တစ်ခါက ပေါလ်(Paul) ဆိုတဲ့ လူတစ်ယောက်ရှိတယ်။ တစ်နှစ်မှာ အစ်ကိုဖြစ်သူက သူ့ကို ခရစ္စမတ်လက်ဆောင်အဖြင့် ကားတစ်စီးဝယ်ပေးခဲ့တယ်။
ခရစ္စမတ်အကြိုနေ့ အိမ်စောစောပြန်ဖို့ ရုံးခန်းက ပေါလ်ထွက်လာခဲ့တယ်။ ကားထားရာနေရာကို မရောက်ခင် ကားသစ်နံဘေးမှာ ရစ်သီသီလုပ်နေတဲ့ ကောင်လေးတစ်ယောက်ကို သူတွေ့လိုက်တယ်။ လက်လက်ထနေတဲ့ သူ့ကားကို ကိုင်ကြည့်နေတဲ့ ကောင်လေးရဲ့ မျက်လုံးမှာ အားကျတဲ့အရိပ်တွေ ထင်ဟပ်နေခဲ့တယ်။ ပေါလ်ကို မြင်တော့ ကောင်လေးက ခေါင်းမော့ပြီး မေးတယ်။
"ဒါ အစ်ကို့ ကားလားဟင်?"
"ဟုတ်တယ်.. အစ်ကိုရဲ့အစ်ကိုက ခရစ္စမတ်လက်ဆောင်ဆိုပြီး အစ်ကိုအတွက် ဝယ်ပေးခဲ့တယ်"
"အစ်ကို တစ်ပြားတစ်ချပ်မှ ကုန်စရာမလိုဘဲ ရခဲ့တဲ့ လက်ဆောင်ပေါ့.. ဟုတ်လား! "
ကောင်လေးရဲ့ အမေးကို ပေါလ်ခေါင်းညိတ်ပြလိုက်တယ်။
" အော်...... ကျွန်တော်လည်း.... မျှော်လင့်မိပါတယ်"
ကောင်လေး ဘာကို မျှော်လင့်မိတယ်ဆိုတာကို ပေါလ်စိတ်ထဲ ခန့်မှန်းကြည့်လိုက်တယ်။ သူလည်း ကိုယ့်လို အစ်ကိုတစ်ယောက် ရှိချင်မှာပဲလို့ ထင်လိုက်မိတဲ့ပေါလ် ကောင်လေးရဲ့ ရှေ့ဆက်ပြောလိုက်တဲ့ စကားကြောင့် အံ့သြသွားခဲ့တယ်။
"ကျွန်တော်လည်း...ကျွန်တော်လည်း အဲဒီလို အစ်ကိုတစ်ယောက်ဖြစ်ချင်တယ်"
ကောင်လေးရဲ့စကားက ပေါလ်ကိုထိခိုက်သွားစေခဲ့တယ်။ အဲဒီနောက် ပေါလ်က "အစ်ကို့ရဲ့ ကားအသစ်စီးပြီး လျှောက်လည်မလား?" မေးလိုက်တယ်။
ကောင်လေး ဝမ်းသာအားရ ခေါင်းညိတ်ပြတယ်။ ကားတစ်ပတ် လျှောက်စီးပြီးနောက် ကောင်လေးက ပေါလ်ဖက်လှည့်ပြီး "အစ်ကို.. အစ်ကို့ကားကို ကျွန်တော့်အိမ်ရှေ့အထိ မောင်းသွားနိုင်မလား? " လို့ တောင်းဆိုလိုက်တယ်။
ပေါလ်တစ်ချက် ပြုံးလိုက်တယ်။ အိမ်ရှေ့အထိ ဘာကြောင့် ကားမောင်းပို့ခိုင်းခဲ့သလဲဆိုတာကို ပေါလ်ရိပ်မိလိုက်တယ်။ ကားအသစ်ကြီး စီးပြန်လာတယ်ဆိုပြီး အိမ်နီးချင်းတွေကို ကောင်လေးသိစေချင်လို့ လို့ ပေါလ်ထင်လိုက်မိတယ်။ ဒါပေမယ့် ပေါလ်အထင် မှားသွားခဲ့ပါတယ်။
"အစ်ကို ကားကို ဟိုလှေကားထစ်နား ရပ်ပေးပါလား? "
ကောင်လေးက ကားရပ်တာနဲ့ ပြောပြောဆိုဆို အိမ်ထဲပြေးဝင်သွားခဲ့တယ်။ တအောင့်ကြာတော့ ပိုလီယိုရောဂါသည် ညီငယ်ကို ပွေ့ချီလာပြီး လှေကားရင်းမှာ ပွေ့ဖက်ထိုင်ချလိုက်တယ်။ အဲဒီနောက် ကားကိုညွှန်ပြပြီး..
"တွေ့ပြီ မဟုတ်လား ညီလေး? ညီလေးကို အစ်ကိုပြောခဲ့တဲ့အတိုင်း လှတယ် မဟုတ်လား? ဒီကားက ဒီအစ်ကိုကြီးအတွက် သူ့အစ်ကိုက ခရစ္စမတ်လက်ဆောင် ပေးခဲ့တာတဲ့။ သူ တစ်ပြားတစ်ချပ်မှ ကုန်စရာ မလိုဘူး။ တစ်ချိန်ချိန်မှာ ညီလေးအတွက် ဒီကားပုံစံမျိုး အစ်ကိုဝယ်ပေးဦးမယ်။ ဒါမှ ညီလေးကို အစ်ကိုအမြဲပြောပြဖူးတဲ့ မှန်ဘောင်တွေထဲက ခရစ္စမတ်ပစ္စည်းတွေကို ညီလေးကိုယ်တိုင် လိုက်ကြည့်ရမှာ"
ပေါလ် ကားပေါ်ကဆင်းပြီး ပိုလီယိုရောဂါသည် ညီငယ်ကို ကားရှေ့ခန်းပေါ် ပွေ့တင်လိုက်တယ်။ ကောင်လေးရဲ့ မျက်လုံး လက်ခနဲ့ဖြစ်သွားပြီး ညီငယ်ဘေးမှာ ဝင်ထိုင်လိုက်တယ်။ အဲဒီနောက် သူတို့ ၃ဦးဟာ ခရစ္စမတ်ပိတ်ရက်မှာ မမေ့နိုင်တဲ့ ခရီးတစ်ခုကို စတင်ခဲ့ကြတယ်။
ဝယ်ယူလို့ မရနိုင်တဲ့ အလှပဆုံးလက်ဆောင်က အကြင်နာမေတ္တာနဲ့ သူတစ်ပါးကို ကိုယ်ချင်းစာစိတ်ဖြစ်ကြောင်း အဲဒီနှစ်က ခရစ္စမတ်မှာ ပေါလ်သင်ခန်းစာရလိုက်တယ်။
မူရင်း--- http://www.yukz.com/novel
နိုင်းနိုင်းစနေ(Friday, December 19, 2008)