၁) စကားမပြောတဲ့ သားဒီကလေးကို
ပထမဆုံးအကြိမ် တွေ့ဖူးတာ လွန်ခဲ့တဲ့ နှစ်သုံးလေးဆယ်ကပါ။ အဲဒီတုန်းက
ကျွန်တော် တက္ကသိုလ် တက်နေဆဲကာလ၊ ကျောင်းသွားဖို့ ကျွန်တော် စက်ဘီးတွန်းပြီး
အိမ်က ထွက်လာတော့ ရဲသားတစ်ဦးက ကလေးငယ်တစ်ဦးကို ကြိုးနဲ့ဆွဲပြီး
လမ်းမပေါ်မှာ သွားနေတာကို တွေ့လိုက်တယ်။ ကလေးက ဆယ်နှစ်တောင်
မပြည့်လောက်သေးဘူး။ အပေါ်ပိုင်းက ဗလာနဲ့ ပိန်ပိန် မဲမဲလေး၊ လက်နှစ်ဖက်ကို
နောက်ပစ်ပြီး ကြိုးနဲ့ တုတ်ထားတဲ့အပြင် တစ်ခြားကြိုးတစ်ချောင်းက
သူ့ကိုယ်ကို ချည်ထားသေးတယ်။ ကြိုးစကို ရဲသားက ဆွဲလို့ ခွေးတစ်ကောင်လိုပဲ
လမ်းမပေါ်မှာ သွားနေတယ်။ သူဖိနပ် မပါတာကို ကျွန်တော် သတိထားမိလိုက်တယ်။
လွန်ခဲ့တဲ့ နှစ်၃၀ဆိုတော့ ကားတွေနည်းတဲ့အပြင် ရဲကားလည်း မရှိပါဘူး။ ရဲတွေက
တရားခံကို ဖမ်းမိရင် ကြိုးနဲ့တုတ်ပြီး ရဲစခန်းကို အဲလိုပဲ ဆွဲခေါ်သွားနေကျ။
ဒီကလေးကလည်း တစ်ခုခုကို ကျူးလွန်လို့ ရဲဖမ်းမိပြီး စခန်းကို
ဆွဲခေါ်သွားနေတာဖြစ်မယ်။
တရားခံက
ကလေးဖြစ်နေလို့ လမ်းသွားလမ်းလာတွေက ဘာကျူးလွန်ခဲ့လို့လဲလို့ မေးကြတယ်။
ရဲသားကလည်း ရပ်ပြီး အားလုံးကို ရှင်းပြပါတယ်။ အကြောင်းက ကလေးမှာ
အမေမရှိဘူး။ အဖေကလည်း အသဲအသန်ဖျားပြီး အိမ်ရာထဲ လဲနေလို့ ကလေးငယ်က
ဝမ်းစာအတွက် လူများပစ္စည်းခိုးပြီး ၀မ်းကျောင်းခဲ့ရတယ်။ ဗိုက်ပြည့်ဖို့
စားစရာလေးတွေပဲ ခိုးတာဖြစ်ပေမယ့် အခိုးခံရတဲ့ ဆိုင်ရှင်က သည်းမခံနိုင်တော့ ဒီနေ့မနက်မှာ စောင့်ဖမ်းလိုက်တာဖြစ်တယ်။
တစ်ခြားလူတွေက
ဒီလိုဖမ်းမိတဲ့ အချိန်မှာ မျက်နှာအမှုအရာ နှစ်မျိုးဖြစ်နိုင်တယ်။ တစ်မျိုးက
ဂျစ်ကန်ကန် မထီမဲ့မြင် ပုံစံမျိုး ဒါမှမဟုတ် ရှက်ပြီး ခေါင်းမဖော်ဝံ့တဲ့
ပုံစံမျိုး၊ ဒါပေမဲ့ ကျွန်တော် သတိထားမိတဲ့ ဒီကလေးရဲ့
ပုံစံက ဘာမှမဖြစ်တဲ့ ပုံစံ၊ ဘာခံစားချက်မှာ မရှိတဲ့ ပုံစံမျိုးဖြစ်တယ်။
လမ်းသွားလမ်းလာတွေရဲ့ အကြည့်တွေကို သူရှောင်လွဲ မနေပေမဲ့ ရုန်းတော့
ရုန်းနေတယ်။ ကြည့်ရတာ ကြိုးတင်းတင်းနဲ့ စည်းခံထားရလို့ဖြစ်မယ်။
အဲဒီတုန်းက
