တစ်ခါတော့ ကလေးတွေကို ထိန်းကျောင်းတဲ့နေရာမှာ နာမည်ကြီးတဲ့ ဆရာကြီးတစ်ယောက်ဆီကို ကလေးလေးတစ်ယောက် စာတစ်စောင်နဲ့ရောက်လာတယ်။
စာထဲမှာပါတာကတော့ " ကျွန်မ သမီးလေးမှာ မကောင်းတဲ့ အကျင့်ဆိုးလေးတွေ ရှိပါတယ်။ သူက အဲဒါကို မကောင်းမှန်းလဲ သိပါတယ်။ဒါပေမယ့် ပြောလို့မရဘူး ဆရာကြီး ကူညီပါ "
စာကို ဖတ်ပြီးတာနဲ့ ဆရာကြီးက လွှင့်ပြစ်လိုက်တယ်။ ပြီးတော့ ကောင်မလေးကို
သူ့အိမ်နောက်ဖေးက ပန်းခြံလေးထဲကို ခေါ်သွားတယ်။ကောင်မလေးက အသက် ၁၂
နှစ်နီးပါးလောက်ရှိပြီ
ပထမဆုံး ဆရာကြီးက မြက်ပင်လေးတစ်ပင်ကို
ပြတယ်။ အဲဒီအပင်ကို အမြစ်ကနေ ဆွဲနှုတ်လိုက်လို့ပြောတယ်။ ကောင်မလေးကတော့
အေးဆေးပဲ လက်နှစ်ချောင်းနဲ့ ဆွဲနှုတ်လိုက်တယ်။
နောက်တော့ ဆရာကြီးက ပန်းပင်လေး တစ်ပင်ကို ပြတယ်။ ဆွဲနှုတ်ခိုင်းတယ်။ ကောင်မလေးက လက်ငါးချောင်းနဲ့ ဆွဲနှုတ်လိုက်တယ်။
နောက်တော့ ဆရာကြီးက ပန်းချုံတစ်ခုကို ဆွဲနှုတ်ခိုင်းတယ်။ ကောင်မလေးက
လက်နှစ်ဖက်နဲ့ အားကုန်သုံးပြီးဆွဲနှုတ်တယ်။ တစ်ခါနဲ့မရဘူး။ နောက်ဆုံးတော့
အမြစ်ကနေကျွတ်သွားတယ်။
နောက်ဆုံးတော့ ဆရာကြီးက ခြံထောင့်က
သစ်ပင်ကြီးတစ်ပင်ကို အမြစ်ကနေဆွဲနှုတ်ခိုင်းတယ်။ ကောင်မလေးကတော့
မဖြစ်နိုင်ဘူး ဒီသစ်ပင်ကြီးကို ဘယ်လိုနှုတ်ရမှာလဲပေါ့။
ဆရာကြီးက "
အေး မကောင်းတဲ့ အကျင့်ဆိုတာလဲ အဲလိုပဲ ငယ်ရွယ်စဉ်မှာ ပြုပြင်ရန်
လွယ်ကူပေမယ့် ကြီးလာရင်တော့ အပင်ကြီးလို ပြုပြင်ဖို့ခက်သွားလိမ့်မယ်။
တကယ်လို့ ကိုယ်လုပ်နေတဲ့အပြုတစ်ခုဟာ မကောင်းဘူးဆိုတာကို သိရင်
မြက်ပင်လောက်ကတည်းက ရှင်းထားသင့်တယ်။ အဲဒီလိုမလုပ်ဘဲ
အပင်ကြီးဖြစ်တဲ့အချိန်မှ ပြန်ပြင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာတစ်ခုပဲ "
ကောင်မလေးလဲ အသိတရားရသွားတယ်။ ပြီးတော့ အိမ်ပြန်သွားတယ်။
တစ်ပါတ်လောက်ကြာတဲ့အခါမှာ ဆရာကြီးဆီ စာတစ်စောင်ရောက်လာတယ်။လက်ရေးကတော့
ကလေးလက်ရေးပါ။ ရေးထားတာက " ဆရာကြီး သမီး မြက်ပင်လေးကို အမြစ်က
နှုတ်လိုက်ပါပြီ " တဲ့။
သူပြုံးလိုက်တယ်
မောင်စိုင်း





