ဘောလုံးသမားတွေ ကြွက်တက်တာကို ဝါသနာအိုးတိုင်း မြင်သိကြတယ်။ ဘောလုံး
မကန်ဘူးတဲ့သူတွေ အိမ်မှာနေရင်း၊ ကြွက်တက်တာတွေလည်း အများကြီးဘဲ။
ခြေသလုံးနဲ့ ပေါင်က ကြွက်သား အဖြစ်များ ဆုံးဘဲ။ အလွန်မတန် နာလှတယ်။
အိပ်နေရင်း နာတာမျိုးက ခြေ-လက်ကို အညောင်းဆန့်ရာကနေ ကြွက်သားမျှဉ်
နည်းနည်းမှာ နာလာတာ။
ကြီးသူတွေမှာ အဖြစ်များတယ်လို့ မှတ်ကြပေမဲ့
ဆယ်ကျော်သက်တွေလည်း ဖြစ်တာဘဲ။ အေးတဲ့အချိန် ပိုဖြစ်တယ်။ ကိုယ်ဝန်ဆောင်ရင်လဲ ကြွက်တက်တယ်။
ဘာလို့ဖြစ်လဲဆိုတာ ဆရာဝန်က အတိအကျ မပြောနိုင်ပါ။ မတိမကျ ပြောရရင်တော့
လှချင်-သန်ချင်လို့ လေ့ကျင့်ခန်း လုပ်တာ၊ အားကစားလုပ်တာမှာ ကြွက်သား
ပန်းသွားရလို့ပါ။ အားလည်း မကစားသူတွေမှာ အဝလွန်လို့၊ ရေနဲ့ ဓါတ်ဆား
နည်းသွားလို့၊ ရာသီ-သွေးဆုံး၊ ဟော်မုန်း နည်းသွားလို့၊ သွေးအလျှောက်
နည်းလို့၊ အာရုံကြော-ကြွက်သား တခုခုဖြစ်လို့၊ “လို့” တွေကိုသာ
အပြစ်ဖို့ပါလေ။ Statins (ကိုလက်စထော) ကျဆေး၊ ဆီးချိုကျဆေးနဲ့
လည်ပင်းကြီးဟော်မုန်း နည်းသူ တွေမှာလည်း ဖြစ်တတ်ပါသေးတယ်။
ဖြစ်တယ်ဆိုရင် ဖြစ်တဲ့ကြွက်သားကို တအားတင်းအောင် လုပ်ပေးပါ။
ခြေသလုံးဖြစ်ရင် ခြေမကို အပေါ်ဆန့်ပေးသင့်တယ်။ တအားနှိပ်တာမျိုး၊
ဆန့်ပေးတာမျိုး လုပ်ပေးပြီးရင် ကြွက်သားကို သူ့အကြောအတိုင်း ခပ်ဖေါ့ဖေါ့
ဆက်နှိပ်ပေးပါ။ ဆရာဝန်တွေနဲ့ ကူတဲ့လူတွေထက် ခံရတဲ့လူက ဘာလုပ်ပေးရင်
ကောင်းမယ်ဆိုတာ ပိုသိတယ်။
ရေနွေးနဲ့ ရေချိုးတာ ကောင်းတယ်လို့
အေးတဲ့တိုင်းပြည်က ဆရာတွေက အကြံပေးတယ်။ ပူလောင်၊ အိုက်စပ်တဲ့ နေရာမှာ
နေရသူတွေအတွက် ဒီအကြံက မဟန်ဘူး။ နာတဲ့နေရာ နှိပ်ပြီးတာနဲ့ အေးတာကပ်ပါ။ ရေ၊
ORS ဓါတ်ဆားရည် တိုက်ပါ။ ရေသောက် မနည်းပါနဲ့။ ရေပုလင်း မထားဘဲ၊ အားကစား
မလုပ်နဲ့။ ဘယ်ကစား လုပ်လုပ်၊ သွေးပူအောင် အရင်လုပ်ပါ။ ဘာဘဲလုပ်လုပ်
ပြင်းပြင်းထံထံ မလုပ်ခင်၊ ဖြေးဖြေး-မှန်မှန် လုပ်ပါ။
ဓါတ်ဆားတွေ
ကြွယ်ဝတဲ့အစာတွေ စားသုံးရမယ်။ မေးရင် စာရင်းရှည်ကြီး ရှိတယ်။
လူစားတာတွေပါဘဲ။ (ကယ်လ်စီယမ်) ကြွယ်တာတွေက ပင်လယ်ငါး၊ ဒိန်ခဲ၊ တို့ဖူး၊
မုံလာစိမ်း။ (ပိုတက်ဆီယမ်) ကြွယ်တာတွေက အုန်းရည်၊ ငှက်ပြောသီး၊ ဆီးသီး၊
လိမ်မော်သီး၊ စပျစ်သီး၊ ဖရုံ၊ ဟင်းနုနွယ်၊ ဒိန်ချဉ်၊ ကွမ်းသီးဂေါ်ဖီထုပ်၊
အာလူး၊ ပဲသီးတောင့်၊ မုံလာဥ။
ဖြစ်တတ်သူများ အိပ်ရင်
