12/13/2013

ဂီတပညာရှင် ဘီသိုဗင် (Ludwig van Beethoven)

လူးဝဒ်ဗင် ဘီသိုဗင် (၁၇၇၀-၁၈၂၇) ဟာ ကမ္ဘာ့အဆင့်အမြင့်ဆုံး တေးပြုပုဂ္ဂ္ဂိုလ်တစ်ဦး အနေနဲ့ သတ်မှတ်ခံထားရသူတစ်ဦးပါ။
 ဘီသိုဗင်ကို ဂျာမနီနိုင်ငံဘွန်းမြို့ တွင်မွေးဖွားသည်။
 ဂီတဆရာကြီး မိုဇတ်ထံတွင်လည်းကောင်း၊ နောင်တွင်ဂျိုးဆက်

ဟေဒင်ထံတွင်လည်းကောင်း ဂီတပညာဆည်းပူးခဲ့သည်။
 Moonlight Sonata, The Emperor Concertoတို့အပါအ၀င်လက်ရာမြောက်တေးဂီတ များစွာကြောင့်နာမည်ထင်ရှားခဲ့သည်။ 
သူ၏ အသက် ၂၆ နှစ်ခန့်မှာ အကြားအာရုံစတင်ချို့ယွင်းခဲ့သည်။
 အကြားအာရုံချို့ယွင်းချိန်မှစပြီး ဂီတဖျော်ဖြေပွဲတွေမှာ လိုက်လံပြီး မဖျော်ဖြေနိုင်ခဲ့တော့သော်လည်း တေးသီချင်းများကိုတော့ ဆက်လက်ရေးခဲ့ပါတယ်။
 26 March 1827 ၂၆ ရက် မတ်လ ၁၈၂၇ ခုနှစ်၊ အသက် ၅၇ နှစ်ခန့်မှာ ကွယ်လွန်ခဲ့ပါတယ်။

http://www.biography.com/people/ludwig-van-beethoven-9204862?page=6 မှာ ဘီသိုဗင်အကြောင်းကို ထပ်မံလေ့လာနိုင်ပါတယ်။
 သုတဘဏ် fb


 Ludwig van Beethoven (17 December 1770 – 26 March 1827)
----
Beethovenဟာ ကမ္ဘာ့ဂီတသမိုင်းမှာ ကြီးကြယ်မြင့်မြတ်တဲ့ ဂီတပညာရှင်တစ်ဦးဖြစ်တယ်။ သူ့ရဲ့ဖန်တီးမှုတွေက သူ့ရဲ့ကြီးမြတ်တဲ့စရိုက်လက္ခဏာကို ဖော်ဆောင်ခဲ့ပါတယ်။ Beethovenရဲ့ဂီတတွေဟာ အဲဒီခေတ်အချိန်အခါက ပြည်သူလူထုရဲ့ နာကျင်မှု၊ ပျော်ရွှင်မှု၊ ရုန်းကန်လှုပ်ရှားမှုနဲ့ အောင်မြင်မှုကို ထင်ဟပ်ခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ဂီတက လူတွေကို အားပေးမှု၊ ဖေးမမှုတွေပေးနိုင်ခဲ့တယ်။ ဒီကနေ့အချိန်ထိ သူ့ဂီတက လူတွေကို ချစ်ခင်နှစ်သက်မှုနဲ့ လှုံ့ဆော်မှုကိုပေးနိုင်တုန်းဖြစ်တယ်။

Beethovenဟာ ငယ်စဉ်ကတည်းက သူ့ရဲ့ဂီတပါရမီကို ထုတ်ဖော်နေခဲ့ပြီဖြစ်တယ်။ မွေးရာပါပါရမီမှာ ကြိုးစားရုန်းကန်မှုတွေထပ်လောင်းခဲ့လို့ သူ့ရဲ့အဆင့်က မြင့်သထက်မြင့်ခဲ့တယ်။ သူ့ဆရာကတောင် သူ့ကိုအံ့သြခဲ့ရတယ်။

Beethovenဟာ ၁၂နှစ်အရွယ်တည်းက နန်းတော်တွင်းမှာ စန္ဒရားနဲ့အော်ဂင်ဆရာအဖြစ် ခန့်အပ်ခံခဲ့ရလို့ အိမ်ရဲ့စားဝတ်နေရေးတာဝန်ကို ပခုံးထမ်းခဲ့တယ်။ ကြီးလေးတဲ့မိသားစုတာဝန်ကြောင့် Beethovenဟာ ပိုကြိုးစားပြီး သင်ယူခဲ့တယ်၊ အလုပ်လုပ်ခဲ့တယ်။ ညနက်သန်းခေါင်ထိ နွမ်းလျတဲ့ခန္ဓာကိုယ်နဲ့ အမြဲအိမ်ပြန်ခဲ့ရတယ်။ အရွယ်နဲ့မလိုက်အောင် ဝန်တွေထမ်းပိုးခဲ့ရတယ်။

