9/23/2014

ဘဝကို တွေးတောခြင်း

အသက်၂၃ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ တွေးတောနိုင်တဲ့အတွေးအခေါ် ရှိတာကလွဲလို့ တခြားသူတွေနဲ့ ထူးမခြားနားခဲ့ပါဘူး။ သူဟာ သာမန်မိသားစု၊ သာမန်မိဘ၊ သာမန်ရုပ်ရည်နဲ့ သာမန်တက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားနေခဲ့တယ်။

 လွတ်လပ်တဲ့ တက္ကသိုလ်ကျောင်းသူဘဝက သူရဲ့အတွေးတွေကို လွတ်လွတ်လပ်လပ် တွေးနိုင်ခွင့်ပေးခဲ့တယ်။ သူရဲ့အတွေးထဲမှာ၊ ဦးနှောက်ထဲမှာ အမြဲတမ်း ရာဇဝင်ပုံပြင်တွေသာစိုးမိုးနေခဲ့တယ်။ သူ့ပုံပြင်ထဲမှာ ဂါဝန်ရှည်ဝတ်ထားတဲ့ ချောမောလှပတဲ့မိန်းကလေးတွေ၊ ကောင်းကင်ပြာတွေ၊
မြက်ခင်းစိမ်းတွေ နောက် မှော်ဆရာတွေ၊ စုန်းကဝေတွေနဲ့ ထူးခြားတဲ့ ဇာတ်လမ်းတွေပါတယ်။ စိတ်ကူးရတဲ့ပုံပြင်ဇာတ်လမ်းတွေကို မပျင်းမရိ စာအုပ်ထဲမှာ သူအမြဲချရေးခဲ့တယ်။

တက္ကသိုလ်တက်နေတဲ့အချိန်မှာ သူဟာ ကောင်လေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ခဲ့တယ်။ ကောင်လေးရဲ့အပြုအမူနဲ့ အပြောအဆိုတွေဟာ သူ့စိတ်ကူးပုံပြင်ထဲက ဇာတ်လိုက်အတိုင်းပဲ။ ကောင်လေးကို သူအရမ်းချစ်ခဲ့တယ်။ ဒါပေမဲ့ ကောင်လေးက မဖြစ်နိုင်တဲ့အရာတွေနဲ့ စိတ်ကူးယဉ်နေတဲ့သူ့ကို တဖြည်းဖြည်းစိတ်ပျက်လာခဲ့တယ်။ ကောင်လေးနဲ့ ချိန်းတွေ့တဲ့အချိန်မှာ သူဟာ အတွေးစိတ်ကူးထဲ ချက်ချင်းပေါ်လာတတ်တဲ့ ပုံပြင်တွေကို ကောင်လေးကိုစိတ်ပါလက်ပါ ပြောပြတတ်တယ်။ ဒါပေမဲ့ အဲဒီလို ရာဇဝင်ပုံပြင်တွေကို ကောင်လေးကမခံစားတတ်ခဲ့ဘူး။ “အသက်က ၂၃နှစ်တောင်ရှိပြီ။ ဒါပေမဲ့ နင့်ရဲ့အတွေးအခေါ်တွေက ကလေးတစ်ယောက်လိုပဲ” လို့ပြောပြီး ကောင်လေးက သူ့ကိုပစ်သွားခဲ့တယ်။

အသည်းကွဲတဲ့ဝေဒနာက သူ့ကို တွေးခြင်း၊ ရေးခြင်းမှာ ရပ်တန့်မနေစေခဲ့ပါဘူး။ အသက် ၂၅နှစ်ရောက်တော့ သူလက်ရှိနေထိုင်တဲ့ ပတ်ဝန်းကျင်ကနေပြောင်းဖို့ သူစိတ်ကူးရခဲ့တယ်။ အဲလိုနဲ့ စိတ်ကူးရောင်စုံတွေခြယ်သထားတဲ့ ပေါ်တူဂီကို သူပြောင်းရွေ့လာခဲ့တယ်။ ပေါ်တူဂီမှာ အင်္ဂလိပ်ဆရာမအဖြစ် အသက်မွေးကျောင်းရင်း စာတွေကို သူဆက်လက်ရေးသားခဲ့တယ်။

