6/27/2014

နော်ဝေးအိမ်ရှေ့မင်းသားရဲ့ ကြင်ရာတော်

မိန်းကလေးတိုင်းက စင်ဒရဲလားဖြစ်ချင်တဲ့ အိပ်မက်မျိုးကို မက်ဖူးကြမယ်ထင်ပါရဲ့။

မွဲပြာခြောက်သွေ့တဲ့ဘဝမှာ ချောမောလှပတဲ့မင်းသားတစ်ပါး ကိုယ့်အနားလျှောက်လာပြီး လက်လက်ထနေတဲ့ဖိနပ်တစ်ရံ ကမ်းပေးလိုက်ချိန် မှော်ဆရာရဲ့ကျိန်စာသင့်နေတဲ့ဘဝက ချက်ချင်းပဲ လင်းလက်လာခဲ့သလိုမျိုး….

အဲဒီလို စင်ဒရဲလားဖြစ်ချင်တဲ့မိန်းကလေးက လှပတဲ့ရုပ်ရည်၊ ကောင်းမွန်တဲ့စရိုက်လက္ခဏာရှိရတယ်၊ အရေးအကြီးဆုံးက ရှေးဘဝမှာ ဘာအကုသိုလ်မှမလုပ်ခဲ့ဘဲ ဒီဘဝမှာ ဖြူစင်တဲ့ပုလဲလေးတစ်လုံးလို မင်းသားရဲ့ရှာဖွေတွေ့ရှိမှုကို စောင့်ဆိုင်းနေရတယ်။

ဒါပေမယ့် ဒါတွေအားလုံးက နော်ဝေးအမျိုးသမီး Mette-Marit မှာ မရှိခဲ့တဲ့အရာတွေပါ။ Mette-Marit က ပြဿနာမိန်းကလေးတစ်ယောက်၊ Party ကြိုက်တဲ့ မိန်းကလေးတစ်ယောက်၊ အိမ်ထောင်မရှိတဲ့ ကလေးအမေတစ်ဦးဖြစ်တယ်။ သူ့ကလေးရဲ့ဖခင် (သူနဲ့မင်္ဂလာမဆောင်ဘဲ အတူနေသူ)က မကြာခဏ မူးယစ်ဆေးဝါးကြောင့် အဖမ်းခံရသူဖြစ်တယ်။ ဒီအချက်တွေအားလုံးက သူရဲ့စင်ဒရဲလားအိပ်မက်ကို ဖြိုဖျက်ပစ်နိုင်လောက်တဲ့ အချက်တွေဖြစ်တယ်။ အိမ်ရှေ့မင်းသားရဲ့ခြေလှမ်းကို ရပ်တန့်ပစ်နိုင်တဲ့ အချက်တွေဖြစ်တယ်။

ဒီအမျိုးသမီး Mette-Marit ရဲ့ဘဝက မွဲပြာခြောက်သွေ့လွန်းလို့ မည်းတောင်မည်းနေခဲ့ပါပြီ။

ရှေးဘဝကံက အခုဘဝကို ပြည့်စုံလှပစေသလား။ ဒါကို Mette-Maritမယုံခဲ့သလို နော်ဝေးအိမ်ရှေ့မင်းသား Haakonလည်း မယုံခဲ့ဘူး။ ဒါပေမယ့် နောက်တစ်ကြိမ် သူတို့ထပ်တွေ့ဆုံချိန်မှာ သူတို့ရဲ့အကြည့်က တစ်ယောက်နားတစ်ယောက်မခွာခဲ့ဘူးဆိုတာကို သူတို့သိလိုက်တယ်။ သူတို့လိုချင်တာက အချစ်ပါ၊ အာဏာ၊ မျိုးရိုးနဲ့လုံးဝမဆိုင်တဲ့ အချစ်ကိုပါ။ ဒါကြောင့် သူတို့ဟာ တစ်သားတည်း နှစ်ယောက်အတူ ခိုင်ခိုင်မာမာ လက်တွဲခဲ့ကြတယ်။