နန်းတော်တွင်းမှာ Beethovenအလေးထားခံရပေမယ့် သူမတင်းတိမ်ခဲ့ဘူး။ ၁၇၈၇ခုနှစ်မှာ Beethovenဟာ Viennaမြို့သွားပြီး Mozartဆီမှာတပည့်သွားခံခဲ့တယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ သူ့မိခင်နာမကျန်းဖြစ်လို့ အိမ်ပြန်ခဲ့ရတယ်။ သိပ်မကြာပါဘူး.. သူ့မိခင်ကွယ်လွန်သွားခဲ့တယ်။

ဒါဟာ Beethovenကို အရမ်းတုန်လှုပ်စေခဲ့တယ်။ မိသားစုဆုံးရှုံးရတဲ့ဝေဒနာနဲ့ ရည်မှန်းချက်ဖြစ်မြောက်ဖို့ အဖက်ဖက်က ဖိအားတွေကြောင့် ဘဝရဲ့ခါးသီးမှုတွေကို Beethovenခံစားခဲ့ရတယ်။ ဒါပေမယ့် Beethovenဟာ အသက်ငယ်ငယ်နဲ့ ခါးသီးတဲ့ဘဝတံခါးကို သတ္တိရှိရှိတွန်းဖွင့်ပြီး ရှေ့ကိုကြံ့ကြံ့ခံ ဆက်လှမ်းခဲ့တယ်။
Beethovenရဲ့ကြိုးစားမှုကြောင့် အောင်မြင်မှုနဲ့နာမည်ကောင်းကို ရခဲ့တယ်။ သူ့ကို တဖြည်းဖြည်းလူသိများလာခဲ့တယ်။ အဲဒီအချိန်မှာပဲ သူ့ဘဝကံဆိုးမိုးမှောင်ကျခဲ့တယ်။ နားထိုင်းတဲ့ဝေဒနာကို သူခံစားခဲ့ရတယ်။

ဂီတသံကိုမကြားနိုင်တော့တဲ့ ဂီတပညာရှင်တစ်ဦး၊ အသံတိတ်လောကမှာ ဂီတတွေကိုဖန်ဆင်းမယ့်သူတစ်ဦး၊ ကိုယ့်စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်မယ့်လူတစ်ဦးဟာ တကယ့်လက်တွေ့ဘဝကို ဘယ်လိုရင်ဆိုင်တော့မလဲ… တွေးတောင်မတွေးတတ်ခဲ့ပါဘူး။ ဒါဟာ ရက်စက်တဲ့ထိုးနှက်ချက်ပါ။ သူနားမကြားတာကို လူတွေမသိအောင် Beethovenဟာ လူတွေကို တဖြည်းဖြည်းခွာခဲ့တယ်။ ဒါဟာ သူ့ကိုယ်သူ ပိုအထီးကျန်ဆန်စေခဲ့ပါတယ်။

၁၈ဝ၂ခုနှစ်မှာ Beethovenဟာ Viennaမြို့နဲ့ ခရီးတစ်နာရီခန့်ဝေးတဲ့ Heiligenstadtဆိုတဲ့ရွာလေးတစ်ရွာမှာ သွားရောက်နေထိုင်ပြီး ဂီတသံစဉ်တွေကို သီကုံးရေးစပ်ခဲ့တယ်။ အဲဒီရွာလေးမှာပဲ Symphony No. 2ကို သူသီကုံးခဲ့တယ်။ သူ့ရဲ့ နားမကြားတဲ့ဝေဒနာက တစ်နေ့ထက်တစ်နေ့ ဆိုးဝါးလာခဲ့တယ်။ သူ့ရဲ့နာကျင်မှု၊ ကံမကောင်းမှုတို့ကို Heiligenstadt သေတမ်းစာဆိုပြီး သူရေးသားခဲ့တယ်။