ခြေထောက်အောက်က အခုအခံ ထားသင့်တယ်။ အိပ်ပျော်နေတုံး ခြေမ-ခြေထောက်
အောက်စိုက်နေရင် ဖြစ်တတ်တယ်။ မအိပ်ခင် ဘယ်မှမရွေ့တဲ့ လေ့ကျင့်ခန်းလုပ်
စက်ဘီးစီးတာ ကာကွယ်ရာကျတယ်။ အကောင်းဆုံးကတော့ ခြေသလုံးတွေကို
ဆုပ်နယ်ခံပြီးမှ အိပ်ရရင် ဇိမ်လည်းကျတယ်။ နှိပ်ပေးသူလည်း ပိုက်ဆံမရရင်
ကုသိုလ်ရတယ်။ တက်မဲ့ ကြွက်လည်း မတက်နိုင်ဘူး။
Nocturnal Leg Cramps ညအိပ်နေစဉ်ကြွက်တင်ရင်
နာတဲ့နေရာကို ခြေသလုံးကြွက်သားနဲ့ ဆန့်ကျင်ပြီးဆွဲပါ။ ခြေထာက်ကို
အပေါ်ဆီကိုဆွဲယူပါ။ နာတဲ့ခြေထောက်နဲ့ မတ်တပ်ရပ်ပါ။ အပူဖြစ်ဖြစ် အအေးဖြစ်ဖြစ်
တင်ပေးပါ။
ဘယ်ဆေးကမှ အတိအကျပျောက်မယ်လို့ အာမခံချက်မရှိပါ။
• Calcium ကယ်လ်စီယန်သောက်ပါပြောရတာများ
• Quinine sulfate ကွီနင်း ငှက်ဖျားဆေးကို အများဆုံးညွှန်းတယ်။
• Chloroquine phosphate ငှက်ဖျားဆေး၊
• Diphenhydramine hydrochloride (Benadryl) အင်တီဟစ်တမင်းဆေး၊
• Meprobamate, Equanil, Robaxin ကြွက်သားပြေလျှော့ဆေး၊
• Verapamil hydrochloride (Calan, Isoptin, Verelan)
• Carbamazepine အတက်ရောဂါ-ဝက်ရူးပြန် ရောဂါဆေး၊ ကြောက်စိတ်အတွက်ဆေး၊
• Phenytoin (Dilantin), Dilantin, Epilentin, Eptoin အတက်ရောဂါ-ဝက်ရူးပြန်ရောဂါကုဆေး
Leg cramps ခြေထောက် ကြွက်တက်ခြင်း
- အလိုအလျှောက် ခြေထောက် ကြွက်သားတွေမှာ ကွက်ပြီး၊ ရုတ်တရက်နာတာကို ခေါ်တယ်။ ညပိုင်းမှာ ဖြစ်တာများတယ်။
- ဘာလို့ဖြစ်သလဲ ရှင်းရှင်းလင်းလင်း မသိသေးပါ။ ဖြစ်နိုင်ခြေများတာတွေ
ရှိတယ်။ ကိုယ်ဝန်ဆောင်၊ ကိုယ်လက်လှုတ်ရှာ-အားကစား၊ ဓါတ်ဆား-မျှခြေပျက်ခြင်း၊
အဖျားပိုင်း အာရုံကြော-သွေးကြော-ကြွက်သား ရောဂါများ၊ ကျောက်ကပ်စစ်ယူမှုချို့ယွင်းခြင်
- (RCTs) စတစ်တကျလေ့လာမှု ၁၂ ခုလုပ်ခဲ့တယ်။
- အနာသက်သာဆေးများ၊ အတက်သက်သာဆေးများ၊ (ကယ်လ်စီယမ်) ဓါတ်ဆား၊ ခြေထောက်ကို
ကြပ်ကြပ်စည်းတဲ့ ခြေအိတ်၊ (မက်ဂနီဆီယမ်) ဓါတ်ဆား၊ ဗီတာမင်နဲ့ ဓါတ်ဆားများ၊
(ကွီနင်း) ဆေး၊ (ကွီနင်း + (သီယိုဖိုင်လင်း)၊ (ဆိုဒီယမ်-ကလိုရိုက်)၊
ကိုယ်လက်ဆန့်တန်း-လေ့ကျင့်ခန်း တွေကို စမ်းသပ်ခဲ့တယ်။
- (ကွီနင်း) ငှက်ဖျားဆေးကနေ သိသိသာသာ သက်သာစေတယ်။ ဒါပေမဲ့ ဆေးကို ဘယ်လောက်
အလေးချိန်နဲ့ ဘယ်လောက် ကြာကြာ ပေးရမယ်ဆိုတာ အတိအကျ မသိရသေးဘူ။
Dr. Tint Swe
11/27/2013
Cramps ကြွက်တက်ခြင်း
11/27/2013
Dim