သူတို့ဟာ မျိုးရိုး၊ နောက်ခံ ဘာတစ်ခုမှမတူခဲ့ကြတဲ့ လူနှစ်ဦးဖြစ်ပေမယ့် သူတို့အချင်းချင်း ချစ်ခဲ့ကြပါပြီ။ ဒါကြောင့်လည်း နော်ဝေးရဲ့သတင်းစာပေါ်မှာ “ဒီလိုမတူညီတဲ့ပေါင်းစပ်မှုက မင်္ဂလာဆောင်ပြီဆိုတာထက် လူကို ပိုထူးဆန်းအံ့သြစေပါတယ်”လို့ ရေးသားခဲ့ပါတယ်။
Mette-Maritနဲ့ နော်ဝေးအိမ်ရှေ့မင်းသားHaakonတို့ရဲ့တွေ့ဆုံမှုက ရိုးရိုးလေးပါပဲ။

သာမန်စားသောက်ဆိုင်တစ်ခုမှာပါ။ မင်းသားHaakonချိန်းထားတဲ့မိတ်ဆွေ ရောက်မလာသေးပါဘူး။ ရွှေဝါရောင်ဆံနွှယ်နဲ့ အပြုံးချိုချို စားပွဲထိုးမလေးတစ်ဦးက ကော်ဖီပူပူတစ်ခွက်လာချပေးပြီး “ရှင့်ကို ကျွန်မတွေ့ဖူးတယ်”လို့ ဆိုပါတယ်။

မင်းသားHaakon ရယ်ပါတယ်။

စားပွဲထိုးမလေးက ဆက်ပြီး “လွန်ခဲ့တဲ့ ၃နှစ်က Kristiansand ဂီတပွဲတော်မှာ ကျွန်မနေထိုင်မကောင်းဖြစ်တော့ ရှင့်ကားနဲ့ အိမ်ပြန်ခဲ့တယ်….”

အော်.. သူကိုး… မင်းသားHaakon သတိရလာပါတယ်။ ဒီမိန်းကလေးကို သူမှတ်မိနေခဲ့ပါတယ်။ ဂုဏ်ရှိန်ထည်ဝါတဲ့ ဧည့်သည်တော်တွေကြားမှာ ဒီမိန်းကလေးက ရှန်ပိန်တွေပေးပို့လိုက် သုံးပြီးသားခွက်တွေကို သိမ်းလိုက်နဲ့ လူးလားခေါက်ပြန်နေခဲ့ပါတယ်။ သန့်စင်ခန်းသွားတဲ့ ကော်ရစ်တာမှာ မျက်နှာဖြူဖပ်ဖပ်ဖြစ်နေတဲ့ ဒီမိန်းကလေးကို သူတွေ့ခဲ့တယ်။ မိန်းကလေးကို သူထူပေးလိုက်တယ်။ နဖူးပေါ်မှာ ချွေးစေးတွေပြန်နေတဲ့ မိန်းကလေးကို လူကြီးမင်းဆန်ဆန် "ဘာဖြစ်တာလဲ"လို့ သူမေးလိုက်တယ်။ မိန်းကလေးက အားနာဟန်နဲ့ ခေါင်းမော့ပြီး “ရုတ်တရက် နေထိုင်မကောင်းဖြစ်လို့”လို့ ဖြေတယ်။

ဂီတပွဲကနေ သူလည်းခွာတော့မှာမို့ ကားဆရာကိုခေါ်ပြီး မိန်းကလေးကိုပါ တစ်ပါတည်းလိုက်ပို့ဖြစ်ခဲ့တယ်။

တစ်ခါပဲတွေ့ဆုံတဲ့တွေ့ဆုံမှုက ၃နှစ်ကျော်သွားခဲ့တယ်။

သူမျက်မှောင်ကြုတ်လိုက်တယ်။ မိန်းကလေးရဲ့နာမည်က Metteလို့ခေါ်တယ်ဆိုတာကို သွားသတိရလိုက်မိတယ်။

ကိုယ့်နာမည်ကို ခေါ်တဲ့အသံကြောင့် Mette ထအော်မိမတတ် ဝမ်းသာသွားခဲ့တယ်။

“ဘယ်လိုလုပ်ပြီး ကျွန်မနာမည်ကို မှတ်မိနေပါလိမ့်”