နောက်ပိုင်းမှာ Beethovenဟာ ဂျာမဏီက ဒဿနိကဗေဒပညာရှင် Immanuel Kantရဲ့ ဒဿနိကအမြင်ဖြစ်တဲ့ “ကိုယ့်ရဲ့ကံမကောင်းခြင်းတွေကိုမေ့ပစ်ဖို့ အကောင်းဆုံးနည်းက အလုပ်တွေကို မရပ်မနား ကြိုးစားလုပ်ဆောင်တာပဲဖြစ်တယ်”ဆိုတာနဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှုကို ပြန်တည်ဆောက်နိုင်ခဲ့တယ်။ ဘဝကိုရင်ဆိုင်ဖို့ သူဟာ ကြံ့ခိုင်သန်မာသူတစ်ဦးဖြစ်ခဲ့ပြန်တယ်။ အလုပ်တွေကို ကြိုးစားလုပ်ဆောင်ရင်း ကိုယ့်ရဲ့ကံမကောင်းခြင်းတွေကို သူမေ့ဖျောက်ခဲ့ပြီး ဂီတတွေကိုအများအပြား ဖန်တီးနိုင်ခဲ့တယ်။
Viennaမြို့ဆီ သူပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်လာခဲ့တယ်။ ၁၈ဝ၃ခုနှစ်မှာ အင်အားကြီးမားတဲ့ “သူရဲကောင်း” Symphony No. 3 ဆိုတဲ့ဂီတကို သူရေးစပ်သီကုံးနိုင်ခဲ့တယ်။ ဒီဂီတကို နပိုလီယံအတွက် သူရည်စူးဆက်သချင်ခဲ့ပေမယ့် နပိုလီယံနန်းတက်ခဲ့လို့ နပိုလီယံရဲ့နာမည်ကိုဖျက်ပြီး ဒီဂီတကို “သူရဲကောင်း”လို့ အမည်ပေးခဲ့တာဖြစ်တယ်။ “သူရဲကောင်း”ဆိုတဲ့ဂီတသံစဉ်မှာ ဂီတဖန်တီးသူရဲ့ ဘဝကံကြမ္မာကိုတွန်းလှန်တဲ့ သူရဲကောင်းစိတ်ဓာတ် အပြည့်ရှိနေခဲ့ပြီ မဟုတ်ပါလား။
မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့ Beethovenရဲ့ စိတ်ထဲမှာ မီးတောင်အလားတက်ကြွမှုတွေ၊ အဆုံးမရှိတဲ့ ချစ်ခြင်းမေတ္တာသံယောဇဉ်တွေ၊ နူးညံ့သိမ်မွေ့တဲ့၊ တမူထူးတဲ့၊ သဟဇာတဖြစ်တဲ့၊ အင်အားရှိတဲ့၊ လှပတဲ့အရာအားလုံးဟာ သူဖန်တီးတဲ့ဂီတသံစဉ်ထဲ တသွင်သွင်စီးဝင်ခဲ့တယ်။

၁၈ဝ၄ခုနှစ်မှ ၁၈၁၄ခုနှစ်ထိ ခန္ဓာကိုယ်ရဲ့နာကျင်မှုဝေဒနာကို သူပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်။ ဒါပေမယ့် ဒီ ၁ဝနှစ်ကာလအတွင်း သမိုင်းမှာတန်ဖိုးမဖြတ်နိုင်တဲ့ ဂီတသံစဉ်တွေကို သူဖန်တီးနိုင်ခဲ့ပါတယ်။ လူသားတို့ရဲ့ဂီတသမိုင်းမှာ အရောင်လက်တဲ့ဂီတရတနာကို သူရေးသားနိုင်ခဲ့တယ်။
Viennaက နာမည်ကြီး ရှေးဟောင်းဂီတဖန်တီးရှင်သုံးဦးရဲ့ ဘဝနဲ့ခေတ်အခြေအနေက နီးစပ်တယ်ဆိုပေမယ့် Beethovenရဲ့ တွေးတောမှုက Haydnနဲ့Mozartတို့နဲ့မတူဘဲ တမူထူးခြားခဲ့တယ်။
ဂီတဖန်တီးရှင် Haydnရဲ့ ဘဝတစ်သက်က ဝေဖန်ကဲ့ရဲ့မှုတွေနဲ့ ပြည့်ခဲ့တယ်။ ဒါတွေကို သူရံဖန်ရံခါ ဒေါသဖြစ်ခဲ့ပေမယ့် မတုန့်ပြန်ခဲ့ဘူး။ ဂီတအနုပညာအပေါ်မှာပဲ သူကြိုးစားရုန်းကန်ခဲ့တယ်။
Mozartရဲ့ဆင်းရဲဒုက္ခနဲ့ ဝေဖန်ပြစ်တင်ခံရမှုဟာလည်း Haydnထက် မလျော့ခဲ့ပါဘူး။ ဒါပေမယ့် Mozartက ဆင်းရဲပေမယ့် ကဲ့ရဲ့လှောင်ပြောင်တာကိုတော့မခံဘဲ ပြန်ခုခံတော်လှန်ရဲခဲ့တယ်။

