McDonald's ဟာ ၁၉၅၅နှစ်ဦးပိုင်းမှာ
ဟမ်ဘာဂါတွေကိုရောင်းတဲ့ ဆိုင်သေးလေးတစ်ဆိုင်သာဖြစ်တယ်။
၁၉၅၄ခုနှစ် တစ်နေ့မှာ Raymond Krocဟာ ကားမောင်းပြီး ကယ်ရီဖိုးနီးယားပြည်နယ်က San Bernardinoမြို့ဆီ သွားရောက်ခဲ့တယ်။ ကားရပ်နားစခန်းက စားသောက်ဆိုင်ငယ်လေးတစ်ခုမှာ လူအများတန်းစီရပ်စောင့်နေတာကို သူတွေ့လိုက်တယ်။ သူလည်း လူတွေရဲ့နောက်မှာ တန်းစီရပ်စောင့်ခဲ့တယ်။ လူတွေက ဟမ်ဘာဂမ်အပြည့်ထည့်ထားတဲ့ အိတ်ကိုဆွဲပြီး မိမိတို့ရဲ့ကားဆီ ပြုံးပြုံးရွှင်ရွှင်ထွက်သွားတာကိုတွေ့တော့ Raymond Kroc အံ့သြခဲ့မိတယ်။ လူကိုပျော်ရွှင်စေတာ ဘာတွေလဲလို့ ရှေ့တက်ပြီး သူသွားကြည့်တော့ ဟမ်ဘာဂမ်နဲ့ အာလူးချောင်းကြော် ရောင်းတဲ့ဆိုင်ဖြစ်တာကို သွားတွေ့တယ်။ အဲဒီဆိုင်က လူတိုးလို့မရအောင် ရောင်းကောင်းတာကို သူတွေ့မြင်ခဲ့တယ်။
Raymond Kroc ဟာ အသက်၅၂နှစ်ရှိပြီဖြစ်ပေမယ့် ကိုယ်ပိုင်လုပ်ငန်းမရှိခဲ့သေးဘူး။ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို သူအောင်အောင်မြင်မြင်ထူထောင်ချင်ခဲ့တယ်။ ဒီလို fast foodဓလေ့က လူတွေကြားထဲ မြန်မြန်ဆန်ဆန် ထိုးဖောက်တော့မယ်ဆိုတာကို သူသိတယ်။ ခေတ်ရေစီးကြောင်းနောက်လိုက်ပြီး ဒီလိုစားသောက်ဆိုင်တွေ ဖွံ့ဖြိုးလာတော့မယ်ဆိုတာကို သူသိတယ်။ ဒါကြောင့် fast food အရောင်းဆိုင်ဖွင့်ဖို့ သူဆုံးဖြတ်ချက်ချခဲ့ပြီး ဟမ်ဘာဂမ်၊ အာလူးချောင်းကြော်တွေရောင်းတဲ့ ဒီစားသောက်ဆိုင်ပိုင်ရှင် McDonald ညီအစ်ကိုဆီကနေ ဆိုင်နဲ့ မူပိုင်ခွင့်အားလုံးကို သူဝယ်ယူလိုက်တယ်။
ဝယ်ယူပြီးချင်း ဒုတိယဆိုင်ခွဲတစ်ဆိုင်ဖွင့်ဖို့ သူဆုံးဖြတ်လိုက်တယ်။ နောက်တစ်နေ့မှာပဲ McDonald ညီအစ်ကိုနဲ့တိုင်ပင်ခဲ့တယ်။ McDonald ညီအစ်ကိုကလည်း သူ့ကို တစ်နိုင်ငံလုံးမှာ ဆိုင်ခွဲတွေဖွင့်ခွင့်မူပိုင်ကို ပေးလိုက်ပြန်တယ်။ ဒါပေမယ့် တောင်းဆိုမှုတင်းကျပ်ခဲ့တယ်။ ဆိုင်ခွဲတွေဆီက ရောင်းရနှုန်း ၁.၉%က ဝန်ဆောင်ခအဖြစ်သတ်မှတ်မယ်။ အဲဒီထဲက ၁.၄%ကသာ Raymond Kroc အတွက်ဖြစ်ပြီး ဝ.၅%က McDonald ညီအစ်ကအတွက်လို့ ဆိုခဲ့တယ်။ လုပ်လိုစိတ်ပြင်းပြနေတဲ့ Raymond Kroc က ဒီတောင်းဆိုချက်ကို လက်ခံလိုက်တယ်။