လွန်ခဲ့တဲ့ ၃နှစ်ညမှာ Mette အိမ်ပြန်ရောက်တာနဲ့ ကိုယ့်ကိုယ်ကိုနေထိုင်မကောင်းဖြစ်တာကို ခဏမေ့သွားပြီး သူ့ကိုအိမ်ပြန်ပို့သူဟာ အိမ်ရှေ့မင်းသားHaakon ဖြစ်ကြောင်း ဖခင်ကို ဝမ်းသာအားရပြောပြခဲ့တယ်။

ဖခင်က အနည်းငယ်ဖောင်းနေပြီဖြစ်တဲ့ သမီးရဲ့ဗိုက်ကိုကြည့်ပြီး သက်ပြင်းချခေါင်းခါပါတယ်။ မကြာခင် အိမ်ထောင်မရှိတဲ့ ကလေးအမေတစ်ဦးဖြစ်တော့မယ့် သမီးက ဘာကိုမှ စိုးရိမ်သောကရောက်မနေခဲ့ဘူး။ သူရဲ့အနာဂတ်လမ်း ဘယ်လိုဆက်လျှောက်မလဲ….

ဟုတ်ပါတယ်… အိမ်ရှေ့မင်းသားနဲ့ တစ်ကြိမ်သာဆုံခဲ့တဲ့ရေစက်က ဆိုးဝါးလှတဲ့ Metteရဲ့ဘဝကို ဘာတောက်ပြောင်မှုမှ မပေးခဲ့ပါဘူး။ အဲဒီကာလမှာပဲ သူဟာ Party Girl လုပ်ခဲ့တယ်။ မူးယစ်ဆေးစွဲနေတဲ့ ချစ်သူနဲ့ အတူနေခဲ့တယ်။ ကိုယ်ဝန်ရှိလာတော့ ချစ်သူစွန့်ပစ်တာကို ခံခဲ့ရတယ်။ သူဒီလောက် အားနည်းပျော့ညံ့နေတာတောင် စားပွဲထိုးလုပ်ပြီး ကလေးမွေးဖွားဖို့အတွက် ငွေရှာခဲ့တယ်။

ကြီးပြင်းခြင်းဆိုတာ ဗိုက်ထဲမှာ ကလေးရှိနေပြီဆိုတဲ့ အချိန်ကစတယ်ထင်ပါရဲ့…

၃နှစ်ကာလအတွင်းမှာ သား Matthew ကို သူကိုယ်တိုင်ထိန်းကျောင်း ကျွေးမွေးခဲ့တယ်။ တစ်ချိန်တည်းမှာပဲ Oslo တက္ကသိုလ်ကို တက်ရောက်ဖို့ သူစတင်ခဲ့တယ်။

နှစ်၊ လ၊ ရက်တွေရဲ့တိုက်စားမှုကို ခံခဲ့ပြီးတဲ့နောက်မှာ single motherဖြစ်တဲ့ Metteဟာ တစ်သားမွေး တစ်သွေးလှဆိုသလို ပိုဆွဲဆောင်နှစ်လိုဖွယ်ဖြစ်လာခဲ့တယ်။

အဲဒီညက အိမ်ရှေ့မင်းသားHaakonရဲ့ မိတ်ဆွေရောက်မလာခဲ့ဘူး။ Metteက Haakonကို အဖော်လုပ်ပြီး Kristiansand မြို့လေးရဲ့ စိတ်ဝင်စားစရာတွေကို ပြောဆိုခဲ့ပါတယ်။

စားသောက်ဆိုင်ကအပြန်မှာ နွေဦးရဲ့ပန်းတစ်ပွင့်လို လန်းဆန်းတဲ့မျက်နှာတစ်ခုက Haakonရဲ့ ခေါင်းထဲတဝဲဝဲ လည်နေခဲ့တော့တယ်။

