10/05/2015

ခွင့်စာ

အသက် ၅၄နှစ်ရှိတဲ့ ပြင်သစ်ပညာရေးပညာရှင်တစ်ဦးဟာ သားသမီးအတွက် အုပ်ထိန်းသူတွေရေးတဲ့ ခွင့်စာ၊ တောင်းပန်စာ၊ မကျေနပ်တဲ့တိုင်တန်းစာ စတဲ့စာတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝလောက်ကတည်းက ရှာဖွေစုဆောင်းခဲ့ပါတယ်။ အဲဒီစာတွေဟာ စိတ်ဝင်စားစရာကောင်းတဲ့အပြင် အုပ်ထိန်းသူနဲ့ဆရာကြား နေ့စဉ်ဖြစ်ပျက်တတ်တဲ့ နားလည်မှုကွဲလွဲစေတဲ့အကြောင်းအရာတွေကို တွေ့မြင်ရပါတယ်။


(၁)
ဇာတ်လမ်းတွေထွင်ပြီး ဆရာမကို ကျွန်မ,မညာချင်ပါဘူး။ မနေ့က “ဒီဒီယာ” ကျောင်းမတက်ရတဲ့အကြောင်းရင်းက “အသည်းအသန်ပျင်းရိခြင်းရောဂါ” ကို သူရလိုက်လို့ပါ။ ဒါကို ကျွန်မက မသိသလို သိသလိုနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆရာမလည်း ကျွန်မလိုလုပ်ပေးဖို့ မျှော်လင့်ပါတယ်။
(၂)
ကျွန်တော့်သမီး မနေ့က ကျောင်းမသွားပါဘူး။ တွေးကြည့်ပါဦး… လူ့တစ်သက်တာမှာ ဒီ၆နာရီသင်ယူချိန် ပျက်ကွက်တာလေးက ဘာမှမဖြစ်စလောက်လေးပါ။ ဒီလောကမှ ဒီ့ထက် ပိုအဆောတလျင်လုပ်ရမယ့် တခြားအလုပ်မရှိတော့ဘူးလား။
(၃)
ကျွန်မသားရဲ့ ဆိုးရွားလှတဲ့အမှတ်စာရင်းကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ အက်ဒီဆင်လည်း စာညံ့သူတစ်ဦးဖြစ်ခဲ့တာပါပဲ။ နောင်တစ်ချိန်မှာ ကျွန်မသားဘာဖြစ်လာမယ်ဆိုတာကို ဘယ်သူမှမသိနိုင်ပါဘူး။ ဆရာမရဲ့နားလည်မှုအတွက် ကျေးဇူးတင်ပါတယ်။
(၄)
ကျွန်တော့်သမီးလေးအတွက် ဆရာမကို အစစအရာရာ ကျွန်တော်ကျေးဇူးတင်ပါတယ်။ ကျွန်တော့်မိန်းမ ကျွန်တော်ကိုထားသွားခဲ့ကတည်းက ဒီအိမ်ကိုထိန်းသိမ်းဖို့ ကျွန်တော်အာရုံမစိုက်နိုင်ခဲ့ပါဘူး။ ကျေးဇူးတင်တဲ့အနေနဲ့ ဆရာမကို ထမင်းစားဖိတ်ချင်ပါတယ်။ ဘယ်လို သဘောရပါသလဲ ဆရာမ..
(၅)
အရင်တစ်ပတ်က ကျွန်မသားလေး ကျောင်းမတက်ခဲ့တာကို ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါ။
 ကျောင်းပိတ်ရက်မဟုတ်တဲ့ရက်တွေမှာ နှင်းလွှာရှောစီးတာက ဈေးပိုသက်သာတယ်ဆိုတာကို ဆရာမလည်းသိခဲ့ရင် ဆရာမလည်း သွားမှာပဲမဟုတ်လား။ နားလည်မှုအတွက် အထူးပဲကျေးဇူးတင်ပါတယ်။
(၆)
ကျွန်မသားလေး ဒီကနေ့ ကျောင်းနောက်ကျတဲ့အတွက် အထူးဝမ်းနည်းမိပါတယ်။ သားက ပြောတယ်.. ဒီကနေ့ ကျောင်းသွားတဲ့လမ်းမှာ လေဆန်နဲ့ကြုံခဲ့လို့ပါတဲ့။ ကျေးဇူးတင်ပါတယ်။
(၇)
ကျွန်တော် ဦးပီတာပါ။ ဒီကနေ့ ဇန်နဝါရီလ ၁၈ရက်နေ့ ကျွန်တော့်သမီး လူစီကိုကျောင်းပို့ဖို့ အိမ်ကနေ ကျွန်တော်နောက်ကျမှ ထွက်ခဲ့ရပါတယ်။ ဒီကိစ္စကို ကျွန်တော့်ဇနီးဟောင်းကို မသိစေပါနဲ့လို့ ကျေးဇူးပြုပြီး တောင်းဆိုပါတယ်။ မဟုတ်ရင် ကျွန်တော့်ကို သူ သေအောင်ဆဲမှာမို့ပါ။
(၈)