ငယ်ရွယ်နုပျိုတဲ့သတင်းထောက်တစ်ဦးဟာ သူ့ဘဝထဲကို အလျင်အမြန် ဝင်ရောက်လာခဲ့တယ်။ သူ့ကို ပျော်ရွှင်မှုတွေပေးနိုင်တဲ့ ထက်ထက်မြက်မြက် သတင်းထောက်ကိုသူချစ်မိပြီး မကြာခင်မှာပဲ သူတို့လက်ထပ်လိုက်ကြတယ်။ ဒါပေမယ့် သူ့ရဲ့ဆန်းပြားတဲ့စိတ်ကူးအတွေးက သတင်းထောက်ကို စိတ်ပျက်စေပြန်တယ်။ သတင်းထောက်က တခြားမိန်းကလေးတွေနဲ့
ဖောက်ပြန်လာတယ်။ မကြာပါဘူး... သမီးတစ်ယောက်နဲ့အတူ သတင်းထောက်ဟာ သူ့ကိုထားသွားခဲ့ပြန်တယ်။

ဘဝရဲ့အခါးသက်ဆုံးအချိန်ကို သူကြုံတွေ့နေရတယ်။ ကွာရှင်းပြီး မကြာဘူး၊ ဆရာမအဖြစ်ကရပ်စဲခြင်းကို ခံရပြန်တယ်။ ပေါ်တူဂီမှာ ဆက်လက်ရှင်သန်ဖို့ မဖြစ်နိုင်တော့ သူဟာမွေးရပ်မြေကို ပြန်လာခဲ့တယ်။ အစိုးရထောက်ပံကြေး၊ မိတ်ဆွေတွေရဲ့ပေးကမ်းမှုတွေနဲ့ သူအသက်ဆက်ခဲ့ရတယ်။ ဒါပေမဲ့ ရေးသားခြင်းနဲ့ တွေးတောခြင်းကို သူမရပ်ခဲ့ဘူး။ သူတွေးတောမိတဲ့ ရာဇဝင်ပုံပြင်တွေကို သမီးတစ်ဦးကိုသာပြောပြပြီး သူကျေနပ်နေခဲ့ရတယ်။

တစ်ခါက အင်္ဂလန်မြေအောက်ရထားဘူတာမှာ အေးစက်နေတဲ့ခုံပေါ်ထိုင်ပြီး ရထားအလာကို သူစောင့်နေခဲ့တယ်။ အဲဒီအချိန်မှာ သူ့အတွေးထဲက အလင်းတန်းတချို့ ဖြိုးခနဲဖျတ်ခနဲ ဖြတ်စီးသွားခဲ့တယ်။ အိမ်ပြန်ရောက်ရောက်ချင်း အဲဒီအတွေးတွေကို သူချရေးလိုက်တယ်။ နှစ်ရှည်လကြာတွေးတောခဲ့တဲ့ အတွေးတွေကို သူရပ်တန့်လို့မရခဲ့တော့ပါဘူး။ သူ့ရေးတဲ့ရာဇဝင် ဇာတ်လမ်းရှည်ကို “ဟယ်ရီပေါ်တာ (Harry Potter)”လို့ အမည်ပေးလိုက်တယ်။ အခုလက်ရှိလူနေမှုတွေနဲ့ ဘယ်လိုမှအပ်စပ်လို့မရတဲ့ ဒီစာအုပ်ကို ထုတ်ဝေလိုက်တယ်ဆိုရင်ပဲ ရောင်းအားကတစ်တိုင်းပြည်လုံး ပြန့်နှံ့ခဲ့တယ်။
နောက်တော့ ကမ္ဘာကျော်ပြီး စာအုပ်ရေသန်းကျော်ထိ ထုတ်ဝေခဲ့ရတယ်။ ဒီအောင်မြင်မှုက လူတိုင်းကိုအံ့သြစေခဲ့ပါတယ်။

သူ့ရဲ့နာမည်ကတော့ J. K. Rowling ဖြစ်ပါတယ်။ အင်္ဂလန်မှာ သူဟာ “ အလုပ်အကိုင်နဲ့ဝင်ငွေ အအောင်မြင်ဆုံးအမျိုးသမီး” လို့ တင်စားခံရပြီး အမေရိကန်နာမည်ကြီး မဂ္ဂဇင်းတစ်စောင်ရဲ့ “ ကမ္ဘာ့စွမ်းရည်အာဏာအရှိဆုံး လူအယောက်(၁ဝဝ)”ထဲက နံပါတ် ၂၅ ယောက်မြှောက်ဖြစ်တယ်လို့ ဆိုပါတယ်