နောက်တစ်နေ့မှာ စားသောက်ဆိုင်ရှေ့ Haakonရောက်လာခဲ့ပြီး Metteကို စောင့်ခဲ့တယ်။

“ခင်ဗျားနဲ့ ချိန်းတွေ့လို့ရမလား”လို့ က Haakonမေးတယ်။

“ရတယ်.. ဒါပေမယ့် ကိစ္စတချို့ကို ရှင်သိထားဖို့လိုတယ်”လို့ Mette ကဆိုတယ်။

အဲဒီနေ့က ကော်ဖီဆိုင်လေးတစ်ခုမှ Metteက Haakonကို သူ့ဘဝဇာတ်ကြောင်းတွေ ပြောပြနေခဲ့တယ်။ သူ ၁၁နှစ်အရွယ်မှာ မိဘတွေအိမ်ထောင်ကွဲတယ်။ ဘော်လီဘောကစားရတာကို သူနှစ်သက်တယ်၊ ကစားသမားဘဝကနေ နည်းပြဖြစ်တဲ့အထိ သူကစားခဲ့တယ်။ သူ တက္ကသိုလ်မတက်ခဲ့ဖူးဘူး။ Party Girl ဘဝနဲ့ နေ့ညပြောင်းပြန် သူရူးမိုက်ခဲ့ဖူးတယ်။ ဆေးသမားတစ်ယောက်နဲ့ အတူနေခဲ့ဖူးတယ်။ အိမ်ထောင်မကျဘဲ ကလေးတစ်ယောက် မွေးခဲ့တယ်…..

Haakonက Metteရဲ့ လက်ကိုဆွဲကိုင်ပြီး “ပြောသွားပြောလာလည်း အဲဒီ ပိုးထိုးတဲ့အကြောင်းတွေပဲလား”လို့ ပြောတယ်။

Metteရဲ့မျက်လုံးတွေ အရောင်မှိန်ကျသွားပြီး “ကျွန်မ ဘာတွေဖြစ်ပျက်ခဲ့ဖူးတယ်ဆိုတာကို ရှင်သိထားဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် ကျွန်မတို့ နစ်သထက်နစ်ပြီး ပြန်ရုန်းထွက်တဲ့အချိန်မှာ ရှင်ရော၊ ကျွန်မရော ပိုကြေကွဲထိခိုက်ကြလိမ့်မယ်”

အိမ်ရှေ့မင်းသား Haakonက ဒီသူ့မျက်စိရှေ့က မိန်းကလေးဟာ လှပရုံတင်မက အသိဉာဏ်လည်းရှိတယ်လို့ တွေးလိုက်တယ်။

“အရင်တုန်းက ခင်ဗျားဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်တော်မမေးဘူး။ အနာဂတ်ကိုပဲ ခင်ဗျားနဲ့အတူ ကျွန်တော်လျှောက်လှမ်းချင်တယ်”

ဒါဟာ အကောင်းဆုံး မေတ္တာစကားတစ်ခွန်းပဲဖြစ်တယ်။ အဲဒီစကားကို Metteမျက်ရည်ဝိုင်းဝိုင်းလေးနဲ့ ရင်ထဲထည့်သိမ်းထားလိုက်တယ်။ တကယ်လို့ မင်းသားနဲ့သူတွေ့ဆုံချိန်မှာ သူသာ စက္ကူတစ်ရွက်လို ဖြူစင်နေခဲ့ရင် ဘယ်လောက်ကောင်းလိမ့်မလဲလို့ သူနောင်တမရခဲ့တော့ပါဘူး။

အတိတ်ကိုပြောင်းလဲလို့ မရနိုင်တော့ရင် အခုလက်ရှိကိုပဲ ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ဖို့ ကြိုးစားရတော့မယ်။
   
နော်ဝေးအိမ်ရှေ့မင်းသား Haakonဟာ အော်စလိုမြို့လယ်မှာ ၂၆၆စတုရန်းမီတာကျယ်တဲ့ အိမ်တစ်လုံးကို ဝယ်ယူလိုက်ပြီး Metteတို့သားအမိနဲ့အတူနေခဲ့တယ်။ Haakonရဲ့ Matthewအပေါ်ချစ်ခင်နှစ်သက်မှုက Metteထက်မလျော့ခဲ့ပါဘူး။ ဒါကို Mette ဝမ်းသာခဲ့ပါတယ်။

အိမ်ရှေ့မင်းသားနဲ့ ပြဿနာမိန်းကလေးတစ်ယောက်တို့ အတူနေထိုင်တဲ့သတင်းက နော်ဝေးတစ်နိုင်ငံလုံးကို အံ့သြတုန်လှုပ်သွားစေခဲ့တယ်။

