်းကိုက်တတ်သူများသည် အစာစားချိန် ရေသောက်ခြင်း၊ ရေခဲရေ
သောက်ခြင်းသည်လည်း မကောင်းပါ။ အစာချေရည်ကို အားပျော့စေပါသည်။ ဟင်းရည်သောက်၊
ဟင်းချိုရည်တို့တွင် ရေပါဝင်သင့်သလောက် ပါဝင်ပြီး ဖြစ်သဖြင့်
ထပ်သောက်လျှင် ရေနှင့်အစာ မမျှတ ဖြစ်နိုင်သည်။ အချို့ ဝမ်းမီးအားနည်း၍
အစာမကြေသူများကို ထမင်းစားပြီးလျှင် ချက်ချင်း ရေမသောက်စေရပါ။ ထမင်းစားပြီး
ရင်ပူနေလျှင် သာ၍ အစာပိုကြေသည်။ နာရီဝက်ခန့်ကြာမှ ရေသောက်ခြင်းက ပို၍
အစာချေအား ကောင်းစေသော အယူအဆရှိ၏။
အကိုက်အခဲ ပျောက်ဆေးများ၊ ဆေးပြင်းများ
သောက်ရသည့် နာတာရှည် ဝေဒနာများအတွက် နောက်ဆက်တွဲ ဖြစ်လေ့ရှိသော
ခေါင်းကိုက်ရောဂါသည် အစာအိမ်နှင့် သွေးကြောများ ရောင်ခြင်းကြောင့်
ဖြစ်နိုင်သဖြင့် အထူးသတိထားကြဖို့ လိုကြောင်း သတိပေး ရေးသားလိုက်ရပါသည်။
ကြည်လွင်မြင့်(မုဒြာ)
Ref: By Shade The Mandalay Hill