8/18/2014

ကိုယ်ဝန်ဆောင်မိခင်များ ညအချိန်တွင်ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေမည့် နည်းလမ်းကောင်းများ

ကိုယ်ဝန်ဆောင်ချိန်တွင် မိခင်လောင်းတိုင်းမဖြစ်မနေကြုံတွေ့ရမည့်ဒုက္ခကတော့ ကောင်းမွန်စွာ အိပ်မပျော်ခြင်းပါပဲ။ထိုသို့ဖြစ်ရတဲ့အကြောင်းတွေကတော့ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဖိစီးမူများခြင်း၊ ဟော်မုန်းအပြောင်းအလဲဖြစ်ပေါ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲဖြစ်ပေါ်မူတွေကြောင့်သက်တောင့်သက်သာမရှိခြင်း တွေကြောင့်အဓိကဖြစ်ပါသည်။ ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ အဆင်ပြေစွာ အိပ်စက်ဖို့ ပိုမိုခက်ခဲလာကြပါတယ်။ တစ်ညတည်းတွင်ပင် အကြိမ်ကြိမ် နိုးထကာ အပေါ့သွားတတ်ကြပါတယ်။ ထို့အတူ ခြေထောက်ကြွက်တက်ခြင်း၊ ရင်ပူခြင်း တွေဖြစ်စေပြီး အိပ်ရေးပျက်ခြင်းကြောင့် အားအင်ကုန်ခမ်းစေနိုင်ပါသည်
အောက်ပါအချက်အလက်များကတော့မိခင်လောင်းများ နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ရန်အတွက် အထောက်အပံ့ဖြစ်စေနိုင်တဲ့နည်းလမ်းကောင်းများဖြစ်ပါသည်။

( ၁ ) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
လမ်းလျှောက်ခြင်း၊ ယောဂ၊ ရေကူးခြင်းများကဲ့ သိုသော အပေါ့စားလေ့ကျင့်ခန်းများကို တစ်ရက် မိနစ် ၃၀ ခန့်ပြုလုပ်ပေးခြင်းဖြင့် ပိုမိုအိပ်ပျော်စေနိုင်ပါတယ်။ အားကစားလုပ်ခြင်းဖြင့် သွေးလည်ပါတ်မှုကိုပိုမိုကောင်းမွန်စေပြီး ညအခါ ကြွက်တက်ခြင်းကို လျှော့ကျစေပါသည်။
ဒါပေမယ် အားကစားလုပ်ပြီးချိန်တွင် လူကိုလန်းဆန်းတက်ကြွစေသဖြင့် အိပ်ချိန်နှင့်ကပ်ပြီးအားကစားလုပ်ပါက အိပ်ချိန်ရောက်သော်လည်း ချက်ခြင်းအိပ်မပျော်ခြင်းကိုဖြစ်စေနိုင်ပါသည်။

( ၂ ) ည ၇နာရီ ကျော်ပြီးချိန်များတွင် အရည်ကိုလျှော့သောက်ပါ။
နေ့အချိန်တွင် အရည်များများသောက်သင့်ပြီး ညနေဖက်တွင် အရည်များကိုလျှော့သောက်ခြင့်ဖြင့် ညအခါအပေါ့သွားသည့်အကြိမ်ကို လျှော့ချနိုင်ပြီး အိပ်ရေးပျက်ခြင်းကို သက်သာစေနိုင်ပါသည်။

( ၃ ) ကျန်းမာစွာ စားပါ။
တစ်နေ့တာအစားအသောက်ကို ဆင်ခြင်စွာစားသောက်ပါ။ အစပ်လျှော့စားပါ၊ဆီကြော်စာများကို ရှောင်ကျဉ်ပါ၊ ကဖင်းဓါတ်ပါသောအစားအသောက်များကိုဖြတ်ပါ။ အရက်ဆေးလိပ်မသောက်ပါနှင့်။ အစာကိုမျှတစွာစားသုံးပေးခြင်းဖြင့် အဟာရပြည့်ဝကာ ကျေနပ်မှုရရှိပြီး ညအခါပိုမို အိပ်ပျော်စေရန်အထောက်အကူဖြစ်ပါသည်။ အကြိမ်နည်းနည်းနှင့်များများစားသောက်ခြင်းထက် အကြိမ်းများများတွင် နည်းနည်းစီ စားသောက်သင့်သည်။ ညအိပ်ခါနီး ငှက်ပျောသီး စားသုံးပါ၊ ငှက်ပျောသီး ဟာ သဘာဝအကောင်းဆုံး အိပ်ဆေးတစ်ခုဖြစ်ပါသည်။