ကျွန်တော်ဟာ ရဲစခန်းက လုပ်အားပေး အဖွဲ့ထဲကပါ။ အဲဒီကလေးကို စခန်းမှာ
ပြန်ဆုံဖြစ်ခဲ့တယ်။ ဖိနပ်မပါ ကိုယ်ဗလာနဲ့ တံမြက်စည်း လှဲနေတာကို
တွေ့လိုက်တယ်။ ကျွန်တော်က ၀န်ထမ်းတစ်ဦးကို ခေါ်ပြီး ကလေးမှာ
ဝတ်ဖို့အင်္ကျီမရှိကြောင်း ပြောပြတော့ စိတ်ကောင်းရှိတဲ့
ဝန်ထမ်းက အနီရောင် အင်္ကျီတစ်ထည်ကို ယူလာပြီး သူ့ကိုဝတ်စေခဲ့တယ်။ ကလေးက
အလွန်အေးဆေးကြောင်း၊ စကားလုံးဝ မပြောကြောင်း၊ စခန်းကို ရောက်လာပြီးတဲ့နောက်
စကားပြောတာကို လုံးဝ မမြင်ဖူးကြောင်း၊ ဘာခိုင်းခိုင်း လိမ်လိမ်မာမာနဲ့
လုပ်ပေးတဲ့အကြောင်း ၀န်ထမ်းက ကျွန်တော့်ကို ပြောပြပါတယ်။ သူ့မျက်နှာပေါ်မှာ ဘာခံစားချက် အမှုအရာမှ မရှိကြောင်းလည်း ပြောပြတယ်။
မိုးတွေရွာတဲ့
နေ့တစ်နေ့မှာ အဲဒီကလေးနဲ့ ကျွန်တော် နောက်တစ်ခေါက် ထပ်ဆုံဖြစ်ခဲ့တယ်။
အပြင်မှာ မိုးတွေ သဲသဲမည်းမည်းရွာတော့ ယင်ကောင်တွေက အိမ်ထဲကို
အလုအယှက်ဝင်လာတယ်။ အဲဒီနေ့က အကြီးအကဲ လာရောက် စစ်ဆေးမယ်ဆိုလို့ ၀န်ထမ်းတွေက
သူ့ကို ယင်ရိုက်ခိုင်းနေတာနဲ့ ကြုံတယ်။ မလုပ်ဖူးလို့ ထင်တယ်
ယင်ကောင်တွေကို သူမရိုက်မိခဲ့ဘူး။
ကျွန်တော်လည်း
အားနေတာနဲ့ သူ့ဆီက ယင်ရိုက်တံကို ယူပြီး သူနဲ့အတူ ယင်ကူရိုက်နေခဲ့တယ်။
တအောင့်ကြာတော့ သူက ရုတ်တရက် ကျွန်တော့်ကို ပြေးဖက်ပြီး
ကျွန်တော့်ပုခုံးပေါ် မှီလိုက်တယ်။ စကားတစ်ခွန်းမှ မပြောပေမယ့်
သူ့မျက်ရည်တွေ ကျွန်တော့်ပုခုံးပေါ် စီးကျနေတာကို ကျွန်တော် ခံစားလိုက်ရတယ်။
ကျွန်တော်ဘာလုပ်ရမယ်မှန်း
မသိတော့ဘူး။ စကားမပြောတဲ့ ဒီကလေးက သူ့ရဲ့ ခန္ဓာဗေဒစကားနဲ့ သူ့ရင်ထဲမှာ
ခံစားနေတာကို ထုတ်ဖော်ပြလိုက်တယ်။ ၁၀နှစ်သားအရွယ် ကလေးငယ်က ကြိုးနဲ့
အတုတ်ခံရပြီး လမ်းပေါ် အလှည့်ခံရတော့ သူ့ရင်ထဲမှာ ဘယ်လောက်
နာကျင်ခံစားရမယ်ဆိုတာကို ခန့်မှန်းလို့ရပါတယ်။ သူကြည့်ရတာ ဒီတစ်သက်မှာ
လူတွေရဲ့ အဆဲအဆို၊ လူတွေရဲ့ ညှင်းပန်းနှိပ်စက်တာကိုပဲ ခံခဲ့ရပြီး လူတွေရဲ့
ဂရုစိုက်မှု၊ ကြင်နာမှုကို မခံခဲ့ရလို့ ထင်တယ် ကျွန်တော့်ပုခုံးပေါ်
