12/05/2012

အူကျရောဂါပျောက်ဆေးနည်း

အူကျရောဂါသည် ဖြစ်စက ဘာမှမဟုတ်သလိုလိုနှင့် အခံရဆိုးတတ်သည်။
နောက်ပိုင်းတွင် မနေနိုင်မထိုင် အောင့်သက်သက်ခံစားရခြင်း၊ လမ်းသွားရခက်ခြင်းများနှင့် ကြုံလာရတတ်သည်။
ဆေးနည်းတိုများလည်း ရှိသည်။
သီဟရာဇာမြစ်ကို ဆန်ဆေးရည်နှင့် သွေးလိမ်းရမည် ဆိုသော်လည်း သီဟရာဇာမြစ်ကို ရှာမရခြင်း၊ မသိခြင်းကလည်း အဆင်မပြေမှုတစ်ရပ် ဖြစ်ရပြန်သည်။

သို့ဖြစ်၍ အူကျသူများအတွက် အဆင်ပြေစေမည့် နည်းတစ်ရပ်ကို ဖော်ပြပေးလိုက်ပါသည်။

သောက်ဆေးနည်းနှင့် ထုပ်ဆေးနည်းနှစ်ခု ဖြစ်သည်။
အူကျလျှင် တောကြက်ဥ (၀ါ) အိမ်ကြက်ဥတစ်လုံးကို ပန်းကန်လုံးငယ်တစ်ခုတွင်းသို့ ဖောက်ထည့်၍ သံပရာသီးတစ်လုံး အရည်ညှစ်ထည့်ပါ။ သမအောင် ခေါက်ပေး၊ မွှေပေးပါ။
တစ်ကြိမ်သောက်စာဖြစ်၍ တစ်ကြိမ်တည်း ကုန်အောင်သောက်ပေးပါ။
သောက်စတွင် နာကျင်သလိုလို ခံစားနေရဦးမည်။
နောက် တဖြည်းဖြည်း အနာသက်သာကာ အူကျခြင်း သက်သာပျောက်ကင်းသွားပါမည်။
တစ်ကြိမ်နှင့် မသက်သာက ထပ်သောက်ပေးပါ။

နောက်တစ်နည်းက သောက်ဆေးမဟုတ်ပါ။

မြန်မာဆေးရွက်ကြီး လက်တစ်ဝါးသာသာအရွယ်ဖြတ်၍ ဖယောင်းတိုင်မီးဖြင့် အပူပေးပါ။
အတန်ငယ် နွမ်းသွားလျှင် ဖြစ်သောနေရာကို ယင်းဆေးရွက်ကြီးဖြင့်ကပ်၍ ငုံအုပ်ကာ အ၀တ်ဟောင်းသန့်သန့်ဖြင့် ဖွဖွစည်းပေးထားပါ။
အူကျခြင်းမှ သက်သာရာရပါမည်။
သောက်ခြင်း၊ ဆေးရွက်ကြီးဖြင့်ထုပ်ခြင်း နှစ်ရပ်လုံးပြုပေးက ထူးခြားစွာ သက်သာရာရပါလိမ့်မည်။