၁၉၅၅ခုနှစ် မတ်လမှာ Raymond Kroc ဦးစီးတဲ့ McDonald's ကုမ္ပဏီ တရားဝင်ပေါ်ထွက်လာခဲ့ပြီး အဲဒီနှစ် ဧပြီလမှာပဲ ပထမဆုံးဆိုင်ခွဲကို Des Plaines, Illinois မှာ ဖွင့်လှစ်ခဲ့တယ်။ စက်တင်တာလမှာ ဒုတိယဆိုင်ခွဲကို ကယ်ရီဖိုးနီးယားပြည်နယ် Fresnoမြို့မှာ ဖွင့်လှစ်နိုင်ခဲ့တယ်။
အဲဒီမှတဆင့် နောက်သုံးလအကြာမှာ တတိယဆိုင်ခွဲကို ဖွင့်လှစ်နိုင်ခဲ့ပြန်တယ်။ အရောင်းဝန်ထမ်းဘဝကလာတဲ့ Raymond Kroc ဟာ သူ့ရဲ့အရောင်းပါရမီနဲ့ ဆိုင်ခွဲတွေ တစ်ဆိုင်ပြီးတစ်ဆိုင် ဖွင့်လှစ်ခဲ့တယ်။ ၁၉၆ဝခုနှစ်မှာ McDonald's ဆိုင်ခွဲပေါင်း ၂၂၈ရှိနေခဲ့ပြီး ရောင်းရငွေပေါင်း ဒေါ်လာ၃၇သန်းကျော်ခဲ့တယ်။ ဆိုင်ခွဲပေါင်းများလေ McDonald ညီအစ်ကို ခွဲဝေရတဲ့ငွေကများလေ ဖြစ်တာကြောင့် Raymond Krocဟာ နဂိုရေးဆွဲထားတဲ့ စည်းကမ်းချက်တချို့ကို မပြင်မရ ပြင်ဆင်ဖို့ တောင်းဆိုခဲ့တယ်။ ဒီကြားထဲမှာလည်း စည်းကမ်းချက်အသေးစားတွေကို မကြာခဏပြင်ဆင်ခဲ့ပြီးဖြစ်တယ်။ McDonald ညီအစ်ကိုရဲ့ တင်းကျပ်တဲ့စည်းကမ်းချက်တချို့က McDonald’sရဲ့ ဖွံ့ဖြိုးစခြေလှမ်းကို တားဆီးနှောင့်ယှက်သလို ဖြစ်နေခဲ့တယ်။
“McDonald’s ကို အပြတ်ဝယ်ရမယ်”လို့ Raymond Kroc စိတ်ထဲ သံဓိဌာန်ချခဲ့တယ်။ ၁၉၆၁ခုနှစ်မှာ တိုင်ပင်ဆွေးနွေးမှုတွေပြုလုပ်ပြီးနောက် McDonaldညီအစ်ကိုက McDonald’s ပိုင်ဆိုင်ခွင့်ကိုလွဲအပ်မယ်လို့ သဘောတူခဲ့တယ်။ ဒါပေမယ့် သူတို့ပြောတဲ့ဈေးနှုန်းက အဆမတန်ပါပဲ။ ဒေါ်လာ ၂၇သိန်းနဲ့ သူတို့ဈေးခေါ်ခဲ့ပါတယ်။ အဲဒီငွေတွေကို McDonaldညီအစ်ကိုက တစ်ယောက်၁ဝသိန်းစီခွဲဝေပြီး အခွန်ငွေ ၇သိန်းဖြစ်တာကြောင့် ငွေသားပဲပေးဖို့ ပြောခဲ့ပါတယ်။ သူတို့ရဲ့တောင်းဆိုမှုကို Raymond Kroc ဒေါသဖြစ်ခဲ့ပေမယ့် ဖုန်းချပြီး စိတ်ကိုတည်ငြိမ်အောင် သူအရင်ကြိုးစားခဲ့တယ်။ ဒီလောက်များတဲ့ငွေကြေး သူ့ဆီမှာမရှိမှန်း သူတို့သိတယ်။ ဈေးကိုအဆမတန်ခေါ်တာကြောင့် Raymond Kroc ကို ပိုင်ဆိုင်ခွင့်မပေးချင်မှန်း သိသာနေခဲ့ပါတယ်။