စီးကျလာတဲ့ သူ့မျက်ရည်တွေက ကျွန်တော့်ကို ကျေးဇူးတင်လို့ ကျတဲ့
မျက်ရည်တွေပဲဖြစ်မယ်။
တာဝန်ကျ
ဝန်ထမ်းတစ်ဦးက သူ့ကို လာဆွဲခေါ်သွားတယ်။ ၀ရန်တာဖက်မှာ
တိတ်ဆိတ်ငြိမ်သက်လို့။ ဒီလို ငြိမ်သက်ခြင်းက အကြောင်းထူး
တစ်ခုခုရှိလို့ဖြစ်မယ်။ အကြီးအကဲ မလာခင် ကျွန်တော် စခန်းက ထွက်လာခဲ့တယ်။
အဲဒီနောက်
အတန်းထဲမှာ ကျွန်တော် စကားနည်းလာတယ်။ သူငယ်ချင်းတွေက ကျွန်တော်ဘာကြောင့်
စကားနည်းလာတယ်ဆိုတာကို မသိကြဘူး။ သူတို့က ကျောင်းပိတ်ရင်
နိုင်ငံခြားထွက်လည်ဖို့၊ ရီးစားထားဖို့၊ နိုက်ကလပ်သွားဖို့
တိုင်ပင်နေချိန်မှာ ကျွန်တော့် အတွေးထဲမှာတော့ နာမကျန်းတဲ့
အဘိုးအိုတစ်ဦးနဲ့ စကားမပြောတဲ့ ကလေးတစ်ဦးရဲ့ အရိပ်တွေသာ
စိုးမိုးလို့နေခဲ့တယ်။
၂) ထမင်းမစားတဲ့ သားဒီကလေးက
အတတလေး၊ မိဘမဲ့ဂေဟာ ၀န်ထမ်းတွေက သူ့ကို ဦးနှောက် မပြည့်ဘူးလို့
ပြောကြတယ်။ ဒါပေမဲ့ အဆိုးကြီးတော့ မဟုတ်ဘူး။ သူ့ကိုယ်သူ
ဂရုစိုက်နိုင်သေးတယ်။ စာတော့ သိပ်မရဘူး။ တက်တဲ့အတန်း ကလည်း ဥာဏ်မမှီတဲ့
အတန်းမှာ တက်ရတယ်။ သူ့ကို ကျွန်တော် မေးခွန်းမေးတိုင်း မသိဘူး ဆိုတာချည်းပဲ
ပြန်ဖြေလို့ ကျွန်တော်မှာ စိတ်တော်တော်ညစ်ခဲ့ရတယ်။
သူ့ပေါင်မှာ
ဒဏ်ရာရလို့ သူ့ကို ဆေးရုံပို့လိုက်တယ်။ သူ့အဘိုးက သူ့ရဲ့ တစ်ဦးတည်းသော
ဆွေမျိုးဖြစ်တယ်။ ၀န်ထမ်းတွေက ၂၄ နာရီလုံး သူ့ကို မစောင့်ရှောက်နိုင်တော့
အဘိုးက သူ့ကို လာစောင့်တယ်။
ဆေးရုံတက်နေတဲ့အချိန်
ရုတ်တရက် သူအစာ မစားတော့ဘူး။ အပြင်ဒဏ်မို့ အစာ မစားစရာအကြောင်း မရှိပါဘူး။
ဘယ်လိုချော့ချော့ ဟင်းရွက် တစ်လုပ်၊ နှစ်လုပ်လောက်ပဲ စားပြီး ဘာမှကို
မစားတော့ဘူး။ သူမစားတော့ ကျန်တဲ့ ထမင်းဟင်းတွေကို အဘိုးက စားပစ်လိုက်တယ်။
နှစ်ရက်လုံးလုံး ဟင်းလေးပဲစားလို့ အဘိုးက စိုးရိမ်ပြီး ဂေဟာဝန်ထမ်းတွေကို
ဖုန်းဆက်ခေါ်တော့တယ်။
အစား
တော်တော်စားနိုင်တဲ့ သူ့အကြောင်းကို သိတဲ့ ၀န်ထမ်းက သူ ရုတ်တရက်
အစားမစားတော့တာကို စဉ်းစားလို့ မရခဲ့ဘူး။ သူအစားမစားတာ အကြောင်းတော့
ရှိရမယ်။ ဘာအကြောင်းများဘာလိမ့်...?