နော်ဝေးနိုင်ငံမှာ မင်္ဂလာမဆောင်ဘဲ ကလေးမွေးတဲ့အမျိုးသမီးတွေ ၄ပုံပုံ ၁ပုံရှိခဲ့ပြီး အတူနေတဲ့စုံတွဲ ၁ဝတွဲလောက်မှာ ၁တွဲလောက်ပဲ မင်္ဂလာဆောင်ဖြစ်ပါတယ်။ ဒါပေမယ့် နောင်တစ်ကြိမ်မှာ ဘုရင်နဲ့ ဘာသာရေးဦးဆောင်သူဖြစ်လာမယ့် Haakonမင်းသားက ဒီလို ချွတ်ယွင်းချက်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့ အိမ်ထောင်မရှိတဲ့မိခင်တစ်ဦးနဲ့ အတူနေတယ်ဆိုတဲ့သတင်းက လှိုင်းတံပိုးကြီးထသွားတာတော့ အမှန်ပါပဲ။ ခမည်းတော်ဘုရင်ကြီး အမျက်ဒေါသထွက်ပြီး သားအဖနှစ်ဦး သေခန်းပြတ်လုလုဖြစ်ခဲ့တယ်။ တော်ဝင်မိသားစုအားလုံးက မင်းသားHaakonကို တိုင်းပြည်ရဲ့အနာဂတ်၊ တည်ငြိမ်အေးချမ်းမှုကို အဓိကထားပါ၊ ချစ်ခြင်းခံစားချက်ကို ဦးစားမပေးဖို့ တားမြစ်ပြောဆိုခဲ့တယ်။

မင်းသားHaakonက သူ့ကိုလာဖျောင်းဖျသူတွေကို “Metteနဲ့ ဘဝတစ်သက် ကျွန်တော်ဖြတ်ကျော်မယ်၊ ဒါဟာ မြင့်မြတ်တဲ့မျိုးရိုးဆိုတဲ့အရာထက် အရေးကြီးတယ်။ တကယ်လို့ လိုအပ်ခဲ့မယ်ဆိုရင် Duke of Windsor(အင်္ဂလန်အိမ်ရှေ့မင်းသား Edward VIII)က ကျွန်တော်ရဲ့စံပြပုဂ္ဂိုလ်ပါပဲ”လို့ ပြောခဲ့တယ်။ (** Edward VIIIဟာ အင်္ဂလန်ဘုရင်အဖြစ် အရိပ်အရာဆက်ခံပြီးနောက် အမေရိကန်သူ အိမ်ထောင်ကွဲအမျိုးသမီးWallis Simpson ကို လက်ထပ်ယူခဲ့လို့ နန်းတက်ပြီး ၃၂၅ရက်အကြာမှာ နန်းဆင်းခဲ့သူဖြစ်ပါတယ်။ သူနန်းဆင်းပြီး ညီတော် George VIကို နန်းတက်စေခဲ့ပါတယ်။ ညီတော်ကပေးအပ်တဲ့ Duke of Windsorဆိုတဲ့ဘွဲ့နဲ့ပဲ နေထိုင်ခဲ့သူဖြစ်ပါတယ်။ သူ့အကြောင်းကိုလည်း နောက်ကြုံရင် ရေးပါဦးမယ်။)

Metteက မျက်ရည်အဝိုင်းသားနဲ့ ကိုယ်ကချစ်တဲ့၊ ကိုယ့်ကိုချစ်တဲ့လူရဲ့ကြိုးစားအားထုတ်မှုကို ခံစားသက်ဝင်ခဲ့ပါတယ်။ ဒီချစ်ခြင်းအတွက် တစ်ခုခုလုပ်ပေးဖို့ သူဆုံးဖြတ်ခဲ့တယ်။

အချစ်ကြောင့် Metteဟာ ပိုသတ္တိရှိရဲရင့်လာခဲ့တယ်။ တော်ဝင်မိသားစုရဲ့အပြစ်ရှာတဲ့အကြည့်နဲ့ မီဒီယာသမားတို့ရဲ့ လိုက်လံမှုကို သူရင်ဆိုင်ရတော့မယ်ဆိုတာကို သူသိခဲ့တယ်။