( ၄ ) ခေါင်းအုံးလုံလောက်စွာဆောင်ထားပါ။
သက်သောင့်သက်သာပုံစံဖြင့်အိပ်စက်နိုင်ရန် လုံလောက်သော ခေါင်းအုံးများအသုံးပြုပါ။ ရင်ပူခြင်း၊ အော့အန်ချင်စိတ်ဖြစ်ပေါ်ပါက ခေါင်းအုံးများအသုံးပြုကာ ကိုယ်ခန္ဓာအပေါ်ပိုင်းအား ခုပြီး မြင့်တက်အောင်ထားခြင်းဖြင့်သက်သောင့်သက်သာဖြစ်စေနိုင်ပါသည်။ ခြေထောက်နှစ်ချောင်းကြား၊ ကြောအနောက်ဖက်ခြမ်းနှင့် ၀မ်းဗိုက်အောက်တို့တွင်ခေါင်းအုံးခုခြင်းဖြင့် လည်း ခန္ဓာကိုယ်၏ဖိအားကြောင့် ကိုက်ခဲခြင်းများကိုသက်သာစေကာ နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ပါသည်။ ခေါင်းအုံးများအစား ကိုယ်ခန္ဒာတစ်ခုလုံးအသုံးပြုနိုင်သော ကိုယ်ဝန်ဆောင်ခေါင်းအုံးများလည်းအသုံးပြုနိုင်သည်။

( ၅ ) ဘေးတစောင်းအိပ်ပါ။
အထူးသဖြင့်ကိုယ်ဝန် အပါတ်၂၀ မှစတင်ကာ ဘယ်ဖက်သို့စောင်းအိပ်ခြင်းဖြင့် ကျောက်ကပ်၊ အချင်း နှင့် ကလေးငယ်ထံ သွေးလည်ပါတ်မှုကိုပိုမိုအားကောင်းစေပါသည်။ ဒါပေမယ့်တစ်ညလုံး ပုံစံတစ်မျိုးတည်းအိပ်ဖို့တော့မဖြစ်နိုင်ပါ။ ထို့ အတွက်ကြောင် ညာဘက်သို့လည်း ခဏပြန်စောင်းအိပ်နိုင်ပါသည်။ ဒါပေမယ့် ပက်လက်လှန်အိပ်ခြင်းကိုတော့ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ ရှောင်ကျဉ်နိုင်သလောက် ရှောင်ကျဉ်သင့်သည်။ ထို့အပြင်ရေနွေးအိပ်ကိုလည်း လိုအပ်သလိုအသုံးပြုနိုင်ရန် အဆင်သင့်ဆောင်ထားသင့်သည်။

( ၆ ) ညနေအချိန်အခါတိုင်းကိုသက်သောင့်သက်သာရှိစွာဖြတ်ကျော်ပါ
ညနေစာ စားသုံးပြီးချိန်မှစတင်ကာ ကဖင်းဓါတ်မပါဝင်တဲ့အရည်ပူပူ၊ နို့ပူပူတစ်ခွက်နှင့် စာရေးခြင်း၊ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ အနိုပ်ခံခြင်း ကဲ့သို့သော စိတ်ဖိစီးမှူကိုလျှော့ကျစေနိုင်သော လုပ်ဆောင်မှုမျိုးကို ဆောင်ရွက်ခြင်းဖြင့် ညအခါပိုမို အိပ်ပျော်စေနိုင်ပါသည်။

( ၇ ) စိတ်ဖိစီးမှု နှင့် အပူအပင် မရှိအောင်နေပါ။
စိတ်ဖိစီးမှုတွေဟာ ညအခါနှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကိုများစွာ အနှောက်အယှက်ဖြစ်စေပါသည်။ အပူအပင်တွေရှိလာတဲ့အခါ မိမိတစ်ယောက်ထဲ ကြိတ်ခံစားခြင်းထက် အကောင်းဆုံးအထောက်အကူပေးနိုင်သော ခင်ပွန်းဖြစ်စေ၊ မိတ်ဆွေဖြစ်စေ၊ ပညာရှင်ဖြစ်စေ အမြန်ဆုံးရှာဖွေပြီး ဖြေရှင်းပါ။ တရားထိုင်ခြင်းဖြင့်လည်း စိတ်ဖိစီးမှုကိုလျှော့ကျစေနိုင်ပါသည်။

( ၈ ) နေ့အချိန်တရေးအိပ်ခြင်း အချိန်ကိုလျှော့ချပါ။
နေ့အခါတရေးအိပ်ခြင်းဟာ ကိုယ်ဝန်ဆောင်မိခင်များအတွက်လိုအပ်ပါသည်။ ဒါပေမယ့် တရေးအိပ်ချိန်ဟာ နာရီပေါင်းများစွာ ကျော်လွန်ပါက ညအခါပုံမှန်အိပ်စက်ခြင်းကို ထိခိုက်စေနိုင်သည့်အတွက် တရေးအိပ်ပါကလည်း မိနစ် ၃၀ ထက်ပိုပြီး မအိပ်မိစေရန်ဂရုစိုက်ပါ။


credit to happy mom