အဘိုးက
ဆင်းရဲတော့ စားစရာ မ၀ယ်နိုင်လို့ အဘိုးကို စားစေချင်လို့ သူမစားတာဖြစ်မယ်၊
သူမစားလို့ ကျန်နေတဲ့ အစာတွေကို အဘိုးက စားလိုက်တော့ ငါအငတ်ခံရင်
အဘိုးဗိုက်ဝမယ်လို့ တွေးပြီး မစားတာဖြစ်မယ်လို့ ၀န်ထမ်းက
ခန့်မှန်းလိုက်တယ်။ နောက် ၀န်ထမ်းက ဆေးရုံအပြင်ဖက်မှာ ထမင်းနှစ်ထုပ်
သွားဝယ်ပြီး အဖိုးအတွက် တစ်ထုပ်၊ သူ့အတွက် တစ်ထုပ်ပေးလိုက်တယ်။ ကလေးက
အဘိုးအတွက် ဝေစုရှိတာကို မြင်တော့ အဆာလွန်နေတဲ့ ကျားတစ်ကောင်လိုပဲ
သူ့ဝေစုကို စားပါတော့တယ်။ ဒါ့အပြင် ဆေးရုံက ပေးတဲ့ ထမင်းဟင်းပါ
မကျန်စားတော့တယ်။ ဒါတောင် မလောက်ဘဲ ၀န်ထမ်းကို နောက်ထပ် ထမင်းတစ်ထုပ်
သွားဝယ်ခိုင်းခဲ့သေးတယ်။
တစ်ခန်းထဲနေ
လူနာအဖော်တွေက သူထမင်းစားတာကို မြင်တော့မှ ဟင်း ချနိုင်တော့တယ်။ ဆရာဝန်
နပ်စ်တွေကလည်း သူအစားစာတာကို မြင်တော့ အားလုံးက ၀မ်းသာနေကြတယ်။
၃) ဆုတောင်းနေတဲ့ သား
ပထမဆုံး
ဒီကလေးကို မြင်ဖူးတာ လွန်ခဲ့တဲ့ ၄နှစ်လောက်က ကလေးရိပ်သာ တစ်ခုမှာပါ။ ကလေးက
၆နှစ်အရွယ် အဆော့သန်တဲ့အရွယ်၊ သူက ကျွန်တော့်ကို “မေမေ အစောကြီး
ဆုံးသွားတယ်။ အဖေက အလုပ်လုပ်ရတော့ ကျွန်တော့်ကို စောင့်ရှောက်မဲ့သူ
မရှိလို့ ဒီကိုပို့လိုက်တာ” လို့ ပြောပြတယ်။ ၆နှစ်အရွယ် ကလေးတစ်ယောက်ဆီက
“အမေအစောကြီး ဆုံးသွားတယ်” ဆိုတဲ့ စကားကို ကြားတော့ ကျွန်တော်
စိတ်မကောင်းဖြစ်မိတယ်။
လေးနှစ်အတွင်း
ဒီကလေး ထွားလာလိုက်တာ၊ ခရစ်စမတ် မတိုင်ခင် ကျွန်တော်ဂေဟာက ဘုရားကျောင်းကို
ရောက်သွားတော့ သူ့ကို အဲဒီမှာ တွေ့မိပြန်တယ်။ ကျောင်းထဲမှာ သူတစ်ယောက်တည်း
မယ်တော်မေရီ ရှေ့မှာ ဒူးထောက်ပြီး ဆုတောင်းနေတယ်။
ဘာဖြစ်တာလဲလို့
သူ့ကို ကျွန်တော်မေးတော့ “ကျွန်တော့်အဖေ နေမကောင်းဘူး။ ကျွန်တော်က
ငယ်သေးတော့ အဖေ့အတွက် ဆရာဝန် မခေါ်နိုင်ဘူး။ ဒါကြောင့် အဖေ့အတွက်
မယ်တော်ရှေ့မှာ ဆုတောင်းနေတာပါ” လို့ ပြန်ပြောတယ်။
ဘုရားကျောင်းက
ကျွန်တော် ထွက်လာပြီး သူ့ကို ပြန်လှည့်ကြည့်မိတော့ မယ်တော်မေရီရှေ့မှာ
မီးကျွမ်းနေတဲ့ ဖယောင်းတိုင်တွေနဲ့ ဒူးထောက် ခေါင်းမော့ပြီး
ဆုတောင်းနေတာကို တွေ့လိုက်တယ်။ သူ့မျက်နှာပေါ် ထင်ဟပ်နေတဲ့
ဖယောင်းတိုင်မီးရောင်နဲ့ အဝေးက ကြည့်ရင် သူ့ပုံစံက အရမ်းလှပတဲ့ ပန်းချီကား
တစ်ချပ်လို့ပါပဲ။ ခရစ်စမတ်ကတ်ပေါ်မှာ သုံးသင့်တဲ့ ရုပ်ပုံမျိုးပေါ့။
သူ့အဖေအစား ကျွန်တော်ဝမ်းသာမိပါတယ်။ ကလေး ဘယ်နှယောက်ကများ သူ့လို မိဘကို ကျိုးနွံနိုင်မလဲ...?