 Erised and Desire
______________

ဟယ်ရီပေါ်တာစာအုပ်ကို မူရင်းကော၊ မြန်မာဘာသာပြန်ကော ကျွန်မ မဖတ်ဖူးသလို သူ့ရုပ်ရှင်ကိုလည်း စီးရီးအားလုံး မကြည့်ခဲ့ဖူးပါဘူး။ အခုဖတ်မိတာလေးတစ်ခုက ဟယ်ရီပေါ်တာရဲ့ စာအုပ်တစ်အုပ်မှာ "Erised stra ehru oyt ube cafru oyt on wohsi"ဆိုပြီး စာလုံးထွင်းထားတဲ့ မှော်မှန်တစ်ချပ် ရှိပါသတဲ့။

ဒီစာကို တရုတ်ဘာသာပြန်တွေက စာလုံးအသံထွက်အတိုင်း “ Erised stra.... ”ဆိုပြီး ဘာသာပြန်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ကျိန်စာလိုလို ဂါထာလိုလို ဒီစာကြောင်းမှာ လျှို့ဝှက်ချက်တွေပါတယ်လို့ ဆိုပါတယ်။ ဒါကို ဘာသာပြန်ဆရာတွေက
သေချာဂရုတစိုက်ဘာသာမပြန်ဘဲ မူရင်းစာရေးသူရဲ့အတွေးကို ချန်လှပ်ထားခဲ့ကြတယ်။

Erised ဆိုတဲ့စလုံးက Desireကနေလာတယ်လို့ ဆိုထားပါတယ်။ အဓိပ္ပါယ်က “လိုအင်ဆန္ဒ၊ ရမ္မက်” ဖြစ်တယ်။ Desireစာလုံးကို ရှေ့နောက် ပြောင်းပြန်လှန်ပြီး မှန်ပေါ်မှာ Erised လို့ ထွင်းထားတာဖြစ်ပါတယ်။

"Erised stra ehru oyt ube cafru oyt on wohsi" စာကြောင်းအားလုံးကို ရှေ့နောက် ပြောင်းပြန်လှန်ကြည့်တဲ့အခါ
" Ishow no tyo urfac ebu tyo urhe arts desire" ဆိုပြီး ရပါတယ်။ စာလုံးပေါင်းတွေကို သေချာစီကြည့်တော့ “I show not your face but your hearts desire!” လို့ ရပြန်တယ်။ ဒါကို အဓိပ္ပါယ်ပြန်ရရင် “ကျွန်တော့်(မှော်မှန်) ပေါ်မှာ ခင်ဗျားမျက်နှာကိုပြရုံသာမက ခင်ဗျားအသည်းနှလုံးရဲ့ရမ္မက်ကိုပါ ပြနေပါတယ်” လို့ ဆိုပါတယ်။

ဒါကြောင့် Dumbledore က ဟယ်ရီပေါ်တာကို “ ကမ္ဘာပေါ်က အပျော်ဆုံးလူသားသာလျှင် ဒီမှော်မှန်ကို သာမန်မှန်အဖြစ် အသုံးပြုနိုင်မယ်” လို့ ပြောခဲ့တယ်။

လှပတဲ့ကိုယ့်အပြင်ပန်းသဏ္ဍာန်ကို မှန်ထဲကြည့်တတ်ကြသလို ရမ္မက်လောဘကင်းတဲ့ ကိုယ့်အသဲနှလုံးကိုလည်း မှန်ထဲ မြင်တတ်ကြဖို့ဖြစ်ပါတယ်။

*** တင်ပြီးသားပါပဲ...
မဖတ်ခဲ့ဖူးတဲ့.. ဟယ်ရီပေါ်တာကို နှစ်သက်စွဲလမ်းကြသူတွေဖတ်ဖို့ ထပ်တင်ပါတယ်။


 နိုင်းနိုင်းစနေ Tuesday, July 03, 2007