သူရဲ့အတိတ်ဆိုးတွေကို မကြောက်စတမ်း၊ မဖုံးကွယ်စတမ်း ရိုးသားပွင့်လင်းစွာဝန်ခံမှ သူဟာ ခွင့်လွှတ်ခြင်းနဲ့ လက်ခံခြင်းကိုရရှိမယ်ဆိုတာကိုလည်း သူသိခဲ့တယ်။

ဒါကြောင့် မီဒီယာသမားတွေကို သူတည်တည်ငြိမ်ငြိမ် ရင်ဆိုင်ခဲ့တယ်။ သူ့နောက်ကြောင်းတွေကို ပြောခဲ့တယ်။

“ဒါတွေဟာ ကျွန်မချစ်တဲ့ချစ်သူကို မတွေ့ခင်က ဖြစ်ပျက်ခဲ့ဖူးတာတွေပါ။ သူနဲ့တွေ့ပြီး၊ သူ့ကိုချစ်မိပြီးတဲ့နောက်မှာ သူဟာ ကျွန်မကိုယ်ကျွန်မအဖြစ် ပြောင်းလဲစေခဲ့ပါတယ်” Metteရဲ့ ရိုးသားပွင့်လင်းမှုနဲ့ ရဲရင့်မှုတွေက လူအများကို သက်ဝင်ခံစားစေခဲ့ပါတယ်။

မင်းသား Haakonရဲ့မယ်တော်မိဖုရားSonjaဟာလည်း သာမန်ပြည်သူက မွေးဖွားခဲ့တာဖြစ်တယ်။ အချိန် ၉နှစ်ကြာအသုံးပြုပြီးမှ ဘုရင်ကြီးနဲ့သူလက်ဆက်ခဲ့တာဖြစ်တယ်။ ကိုယ့်အဖြစ်လိုမျိုး သားတော်နဲ့Metteကို မဖြစ်စေချင်ခဲ့လို့ မိဖုရားဟာ Haakon ဘက်မှာ ခိုင်ခိုင်မာမာရပ်တည်ပေးခဲ့ပါတယ်။

နော်ဝေးတော်ဝင်မိသားစုက အင်္ဂလန်တော်ဝင်မိသားစုလောက်တော့ ဇီဇာမကြောင်ခဲ့ပါဘူး။ တိုင်းသူပြည်သားနဲ့ တစ်သားတည်း၊ တစ်တန်းတည်းလို့ သတ်မှတ်ထားတဲ့ဘုရင်ကြီးကလည်း နောက်ဆုံးမှာ သားတော်ရဲ့ပျော်ရွှင်ချမ်းမြေ့ခြင်းကို အဓိကထားပြီး သားတော်ရဲ့ချစ်ခြင်းကို ကောင်းချီးမင်္ဂလာပေးခဲ့ပါတယ်။

နော်ဝေးရဲ့ဒဏ္ဍရီပုံပြင်ကတော့ ပျော်ရွှင်ခြင်းကိုရရှိဖို့ မိမိကိုယ်တိုင်ဖမ်းဆုပ်တတ်ရမယ်ဆိုတာပဲဖြစ်တယ်။

၂ဝဝ၁ခုနှစ် သြဂုတ်လမှာ အသက်၎နှစ်ရှိပြီဖြစ်တဲ့ Matthewက မင်္ဂလာပန်းခြင်းကိုင်သူအဖြစ်နဲ့ ဖွေးဖွေးဖြူတဲ့မင်္ဂလာဝတ်စုံကိုဆွဲပြီး မြင့်မားခန့်ညားတဲ့ အိမ်ရှေ့မင်းသား Haakonဘေးမှာ ရပ်နေခဲ့တယ်။ Metteက လက်ကိုင်ပဝါဖြူလေးနဲ့ မျက်တောင့်က မျက်ရည်တွေကို အကြိမ်ကြိမ် သုတ်နေခဲ့မိပါတယ်။

