10/30/2013

ခေါင်းမူးခြင်းသည် အရေးကြီးသော ရောဂါတစ်ခုခု၏ ရှေ့ပြေးဖြစ်နိုင်

ခေါင်းမူးခြင်းသည် သာမန်ခေါင်းမူးခြင်း ဖြစ်နိုင်သကဲ့သို့ အရေးကြီးသော ရောဂါတစ်ခုခု၏ ရှေ့ပြေးလက္ခဏာလည်း ဖြစ်နိုင်သဖြင့် ဂရုစိုက်သင့်ကြောင်း သိရသည်။ “ခေါင်းမူးတာက သွေးပေါင်ကျလို့လဲ မူးနိုင်တယ်။ သွေးပေါင်တွေတက်ရင်လဲ မူးတယ်။ နားအတွင်းပိုင်းမှာ ဗိုင်းရပ်စ်ပိုး ဝင်ရောက်တာတွေကြောင့်လဲ ဖြစ်နိုင်တယ်။ မျက်စိအားနည်းတာ၊ မျက်စိပါဝါ မကိုက်တာတွေကြောင့်လဲ ဖြစ်နိုင်တယ်။ မျက်စိ စလင်ဒါ ရှိတဲ့သူတွေဆိုရင် ခြောက်လ တစ်ခါလောက် စစ်ဆေးသင့်တယ်။ မျက်စိ အထူးကု ဆရာဝန်ကြီးတွေနဲ့ သေချာပြသင့်တယ်” ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ အောင်ဆန်းဝင်းက ပြောသည်။ ဦးနှောက်အတွင်း လုံလောက်သော သွေးလည်ပတ်မှု မရှိပါက ခေါင်းမူးခြင်းကို ဖြစ်နိုင်ပြီး အပူရှိန်တက်ခြင်းနှင့် သွေးပေါင် ရုတ်တရက် ကျသွားခြင်း၊ တက်သွားခြင်း၊ လည်ပင်းအရိုး ကျီးပေါင်းတက်ခြင်း၊ နှလုံးခုန် မမှန်ခြင်း၊ တချို့ဆေးများ၏ ဘေးထွက် ဆိုးကျိုးအနေဖြင့် ခေါင်းမူးခြင်းများ စသည်တို့ကြောင့်လည်း ခေါင်းမူးခြင်းလက္ခဏာ ဖြစ်တတ်ကြောင်း သိရသည်။

“ကိုယ့်ရဲ့ သွေးပေါင် အတက်အကျကို မြဲစစ်ဆေးနေမယ်၊ သွေးပေါင်မှန်မှန် ချိန်မယ်၊ မျက်စိအတွက် လိုအပ်တဲ့ အားဆေးတွေ သောက်တာ၊ မျက်စိကို ဂရုစိုက်သင့်တယ်။ နားကိုလဲ ကလိတာတွေ မလုပ်သင့်ဘူး။ လူရဲ့ဦးခေါင်းက အုန်းသီးနှစ်လုံးစာလောက် လေးတယ်။ အဲဒါကြောင့် ခေါင်းကို ကြာကြာငုံ့ပြီး မနေသင့်ဘူး” ဟု ပြောသည်။ တချို့သော ခေါင်းမူးခြင်းများသည် ရောဂါကြောင့် မဟုတ်ဘဲ ကားစီး၍ ခေါင်းမူးခြင်း၊ ချားရဟတ်စီး၍ ခေါင်းမူးခြင်း၊ အမြင့်ကြောက်ခြင်း၊ ပတ်ဝန်းကျင်ရှိ အနံ့အသက်များ၊ ကားဆီနံ့များကြောင့်လည်း ခေါင်းမူးခြင်းများ ရှိတတ်ကြောင်း သိရသည်။ “သာမန်ရိုးရိုးနေမကောင်းတာ၊ ခေါင်းမူးတာတို့ဆိုရင် အထွေထွေ ရောဂါကုဆရာဝန်တွေနဲ့ ပြသလို့ အဆင်ပြေပါတယ်။ အဲဒီကမှ အရိုးကျီးပေါင်း ဖြစ်တယ်ဆိုရင် အရိုးအထူးကု ဆရာဝန်ကြီးတွေနဲ့ ပြသသင့်တယ်။ မျက်စိဆိုရင် မျက်စိအထူးကု ဆရာဝန်တွေနဲ့ ပြမယ်။ နားဆိုရင်လဲ နားအထူး ကုဆရာဝန်တွေနဲ့ ပြသမယ်ဆိုရင် အကောင်းဆုံးပါပဲ” ဟု ဆက်လက်ပြောသည်။

ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာ ရထားခြင်း၊ လည်ပင်းတောင့် တင်းခြင်း၊ ပြင်းထန်စွာ ဖျားခြင်း၊ ခေါင်းကိုက်ခြင်းများ စသည်တို့ ဖြစ်ပါက တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် အမြန်ဆုံး ပြသသင့်ပြီး နားအတွင်း ပိုးဝင်ရောက်ခြင်းများ ရှိပါက ထိရောက်စွာ ကုသမှုကို ခံယူသင့်ကြောင်း သိရသည်။ “ခေါင်းမူးနေတယ်ဆိုရင် ခေါင်းမူးနေတဲ့ အချိန်မှာ ငြိမ်ငြိမ်လေး အနားယူသင့်တယ်။ အိပ်နေစဉ်မှာ ရုတ်တရက် ထလိုက်တာတို့၊ ရုတ်တရက် ထိတ်လန့်စရာတွေ ကြားလိုက်တာတွေက ခေါင်းမူးတတ်ပါတယ်။ ခေါင်းမူးတာကတော့ အသက်အရွယ်မရွေး ဖြစ်တတ်တာကြောင့် ဂရုစိုက်နေသင့်ပါတယ်” ဟု ဒေါက်တာအောင်ဆန်းဝင်းက ဆက်လက်ပြောသည်။

ခင်သက်မွန်
BY YANGON TIMES JOURNAL