ဒါပေမယ့် Raymond Kroc က ဒါကို အဖန်တလဲလဲ စဉ်းစားတွေးတောပြီး McDonaldညီအစ်ရဲ့တောင်းဆိုချက်ကို လိုက်လျောခဲ့တယ်။ Raymond Kroc က သူ့အတွင်းရေးမှူးနဲ့ အကြံအမျိုးမျိုးထုတ်ပြီး နောက်ဆုံးမှာ ချေးယူငွေနဲ့ McDonald’s ကုမ္ပဏီရဲ့ ဆိုင်းပုတ်နာမည်၊ အမှတ်တံဆိပ်၊ မူပိုင်ခွင့်နဲ့ အစာချက်နည်းလုပ်နည်းအားလုံးကို ဝယ်ယူခဲ့တယ်။ ဒီကနေ့မှာ အမေရိကန်နိုင်ငံရှိ McDonald’sဆိုင်အားလုံးက Raymond Kroc နာမည်အောက်မှာရှိနေခဲ့တယ်။ ကုမ္ပဏီနာမည်ကသာ McDonald’s ဖြစ်နေပေမယ့် McDonald ညီအစ်ကိုနဲ့ ဘာမှမဆိုင်ခဲ့တော့ပါဘူး။
ဒီ Fast foodလုပ်ငန်းကို Raymond Kroc စလုပ်ကိုင်ချိန်မှာ မိသားစုနဲ့ အပေါင်းအသင်း မိတ်ဆွေတွေရဲ့ ကန့်ကွက်တားမြစ်တာကို ခံခဲ့ရတယ်။ အသက် ၅ဝကျော်နေပြီဖြစ်တဲ့သူ့ကို စိတ်ကူးမလွဲဖို့ အမျိုးမျိုး တားမြစ်ခဲ့ကြတယ်။ ဒါပေမယ့် အဲဒီတားမြစ်ကန့်ကွက်မှုအောက်မှာ Raymond Kroc မတွန့်ဆုတ်ခဲ့ဘူး။ ဆုံးဖြတ်ချက်ချခဲ့တဲ့အတိုင်း မဖြစ်မနေ သူလုပ်ကိုင်ခဲ့တယ်။ ဆုံးဖြတ်ချက်ချပြီး မလုပ်ဘဲနေရင်လည်း ဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုတာ သူသိတယ်။ ဆုံးဖြတ်ချက်အတိုင်း အရင်လုပ်မယ်.. ဖြစ်မဖြစ်၊ အောင်မြင်မအောင်မြင်တာက နောက်မှ၊ အဓိက,က လုပ်ဆောင်မှု၊ လှုပ်ရှားမှုလိုတယ်လို့ သူထင်တယ်။
ဒါကြောင့် McDonald’sဆိုင်တစ်ဆိုင်ကို သူအရင်းစတည်ပြီးလုပ်ခဲ့တယ်။ ၁ဝနှစ်အကြာမှာ ဆိုင်ဆွဲပေါင်းများစွာနဲ့ သူအောင်မြင်ခဲ့တယ်။ အခုချိန်မှာ McDonald’s ဟာ တစ်ကမ္ဘာလုံးမှာ ဆိုင်ခွဲပေါင်းများစွာနဲ့ ဖြန့်ကျက်အောင်မြင်နေခဲ့ပြီဖြစ်ပါတယ်။
ဆုံးဖြတ်ချက်ချပြီးတာနဲ့ စတင်လုပ်ဆောင်ဖို့လိုပါတယ်။ အချိန်ဆွဲနေရင် ပျင်းရိတာ၊ သံသယဝင်တာ၊ သိမ်ငယ်တာ၊ ကြောက်ရွံ့တာစတဲ့ အပျက်ဆောင်စိတ်တွေ ဝင်လာတတ်လို့ပါပဲ။ လက်တွေ့လုပ်ဆောင်ရင် သတ္တိရှိတာ၊ မိမိကိုယ်ကိုယ်ယုံကြည်စိတ်တိုးတာ၊ တွေးတောဖန်တီးတာ.. စတဲ့ အပြုဆောင်စိတ်တွေ ဝင်လာတတ်ပါတယ်။
လူအများက အချိန်ဆွဲတတ်ကြပါတယ်။ ဒီလိုအချိန်ဆွဲသူတွေက ဘာလုပ်လုပ် ကောင်းအောင်မလုပ်တတ်တာ မဟုတ်ဘဲ ကောင်းကောင်းမလုပ်တာပဲဖြစ်တယ်။ ဒါဟာ ကျရှုံးဖို့ အကျင့်ဆိုးဖြစ်တယ်။ ဆုံးဖြတ်ချက်ချပြီး လက်တွေ့မလုပ်ဆောင်ရင်လည်း ဘာအကျိုးရလဒ်မှရမှာ မဟုတ်ပါဘူး။ ချက်ချင်းထလုပ်တာက အကျင့်တစ်ခုပါ။ စိတ်နေသဘောထားတစ်ခုပါ။ အောင်မြင်သူတို့ လက်ကိုင်ထားတဲ့ အရည်အချင်းတစ်ခုပါ။
