5/08/2014

သင်ယူခြင်း = စာမေးပွဲဖြေဆိုခြင်းမဟုတ်ပါဘူး(အမေရိကန်လူမျိုးရဲ့ ဦးနှောက်)

(၁) တကယ်လို့ သင်ဟာ သိပ္ပံ၊ အင်ဂျင်နီယာကျောင်းသားဆိုရင် သမိုင်းစာပေ၊ ဒဿနစာပေတွေကိုလည်း ဖတ်ပါ။ တကယ်လို့ သင်ဟာ စာပေ အနုပညာကျောင်းသားဆိုရင် သချာင်္၊ ရူပ၊ ဓာတုဘာသာရပ်တွေကိုလည်း လေ့လာပါ။ အကြောင်းက လူမဆန်တဲ့သိပံ္ပပညာရှင်တစ်ဦးဟာ ကြောက်စရာကောင်းတဲ့ အရှုးမို့ပါ။ နေအဖွဲ့အစည်းအပြင် တခြားမရေမတွက်နိုင်တဲ့ ကြယ်စုတွေရှိတယ်ဆိုတာကိုမသိတဲ့ ကဗျာဆရာတစ်ဦးဟာ အသိပညာမဲ့တဲ့မျက်ကန်းမို့ပါ။

(၂) စာကြည့်တိုက်နဲ့ လက်တွေ့စမ်းသပ်ခန်းတွေဟာ အခမဲ့ပါ။ ဒါကြောင့် စီးပွားရေးအမြင်နဲ့ပြောရရင် စာကြည့်တိုက်၊ လက်တွေ့စမ်းသပ်ခန်းတွေကို သင်မသုံးရင်၊ သင်မလာရင် ဒါဟာ သင်ရဲ့ဆုံးရှုံးနစ်နာမှုပါ။ ဒါကို သေချာမှတ်ထားပါ။

(၃) ကျောင်းသားတွေနဲ့ များများပြောဆိုဆက်ဆံဆွေးနွေးပါ။ ကိုယ်အမှန်တကယ်တွေးတောနေတဲ့ အတွေးတွေကို ထုတ်ဖော်ပြောပါ။ တိုက်မိ၊ ထိမိမှ မဟာ့အသိဉာဏ်ပညာတွေ ထွက်ပေါ်လာရတာပါ။

(၄) သင်ယူခြင်းဆိုတာ ဘာလဲဆိုတာကို သဘောပေါက်နားလည်ထားရပါမယ်။ လူ့ဘဝက တိုတောင်းပါတယ်။ ကောင်းမွန်တာတွေအားလုံးကို သင်တွေ့ကြုံခံစားချင်မှ ခံစားရပါတယ်။ သင်ယူခြင်းက သင်မတွေ့ကြုံ မခံစားဖူးတာကို ခံစားတွေ့ကြုံစေနိုင်ပါတယ်။ ဒါကြောင့် သင်ယူခြင်းက အရေးကြီးပါတယ်။ ဒါပေမယ့် အမှန်တကယ် လက်တွေ့ရှင်သန်ရေးက ပိုအရေးကြီးပါတယ်။ အယူအဆတိုင်းက ဘက်လိုက်မှုရှိပါတယ်။ ဒါကြောင့် အယူအဆသဘောတရားကိုပဲ လေ့လာသင်ယူပါ၊ တပြိုင်နက်တည်းမှာပဲ အဲဒီအယူအဆသဘောတရားကို သံသယရှိပါ။ တကယ်လို့ ထမင်းစားဗိုက်ဝဖို့အတွက်ပဲ သင်တက္ကသိုလ်တက်တယ်ဆိုရင် KFC သွားပြီး ဆိုင်ဝန်ထမ်းသွားလုပ်တာက ပိုကောင်းပါလိမ့်မယ်။ အမှန်တရားကိုရရှိဖို့က ထမင်းစားဗိုက်ဝဖို့အတွက်ပဲ မဟုတ်ရပါဘူး။

(၅) ကျောင်းဝင်းထဲမှာ လမ်းလျှောက်တုတ်တွေ (Walking stick)မရှိပါဘူး။ အတိုင်ပင်ခံပုဂ္ဂိုလ်တွေပဲရှိပါတယ်။ အားထုတ်ပြီး သင် "နို့မညှစ်"ရင်၊ ဘယ်ပါမောက္ခ၊ ဘယ်ဆရာကမှ အပင်ပန်းခံပြီး သင့်ကို"နို့လာတိုက်"မှာ မဟုတ်ပါဘူး။

(၆) ဟောပြောစွမ်းရည်တွေ ရှိပါစေ။ လူရှေ့သူရှေ့မှာ ကိုယ်ဆန်းစစ်လေ့လာထားတဲ့အရာကို ထုတ်ဖော်မပြောတတ်ရင် အဲဒီလူဟာ အရည်အချင်းမမီသူပါ။ လူဆိုတာ ကိုယ်ဆိုလိုချင်တာကို ထုတ်ဖော်ပြောတတ်ရပါတယ်။ ဒီလိုမှမဟုတ်ရင် သူဟာ စွမ်းအင်ထည့်ဂဏန်းတွက်စက်တစ်လုံးနဲ့ အတူတူပါပဲ။

မူရင်းရေးသားပြုစုသူ -- Fāng mù (方牧)
မူရင်း -- ၂ဝ၁၁ခုနှစ် အမှတ်စဉ် ၁ဝ မေလထုတ် Readers မဂ္ဂဇင်းမှ
နိုင်းနိုင်းစနေ (May. 8. 2014)