မင်္ဂလာအစီအစဉ်ကိုကြေညာတဲ့ ဂိုဏ်းအုပ်ကြီးက Metteကို အရိုးသားဆုံးကောင်းချီးတွေ ပေးနေခဲ့ပါတယ်။

“အလွယ်ကူဆုံးလမ်းကို သမီးတော်မရွေးခဲ့ပေမယ့် နောက်ဆုံးမှာ အချစ်ကြောင့် အရာရာကို အောင်နိုင်ခဲ့ပါပြီ။ ဒီကနေ့ဟာ သမီးတော်ရဲ့ဘဝစာမျက်နှာ အသစ်လှန်တဲ့နေ့တစ်နေ့ပါပဲ”

မင်္ဂလာဆောင်ပြီး တစ်နှစ်အကြာမှာ မင်္ဂလာနှစ်ပတ်လည်နေ့အဖြစ် သူတို့ကျင်းပခဲ့ပါတယ်။ ကျင်းပတဲ့ပွဲမှာ မင်းသားHaakonနဲ့ Metteတို့ဟာ တစ်ဦးကိုတစ်ဦး မကြာခဏစိုက်ကြည့်ပြီး ပြုံးရယ်ကြည်နူးခဲ့ကြတယ်။ မင်းသားHaakonက Metteကို မကြာခဏနမ်းလိုက်၊ ဆံပင်ကိုသပ်တင်ပေးလိုက်နဲ့ Metteအပေါ်ထားတဲ့ချစ်ခြင်းကို ပိုထုတ်ဖော်ပြခဲ့ပါတယ်။

မင်းသားHaakonကမ်းပေးတဲ့ ရွှေဖိနပ်တစ်ရံကို သူစီးထားရတာသင့်တော်ကြောင်းကို Metteက တကယ့်လက်တွေ့နဲ့ သက်သေပြခဲ့ပါတယ်။ မင်းသားHaakonက နော်ဝေးတော်ဝင်မိသားစုရဲ့ စတုတ္ထမြောက်မျိုးဆက်ဖြစ်တယ်။ အဖက်ဖက်ကအောင်မြင်တဲ့ နော်ဝေးမင်းသားရဲ့ကြင်ရာတော်တစ်ဦးဖြစ်ဖို့ Mette ကြိုးစားနေခဲ့ပါတယ်။ တက္ကသိုလ်တက်မယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ Metteဟာ လန်ဒန်တက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။ မင်းသားHaakonကလည်း လန်ဒန်တက္ကသိုလမမှာ စီးပွားရေးမာစတာဘွဲ့ရဖို့ တက်ရောက်သင်ကြားရင်း ချစ်ဇနီးကို အဖော်ပြုခဲ့တယ်။

Metteရဲ့ထူးဆန်းအံ့သြဖွယ်ချစ်ခြင်းအတွေ့အကြုံက မီဒီယာသမားတို့ရဲ့ မျက်ခြေမပြတ်စောင့်ကြည့်တာကို အမြဲခံခဲ့ရတယ်။ Metteကလည်း မီဒီယာသမားတွေနဲ့ လိုက်လျောညီထွေရှိခဲ့ပါတယ်။ သား Matthewကို သာမန်ဘဝ၊ သာမန်ပတ်ဝန်းကျင်လေးတစ်ခုပေးဖို့ မီဒီယာသမားတွေကို သူတောင်းဆိုခဲ့တယ်။ Matthewရဲ့ ဓာတ်ပုံတွေကိုထုတ်ဖော်မပြဖို့ သူတောင်းပန်ခဲ့ပါတယ်။

တခြားတစ်ဘက်မှာလည်း Metteဟာ လူမူရေးလုပ်ငန်းတွေမှာ တတပ်တအားပါဝင်ခဲ့တယ်။ သူဟာ သာမန်ပြည်သူရဲ့အမြင်ရှုထောင့်ကနေ အင်အားနည်းသူတွေကို ကူညီခဲ့လို့ နော်ဝေးပြည်သူတွေရဲ့ ချစ်ခင်နှစ်လိုမှုကို မြန်မြန်ဆန်ဆန်ရရှိခဲ့တယ်။ နော်ဝေးပညာရှင်တွေက Metteကို “သူဟာ နော်ဝေးအစိုးရကပေးအပ်တဲ့ အလုပ်တာဝန်ကို အရည်အချင်းပြည့်ပြည့်နဲ့အောင်မြင်စွာ လုပ်နိုင်ခဲ့တယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