အလုပ်တစ်ခုကို အချိန်ဆွဲရင် မနက်ဖြန်ပေါင်းများစွာကို သင်အချိန်ဆွဲမိပါလိမ့်မယ်။ စတင်လုပ်ဆောင်ပြီဆိုရင်တော့ အဆုံးထိ သင်လုပ်ဆောင်ချင်စိတ်ဖြစ်ပါတယ်။ ဒါကြောင့် စလုပ်ဆောင်ပြီဆိုတာနဲ့ အောင်မြင်ဖို့ သင်တစ်ပိုင်းသေချာသွားပါပြီ။ စစချင်း ခြေတစ်လှမ်းကို သင်စလှမ်းလိုက်ပြီဆိုတာက နောက်ကခြေလှမ်းတွေက အလိုလိုလိုက်ပါလာပါတယ်။ သတ္တိရှိတဲ့ပထမခြေလှမ်းကို သင်စလှမ်းရဲဖို့ပဲလိုပါတယ်။
"ထင်ရှားသူတို့၏ ဘဝပုံပြင်" စာအုပ်မှ
စိတ်ကူးအိပ်မက်ဆိုတာ လူတစ်ယောက်ရဲ့ကိုးကွယ်ယုံကြည်မှုဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ လှုံ့ဆော်အားဖြစ်ပါတယ်။ လူ့ဘဝလမ်းက အရာရာချောမွတ်နေမှာ မဟုတ်ပါဘူး။ အနည်းအများ ဆူးညောင့်ခလုတ်တွေနဲ့ ကြုံတွေ့မှာပါပဲ။ လောကမှာ သန်မာသူနဲ့ပျော့ညံ့သူဆိုပြီး ကွဲပြားသွားတာဟာ သန်မာသူက ဘဝရဲ့စိန်ခေါ်မှုတွေကို တောင့်ခံပြီး “ငါ ဘယ်တော့မှ အရှုံးမပေးဘူး”လို့ ဟစ်ကြွေးလို့ဖြစ်တယ်။ ပျော့ညံ့သူကတော့ “ထားလိုက်ပါ.. ကံတရားပဲ.. ဒီဒဏ်တွေ ငါမခံနိုင်ဘူး”လို့ဆိုပါတယ်။
ဘဝကို ဘယ်တော့မှ အရှုံးမပေးတာဟာ ယုံကြည်မှုတစ်ခုပါ၊ တင်းခံတဲ့ တောင်းဆိုမှုတစ်ခုပါ။ မိမိကိုယ်ကိုယ်ယုံကြည်မှုလည်းဖြစ်ပါတယ်။ ကျန်းမာသူတစ်ဦးက “ငါ့မှာ ကျန်းမာတဲ့ခန္ဓာကိုယ်ရှိတယ်၊ ပျော်ရွှင်ခြင်းရှိတယ်”လို့ ပြောနိုင်သလို မသန်စွမ်းသူတစ်ဦးကလည်း “ငါ နှလုံးခုန်နေသေးသရွေ့ ငါ့ဘဝကို ငါလက်မလွှတ်ဘူး”လို့ ဂုဏ်ယူစွာပြောနိုင်ပါတယ်။ လက်လွှတ်မယ်၊ အရှုံးပေးမယ်လို့ သင်စဉ်းစားတဲ့အခါ နေမင်းတစ်ပတ်လှည့်လာပြီ၊ ငါ့ဆီရောက်ဖို့ သိပ်မဝေးတော့ဘူးလို့ တွေးလိုက်ကြည့်ပါ။ ဒီအချိန်မှာ လက်လွှတ်ရင် အောင်မြင်ခြင်းဆီ သင်ဘယ်တော့မှ အရောက်လှမ်းနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ရည်ရွယ်ရာပန်းတိုင်တစ်ခုရှိပြီဆိုရင် အဲဒီပန်းတိုင်ဆီအရောက်လှမ်းဖို့ ကိုယ့်ကိုယ်ကိုအားပေးတတ်ပါစေ။
နိုင်းနိုင်းစနေ






