11/05/2014

ဆွစ်ဇာလန်ရိုးရာ လက်ထပ်မင်္ဂလာပွဲ

ဆွစ်ဇာလန်နိုင်ငံသည် ထူးခြားဆန်းပြားသော သဘာဝတို့ ဖြင့် romantic ဆန်ဆန်လှပသော နိုင်ငံဖြစ်ပါသည်။ ထိုနိုင်ငံတွင် မင်္ဂ လာပါတီပွဲများကျင်းပရန်ခန်းမများစွာ ရှိသော်လဲ၊ ရှေး ၁၆-ရာစုနှစ်ကလိုပင် ယနေ့ ထက်တိုင် ဘုရားကျောင်းတွင် ဧည့်ခံခြင်းက ပေါ်ပြူလာဖြစ်လို့ နေပါသည်။ ဧည့်ခံပွဲများကို နေ့ လည်ပိုင်းများတွင်သာလုပ်လေ့ရှိ၏။ ထိုနိုင်ငံ၏ အစဉ်အလာအတိုင်း၊ မင်္ဂလာပွဲ တွင် ဂီတပဒေသာ၊ ပြဇာတ်တိုများဖြင့် ဧည့်ခံလေ့ရှိပြီး၊ ဧည့်ပရိတ်သတ်များကလည်း မင်္ဂလာမောင်နှံကို သီချင်းလက်ဆောင်၊ ကဗျာလက်ဆောင်များဖြင့် ကိုယ်တိုင်သီကုံးရေးဖွဲ့ ချီးမြှင့်ကြပါသည်။
သူငယ်ချင်း တစ်စုကလည်း ရိုးရာအစဉ်အလာအတိုင်း၊ သတို့ သမီး ကိုပြန်ပေးဆွဲခြင်းက ပျော်စရာလေးပါ။

အပျိုစင်ဘ၀ကို ကိုယ်စားပြုသည့် သဘောဆောင်သော သရဖူ (သို့ မဟုတ်) ခေါင်းမြီးခြုံဇာပါးပ၀ါ ကိုခြုံလေ့ရှိပြီး၊ မင်္ဂလာသန္နိဌာန် ဖလှယ်ပြီးနောက်မှာတော့ ထို သရဖူ (သို့ မဟုတ်) ခေါင်းမြီးခြုံဇာပ၀ါပါးကို မီးရှို့ ရပါသည်။ သရဖူအမြန်လောင်ကျွမ်းခြင်းက သတို့ သမီးကို ကံကောင်းစေတဲ့အတိတ်နမိတ်ဟု ဆိုပါသည်။ ဟိုးရှေးရှေး ကာလများတွင် ပျော်ရွှင်ကံကောင်းခြင်း အထိမ်းအမှတ်အဖြစ် သီလရှင်ဆရာကြီးက ဧည့်ပရိတ်သတ်များကို ရောင်စုံလက်ကိုင်ပ၀ါ လေးများ ဝေဌလေ့ရှိပြီး၊ ယခုနောက်ပိုင်းတွင်တော့ သတို့ သမီးအရံကဝေဌပေးပါသည်။ နေအိမ်တွင် ထင်းရှူးပင် စိုက်ကျပြီး၊ ထင်းရှူးပင်က ကံကောင်းခြင်းများစွာနှင့်အတူသားသမီးရတနာများကိုပါ သယ်ဆောင်လာသည်ဟု ယုံကြည်ကြပါသည်။

ဆွစ်ဇာ လန် မင်္ဂလာဧည့်ခံပွဲသည် ဥရောပတိုက်ရှိ လူဂုဏ်တန်မင်္ဂလာပွဲများနှင့် ခပ်ဆင်ဆင်တူပါသည်။ ရှေးယခင်က စေ့စပ် လက်စွပ်ကို ရွှေစင်ဖြင့်ပြုလုပ်ကြသော်လဲ၊ ယနေ့ ခေတ်မှာတော့ စိန်ဖြင့်တန်ဆာ ဆင်ကြပါသည်။ သတို့ သမီးများသည် ၀ိတိရိယဘုရင်မကြီး ၏ လက်ထပ်မင်္ဂလာဝတ်စုံကို အတူယူကာ ၀တ်ဆင်လေ့ရှိကြပြီး၊ ယခုနောက်ပိုင်းတွင် အဖြူရောင်ထက်၊ ပြာလဲ့လဲ့အရောင်က ရေပန်းစားလို့ နေပါသည်။

ဆွစ်ဇာလန်လူမျိုးတို့ သည် ကျွေးမွေးဧည့်ခံရာတွင် လက်တွန့် လေ့မရှိဘဲ တန်ဘိုးကြီး ဟင်းလျာအမျိုး ပေါင်း ၂၀-ကျော်ဖြင့် အလျှံပယ်ဧည့်ခံကြပါသည်။ မင်္ဂလာပွဲများတွင် “Zopf” (ခေါ်) ဆံပင်အခွေအလိပ်ပုံစံ ဆွစ်ဇာလန် ရိုးရာ ပေါင်မုန့်  ကတော့ မပါလျှင်မပြီးချေ။ Gemelli ပါစတာ၊ အလွန်နူးညံ့သော အမဲသားနှင့်ဝက်သား တို့ ကို အသားအချပ် လွှာများ လှီးဖြတ်ပြီးပေါင်မုန့် ၊ဆော့စ်တို့ ဖြင့်တွဲဖက်ထားသောဟင်းလျာ၊ အခွဲနွှာပြီးကြပ်တင်ထားသောပုစွန်ထုပ် ကို Cocktail sauce ဖြင့် တွဲဖက်ထားသောဟင်းလျာ၊ ချိစ်ကရင်မ်ထဲ့၍ မီးအေးအေးဖြင့် အရိုးနူးအောင်ပေါင်းထားသော ပစိဖိတ်ဆယ်မွန်ငါး ဟင်းလျာ၊ ကြက်သားသုပ်၊ Hibachi ကြက်သားလိပ်ကြော်၊ အသားလုံးကြော်၊ ထရောက်ငါးကြွတ်ကြော်၊ တန်ဘိုးကြီးဟင်းရွက်စုံကြော် ၊ “raviolis” (ခေါ်) ပုစွန်ထုပ်အသား နှင့်ဒိန်ခဲတို့ ကိုဂျုံမုန့် ညက်ဖြင့်လုပ်ထားသောဖက်ထုပ်ခေါက်ဆွဲ၊ တူနာငါးကင်၊ ခုံးကောင် တို့ ဖြင့် အဆာသွပ်ထားသော ၀က်ပေါင်ခြောက်ဟင်းလျာ၊ Crackers မုန့် နှင့်ချိစ်အစုံ၊ ဂဏန်းပေါင်းမှိုဟင်းလျာ၊ ကညွတ်ကို ဆီ၊ ၀ိုင်၊ အမွှေးအကြိုင်တို့ ဖြင့် နှပ်ထားသောဟင်းလျာတို့ ဖြစ်ပြီး၊ အချိုပွဲအဖြစ် အစိမ်းရောင်ခရမ်းချဉ်သီးကြော်၊ ဖရဲသီး၊ စတော် ဘယ်ရီသီး နှင့် ချောကလက်ရည်စိမ်ထားသော ရာသီစာဘယ်ရီသီး တို့ ဖြစ်ကြပါသည်။ ဘီယာနှင့် ၀ိုင်များကလည်း သောက်၍ မကုန်နိုင်ပါ။

 (ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)