ပထမကလေး လွတ်ရက်နီးပါပြီ။ စခန်းက တာဝန်သိ ၀န်ထမ်းတွေရဲ့ ကူညီစောင့်ရှောက်မှုနဲ့ နာမကျန်းဖြစ်နေတဲ့ သူ့အဖေလည်း နေကောင်းလာပါပြီ။ အဲဒီခေတ် အချိန်အခါနဲ့ ၀န်ထမ်းတွေက ရတဲ့လခကို ချွေတာသုံးစွဲပြီးမှ သူ့အဖေကို ဆေးကုပေးခဲ့တာဖြစ်တယ်။ ကျွန်တော့်ကျောင်းက စေတနာရှင် လုပ်အားပေးက သူ့ကို စာပြပေးကြတယ်။ သူတို့ရဲ့ ကူညီ စောင့်ရှောက်မှုအောက်မှာ ကလေးက စကားပြောလာပါပြီ။
ဒုတိယကလေးက ဆေးရုံတက်နေတုန်း မစားမပြောဘဲနေလို့ ဆရာဝန်တွေက ဦးနှောက်မပြည့်တဲ့ သူ့အတွက် ဒုက္ခိတလိုင်စင် လျှောက်ပေးလိုက်တယ်။ အဲဒီလိုင်စင်နဲ့ အစိုးရရဲ့ ထောက်ပံ့ကြေးတွေ သူရနေပါပြီ။ ကြပ်မပြည့်တဲ့ ကလေးတစ်ယောက်က ဒီလို ရိုကျိုးတဲ့ စိတ်ရှိမယ်လို့ ဘယ်သူမှ ထင်မထားမိခဲ့ကြပါဘူး။
တတိယကလေး အဖေရဲ့ ကျန်းမာရေးက အဆိုးကြီး မဆိုးခဲ့ပါဘူး။ အဖေကျန်းမာလာပြီ ဆိုတာကို သိတော့ ကလေးလည်း ရွှင်လန်းလာတယ်။ အရင်လိုပဲ အဆော့သန်လာတယ်။
ကလေးဘ၀တုန်းက ဘာမှ ပင်ပင်ပန်းပန်း၊ စိတ်ညစ်စရာတွေ ကျွန်တော် မကြုံခဲ့ရဖူးပေမယ့် အခက်အခဲ ကြုံနေတဲ့ ကလေးတွေနဲ့ဆုံဖို့ ကျွန်တော် အခွင့်အရေးရခဲ့တယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ အကြင်နာ မေတ္တာကို ငတ်မွတ်နေကြတယ်။ တောင့်တနေကြတယ်။ ကျွန်တော်တို့ရဲ့ အကြင်နာ ဂရုစိုက်မှုတွေက သူတို့အတွက် ခမ်းခြောက်နေတဲ့ လယ်ကွက်ထဲ မိုးရေစက် ကျဲဖြန်းလိုက်သလိုပဲ လိုအပ်နေကြတယ်။ ဒီလို ဘ၀မှ ဆင်းဆင်းရဲရဲ ဖြတ်ကျော်ခဲ့ဖူးတဲ့ ကလေးတွေက တစ်ခြားကလေး တွေထက် မေတ္တာစိတ်ပိုကြီးတယ်။ ပိုရိုကျိုးတတ်ကြတယ်။
မူရင်း... ထိုင်ဝမ် စာရေးဆရာ လီဂျာထုံ ( Chia-Tung Lee) ၏ “သားသုံးယောက်၏ ပုံပြင်” အား ဘာသာပြန် ခံစားသည်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။