 သူ့ရဲ့ဂီတသံစဉ်မှာ နုပျိုကြည်လင်ခြင်း၊ တက်ကြွပျော်မြူးခြင်းတွေပါခဲ့ပေမယ့် သံစဉ်ထဲကနေ သူ့ရဲ့နာကျင်ကြေကွဲမှု၊ ထိခိုက်မှုတွေကို ခံစားနိုင်ပါတယ်။ Beethovenတစ်ယောက်တည်းပဲ ဘဝကံကြမ္မာကို ခုခံနေရပေမယ့်၊ ပဒေသရာဇ်စနစ်ကို ဒေါသတကြီးတွန်းလှန်နေရပေမယ့် သူ့ဂီတထဲမှာ လူတွေကို လွတ်လပ်မှု၊ ပျော်ရွှင်မှုနဲ့ အင်အားတွေပေးခဲ့နိုင်တယ်။
Beethovenဟာ ဂီတဖန်တီးမှုနဲ့ သူ့ဘဝတစ်သက်တာကို အဆုံးသတ်ခဲ့တယ်။ နောက်ဆုံးတစ်ကြိမ် လူပုံအလည်မျက်နှာပြပြီးနောက် သူဟာ အသည်းရောဂါဝေဒနာနဲ့ နေ့ရက်တွေကို ပင်ပင်ပန်းပန်းဖြတ်ကျော်ခဲ့ရတယ်။

လူ့ဘဝကို မခွဲခွာခင်အထိ သူ့ရဲ့စိတ်က တည်ငြိမ်အေးချမ်းခဲ့တယ်။ ဒီလိုအချိန်မျိုးဟာ သူဟာ ပါးလွှာဖြူစင်တဲ့အမြင့်ပေါ် ရောက်နေတဲ့အတိုင်း လက်ရှိခံစားနေတာတွေကို ပစ်ပယ်ပြီး ဂီတတူရိယာလေးမျိုးနဲ့တီးခတ်တဲ့ (String quartet)ဂီတသံစဉ် ၅ပုဒ်ကို ရေးဖွဲ့နိုင်ခဲ့တယ်။ ဒါဟာ လူသားတွေအတွက် Beethoven နောက်ဆုံးရေးစပ်သီကုံးခဲ့တဲ့ သံစဉ်ဂီတဖြစ်တယ်။
Beethovenဟာ စိတ်ဓာတ်နဲ့ နာကျင်ကြေကွဲမှုတွေကို တွန်းလှန်ချေဖျက်နိုင်ကြောင်း၊ ဇွဲသတ္တိရှိခြင်းက အောင်မြင်မှုဆီအရောက်လှမ်းနိုင်ကြောင်း၊ သေမင်းကိုအံတုပြီး ငြိမ်းချမ်းမှုကိုရယူနိုင်ကြောင်း သက်သေပြခဲ့ပါတယ်။

ရုရှားနာမည်ကြီး ရူပဗေဒပညာရှင် Nikolaevich Lebedevက “တည်ငြိမ်တဲ့ရေပြင်ထက်ကနေ ကြိုးပမ်းအားထုတ်တဲ့ရေလုပ်သား မပေါ်လာနိုင်ဘူး။ သက်တောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်ကနေ ခေတ်ရဲ့ထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေ ထွက်ပေါ်လာမှာမဟုတ်ဘူး”လို့ ဆိုခဲ့တယ်။
ဆင်းရဲဒုက္ခတွေက လူကိုယိုင်လဲအောင် ခြောက်လှန့်တတ်တယ်။ လူတွေကို သက်ပြင်းချစေတယ်။ တွန့်ဆုတ်စေတယ်။ စိတ်ဓာတ်ကို ကျဆင်းစေတယ်။ ဒါပေမယ့် စိတ်ဓာတ်ကိုလည်း နှိုးကြားထကြွစေနိုင်တယ်။ အင်အားကိုလည်း တိုးပွားစေနိုင်တယ်။ စိတ်စွမ်းအားကို ဖြစ်စေနိုင်တယ်။ ဒါကတော့ ဆင်းရဲဒုက္ခအပေါ် သင်ဘယ်လိုပြုမူသလဲဆိုတာနဲ့ ဆိုင်ပါလိမ့်မယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲနဲ့ ကြုံတွေ့ရတဲ့အခါ မကြောက်ရွံ့ဘဲ ရဲရဲရင်ဆိုင်ဝံ့သူက အောင်နိုင်မှုကိုရမှာဖြစ်တယ်။

ထင်ရှားသူတို့၏ ဘဝပုံပြင်စာအုပ်မှ
နိုင်းနိုင်းစနေ