မိသားစုရေးရာမှာလည်း Metteဟာ ကိုယ့်ရဲ့နောက်ခံရာဇဝင်၊ ကိုယ်တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံကြောင့်ဆိုပြီး မင်းသား Haakon ပြောသမျှကိုပဲ နားထောင်လိုက်နာရမယ်ဆိုတာမျိုး မရှိခဲ့ဘူး။ အရာရာကို ကိုယ့်စိတ်အလိုကျ ရိုးစင်းသာမန်စွာနေထိုင်ခဲ့တယ်။ ကိုယ်ပိုင်အမြင်နဲ့ နေထိုင်ခဲ့တယ်။ ဒီလိုပေါ့ပါးတဲ့ပြုမူနေထိုင်မှုကပဲ ရိုးရှင်းတဲ့ဘဝနေထိုင်မှုကိုပဲတပ်မက်တဲ့မင်းသား Haakonကို ဆွဲဆောင်ညို့ငင်ခဲ့တာဖြစ်မယ် ထင်ပါတယ်။

၂ဝဝ၄ခုနှစ် ဇန်နဝါရီလ ၂၁ရက်နေ့မှာ မင်းသား Haakonရဲ့ ပထမဆုံးရင်သွေးဖြစ်တဲ့ သမီးလေးတစ်ဦးကို Mette မွေးဖွားခဲ့ပါတယ်။ ၂ဝဝ၅ခုနှစ် ဒီဇင်ဘာလ ၃ရက်နေ့မှာ သားတစ်ဦးမွေးဖွားခဲ့ပြီး တော်ဝင်မိသားစုကို ပျော်ရွှင်ကြည်နူးခြင်းတွေ သယ်ဆောင်ပေးလာနိုင်ခဲ့ပါတယ်။ Metteဟာ စာကလေးဘဝကနေ ဇာမဏီငှက်အသွင်ပြောင်းခဲ့ပေမယ့် ဝင့်ကြွားမောက်မာမှုမရှိခဲ့ဘဲ ကြည်လင်အေးမြတဲ့ ကန်ရေပြင်လို ရိုးစင်းသာမန်စွာနေထိုင်ခဲ့ပါတယ်။ ကြော့ရှင်းရည်မွန်စွာ နေထိုင်ခဲ့ပါတယ်။

Metteဟာ သူ့အတွေ့အကြုံနဲ့ စင်ဒရဲလားနဲ့ အိမ်ရှေ့မင်းသားတို့ရဲ့ပုံပြင်ကို အသက်သွင်းခဲ့ပါတယ်။

လူတွေက သူ့ကို ဒုတိယဒိုင်ယာနာလို့ ချီးမွမ်းထောပနာပြုခဲ့ကြတယ်။ သူက ဒိုင်ယာနာထက် ကံကောင်းခဲ့ပါတယ်။ မှန်တဲ့လူနဲ့ သူတွေ့ဆုံခဲ့လို့ပဲဖြစ်တယ်။ သူ့အတိတ်ကအဖြစ်ဆိုးတွေကို မင်းသားစိတ်မဝင်စားခဲ့သလို သူကလည်း သတ္တိရှိရှိရဲဝင့်စွာနဲ့ လူအများကို “မင်းသားအရွေးမမှားခဲ့ကြောင်း၊ ကျွန်မက အဲဒီလက်လက်ထနေတဲ့ အကောင်းဆုံးcrystalတစ်ချပ်ဖြစ်ကြောင်း”ကို သက်သေပြနိုင်ခဲ့ပါတယ်။

မူရင်းရေးသားသူ -- Jin Wei (金薇)

၂ဝ၁ဝထုတ် အမှတ်စဉ် ၁ဝပါ Readers မဂ္ဂဇင်းမှစာတစ်ပုဒ်ကို ဆီလျော်အောင် ဘာသာပြန်ပါတယ်။

နိုင်းနိုင်းစနေ (June. 21. 2014)