12/05/2012

ကင်ဆာကို ကာကွယ်နိုင်မည့် အစားအသောက်များ

ကင်ဆာရောဂါဟာ ကျွန်မတို့ အကြောက်ဆုံး ရောဂါတစ်မျိုးပါ။  မကြာခင်က လေ့လာမှုအရ အဖြစ်များတဲ့ ကင်ဆာရောဂါတွေကို ကာကွယ်နိုင်တဲ့ သော့ချက်ဟာ သင့်မီးဖိုချောင်ထဲမှာ ရှိတယ်လို့ ကျွမ်းကျင်သူတွေက အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

၁။ ဂေါ်ဖီထုပ်ဟာ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်း လျှော့ချနိုင်ပါတယ်

ဂေါ်ဖီထုပ်နဲ့ အစိမ်းရောင် ပန်းဂေါ်ဖီလိုမျိုး Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ Indoles phytonutrients ဟာ ကင်ဆာအကြိုဖြစ်စေတဲ့ ဆဲလ်တွေကို ရှင်းထုတ်နိုင်တာကြောင့် သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်း လျှော့ချနိုင်ပါတယ်။ ဒါ့အပြင် Indoles ဟာ ခန္ဓာကိုယ်မှ ပိုလျှံနေတဲ့ ဒုက္ခပေးတဲ့ အီစထရိုဂျင်တွေကို အသည်းမှ ဖြိုခွဲနိုင်အောင်လည်း ကူညီပေးနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ နေ့စဉ် ခွက်တစ်ဝက်စာ စားပေးပါ။

၂။ ကောက်နှံတစ်ခုလုံး ပါဝင်စာ စားတာကြောင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ ထက်ဝက်ကျဆင်းနိုင်ပါတယ်

ဆန်လုံးညိုနဲ့ ချက်ထားတဲ့ ထမင်း၊ ဘာလီနဲ့ အုတ်စပါးလိုမျိုး ကောက်နှံတစ်ခုလုံး ပါဝင်စာ စားသူ အမျိုးသမီးတွေဟာ ဂျုံအဖြူ၊ ဆန်အဖြူနဲ့ ပြုလုပ်ထားတဲ့ အစာစားတဲ့ အမျိုးသမီးတွေထက် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ ထက်ဝက် လျော့ကျနိုင်ပါတယ်။ ကောက်နှံတစ်ခုလုံးမှာ များစွာပါဝင်တဲ့ ဗီတာမင်ဘီ၊ ဆီလီနီယမ်နဲ့ ဗီတာမင်အီးဟာ ပုံမှန်မဟုတ်တဲ့ သားအိမ်ခေါင်း ကင်ဆာဆဲလ် ကြီးထွားမှုတွေကို ရပ်တန့်နိုင်လို့ပါလို့ ဆိုပါတယ်။ တစ်နေ့ သုံးကြိမ် စားပေးပါ။

Tip!  ကြက်သွန်ဖြူစားပါ

နေ့စဉ် ကြက်သွန်ဖြူ တစ်ဥ စားသုံးတာကြောင့် အစာအိမ်၊ အူမကြီးနဲ့ ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်း လျော့ကျနိုင်ပါတယ်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဆီလီနီယမ်နဲ့ ဆာလဖာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို ဖျက်ဆီးဖို့ ကူညီနိုင်လို့ပါ။

၃။ အစိမ်းရောင် ဟင်းရွက်တွေဟာ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်း လျှော့ချနိုင်ပါတယ်

Texas တက္ကသိုလ်မှ လေ့လာမှုအရ လက်တစ်ဆုပ်စာ အစိမ်းရောင် ဟင်းရွက်တွေကို နေ့စဉ်စားသုံးတာကြောင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ်လို့ သိရပါတယ်။ ဟင်းနုနယ်၊ ကန်စွန်းရွက်နဲ့ အစိမ်းရောင် ဟင်းရွက်တွေမှာ ပါဝင်တဲ့ ကလိုရိုဖေးတွေဟာ ပုံမှန်မဟုတ်တဲ့ အဆုတ်ဆဲလ်တွေကို ဖျက်ဆီးတိုက်ခိုက်နိုင်ဖို့ သွေးဖြူဥတွေကို ကူညီနိုင်လို့ပါ။ နေ့စဉ် ခွက်တစ်ခွက်စာ စားပါ။

၎။ အခွံမာသီးတွေဟာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို ၃၄ ရာခိုင်နှုန်း လျှော့ချနိုင်ပါတယ်

နေကြာစေ့၊ ဗာဒံစေ့၊ သီဟိုဠ်စေ့လိုမျိုး အခွံမာသီးတွေမှာ များစွာပါဝင်တဲ့ မဂ္ဂနီဆီယမ်တွေဟာ အူအတွင်း ကင်ဆာအကြို ဖြစ်စေနိုင်တဲ့ ဆဲလ်ကြီးထွားမှုက ပိတ်ပင်နိုင်တာကြောင့် အူမကြီးကင်ဆာနဲ့ စအိုကင်ဆာ ဖြစ်နိုင်ခြေ ၃၄ ရာခိုင်နှုန်း ဒါမှမဟုတ် ဒါထက်ပိုပြီး လျော့ကျနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဟာ ဟင်းနုနယ်ရွက်နဲ့ အားဖြည့်ထားတဲ့ ကွေကာတွေမှာလည်း ပါဝင်ပါတယ်။ နေ့စဉ် တစ်အောင်စ စားပေးပါ။

Tip! နနွင်းစားပါ

နနွင်းမှာ ပါဝင်တဲ့ အစွမ်းထက်ဆုံး   Phytochemicals တွေဟာ ခန္ဓာကိုယ်မှ ကင်ဆာကို တွန်းနိုင်တဲ့ Gene တွေကို ထုတ်လုပ်နိုင်ပြီး ကင်ဆာဖြစ်နိုင်ခြေကို ၆၈ ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ်လို့ လေ့လာမှု အသစ်အရ တွေ့ရှိခဲ့ပါတယ်။ နေ့စဉ် ထမင်းစားဇွန်း လေးပုံတစ်ပုံစာ နနွင်းစားပေးပါ။

၅။ လက်ဖက်ရည် သောက်တာကြောင့် မမျိုးဥအိမ် ကင်ဆာဖြစ်နိုင်ခြေ ၄၆ ရာခိုင်နှုန်း လျှော့ချနိုင်ပါတယ်

လက်ဖက်ရည်ကြမ်း ဒါမှမဟုတ်ရင် လက်ဖက်ရည် အချိုကို နေ့စဉ် မတ်ခွက်နှစ်ခွက်စာ သောက်တာကြောင့် မမျိုးဥအိမ် ကင်ဆာဖြစ်နိုင်ခြေ ၄၆ ရာခိုင်နှုန်းထိ လျှော့ချနိုင်ကြောင်း ဆွီဒင်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ လက်ဖက်ခြောက်မှာ ပါဝင်တဲ့ များစွာသော Poly phenol ဒြပ်ပေါင်းတွေဟာ မမျိုးဥအိမ်ကို ဖျက်ဆီးမယ့် ဓာတ်တိုးပစ္စည်းတွေကို ဖျက်ဆီးလိုက်တဲ့ အပြင် ပုံမှန်မဟုတ်တဲ့ ဆဲလ်ကြီးထွားမှုတွေကိုလည်း ပိတ်ပင်နိုင်တာကြောင့်ပါလို့ ကယ်လီဖိုးနီးယား ဆေးပညာကာကွယ်ရေး ဌာနမှ ဆေးဘက်ဆိုင်ရာ ဒါရိုက်တာ Daniel Cosgrove က ပြောပါတယ်။ နေ့စဉ် ၂၀ အောင်စ သောက်ပေးပါ။      

ဒေါက်တာခင်မိုးမိုး