ကျွန်မသမီး မနေ့က ကျောင်းမတက်နိုင်တာ အရမ်းဝမ်းနည်းပါတယ်။ အကြောင်းက သချာင်္စာမေးပွဲကြောင့်ပါ။ ဒီလို သချာင်္စာမေးပွဲရှိတဲ့အခါတိုင်း သူဗိုက်နာတတ်လို့ပါ။
(၉)
ကျွန်မရဲ့ ပြောင်းဆန်ခတ်တဲ့မနက်ခင်းအကြောင်း အကျဉ်းချုပ်ပြောပြချင်ပါတယ်။
ထမင်းပန်းကန်မှောက်တယ်၊ ကြောက်လန့်တယ်၊ ငါးကန်မှောက်တယ်၊ ငါး အောက်စီဂျင်ပြတ်ပြီး သေသွားတယ်၊ အော်ဟစ်ငိုယိုတယ်၊ ကြမ်းတိုက်တယ်… ဒီလိုကြောင့် ကလေးကျောင်းနောက်ကျပါတယ်။ ဆရာမ နားလည်နိုင်ဖို့ ကျွန်မတို့မျှော်လင့်ပါတယ်။
(၁ဝ)
ကျွန်တော့်သား မနက်ဖြန် ကျောင်းသွားမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲလို့မေးရင် ဒါ ဆရာမနဲ့မဆိုင်ပါဘူး။
(၁၁)
“ခယ်ရီ” အင်္ဂါနေ့က ကျောင်းသွားမတက်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နွေရာသီ ဒစ်စကောင့်ချတဲ့ရက်မို့ပါ။ သူ့အတွက်ဝယ်ပေးတဲ့ အဝတ်အစားသစ်တွေကို သူစမ်းဝတ်ဖို့လိုလို့ပါ။ ဒါကို နားလည်ပေးနိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်… ဆရာမ ဒီကနေ့မှာ စိတ်ချမ်းသာပါစေ။
(၁၂)
အင်္ဂါနေ့က မိုက်ကယ်ကျောင်းမသွားခဲ့ပါဘူး။ အကြောင်းက ကျွန်မတို့အိမ်က ကြောင်ရဲ့အမြီးကို သူတက်နင်းမိလို့ပါ။ သူ လဲကျသွားခဲ့ပါတယ်။ ကြောင်က သူ့ကို ကုတ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့ တိရစ္ဆာန်ဆရာဝန်နဲ့ မိသားစုဆရာဝန်ဆီ ပြေးကြရပါတယ်။ အခု မိုက်ကယ်နဲ့ကြောင် သူငယ်ချင်းဖြစ်သွားပါပြီ။
(၁၃)
ကျွန်မရဲ့သမီးလေးကို ဒီကနေ့မှာ ကောင်းကောင်းဂရုစိုက်ပေးနိုင်မလား ဆရာမ။ နက္ခတ်အရ ဒီကနေ့မှာ သူ့ကံသိပ်မကောင်းလို့ပါ။ ကျေးဇူးအရင်တင်ထားနှင့်ပြီနော်။
(၁၄)
တကယ်လို့ ကျွန်မတို့မိသားစုကို “ဂျော်ဒန်” ထပ်လှောင်ပြောင်ရင် အထူးသဖြင့် ကျွန်မရဲ့သမီး အဝလွန်တာကို ထပ်ပြက်ရယ်ပြုရင် ကျွန်မတို့ရဲ့ခန္ဓာကိုယ်ဟာ အဆီတွေချည်းပဲမဟုတ်ဘူးဆိုတာ ကျောင်းကိုလာပြီး သူ့ကို ကျွန်မသက်သေပြရပါလိမ့်မယ်။ ဒီကောင်လေးကို ဆရာမ အပြစ်ပေးမယ်ဆိုတာ ကျွန်မယုံကြည်ပါတယ်။ ပြီးတော့ ကျွန်မသမီးကိုအနိုင်မကျင့်ဘဲ တခြားတစ်ယောက်ကိုပြောင်းအနိုင်ကျင့်ပါလို့ သေသေချာချာပြောပေးပါ။ အရင် ကျေးဇူးတင်နှင့်ပါပြီ။
(၁၅)
ရီယို ကျောင်းနောက်ကျတဲ့အတွက် ကျွန်တော်တောင်းပန်ပါတယ်။ အကြောင်းက သူ့ကို ကျွန်တော်နိုးစက်ပေးမလုပ်ခဲ့လို့ပါ။ နိုးစက်ကြောင့် ကျွန်တော်တို့အားလုံး နှိုးသွားမှာစိုးလို့ပါ။ ကျေးဇူးတင်ပါတယ်။ ပျော်ရွှင်ပါစေ။

--- ----
ဒီနေ့ရထားပေါ်မှာ ဒီစာဖတ်ရင်း တပြုံးပြုံးနဲ့လေ.. ဒီလို မိဘတွေနဲ့နေရရင် ပိုပျော်စရာကောင်းမှာပဲလို့နော်...
မူရင်းလင့်-- http://www.85nian.net/chengzhang/34296.html
နိုင်းနိုင်းစနေ (Sept. 30 2015)
.