12/06/2012

လူသိနည်းသော ဝစေသည့်အချက် ၁၀ ချက်

ပုံမှန်အတိုင်း နေထိုင်စားသောက်ရင်း ကိုယ်အလေးချိန်က အံ့သြဖွယ်ရာ ကောင်းလောက်အောင် များလာတာဟာ အောက်ပါအကြောင်းရင်းတွေကြောင့် ဖြစ်နေနိုင်ပါတယ်။

(၁) စိတ်ဖိစီးမှု
ဘဝမှာ တိုးတက်ရာတိုးတက်ကြောင်း ရှာဖွေရင်း တောင်းဆိုမှုတွေ နောက်လိုက်နေရတဲ့အခါ ခန္ဓာကိုယ်ထဲက စိတ်ဖိစီးမှုဟောမုန်း ကော်တီဆော ထွက်လာပါတယ်။ အဲဒီဟော်မုန်းဟာ စားချင်တဲ့ ဆန္ဒကို တိုးမြှင့်စေသလို စိတ်ဖိစီးမှုများတိုင်း ကယ်လိုရီများတဲ့ အစားအသောက်တွေကိုချည်း စိတ်ဖိစီးမှု ခံစားရရင် ကိုယ်အလေးချိန် တက်လာနိုင်တာပါ။

 
(၂) စိတ်ကျကုသဆေးဝါး တချို့
တချို့သော စိတ်ကျကုသဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးက ကိုယ်အလေးချိန် တက်စေတာပါ။ စိတ်ကျကုသဆေးကို ကြာရှည်စွဲသောက်နေရသူတွေရဲ့ ၂၅ ရာခိုင်နှုန်းဟာ ဝလာပါတယ်။ သင်သောက်နေတဲ့ စိတ်ကျကုသဆေးကြောင့် ဝလာတယ်လို့ ထင်ရင် တခြားဆေးပြောင်းပေးဖို့ ဆရာဝန်ကို တိုင်ပင်ဆွေးနွေးပါ။

 
(၃) ကော်တီကို စတီးရွိုက် (Corticosteroids)
အရောင်ကျဆေး စတီးရွိုက်တွေဟာလည်း ကိုယ်အလေးချိန် တက်စေတယ်လို့ လူသိများ ပါတယ်။ စတီးရွိုက် ဆေးသောက်တာဟာ စားချင်တဲ့ ဆန္ဒကို လှုံ့ဆော်ပေးနိုင်လို့ပါ။ ဒါပေမယ့် စတီးရွိုက်ဆေးသောက်တဲ့ ပမာဏနဲ့ သောက်တဲ့ ကာလအပေါ်မှာလည်း မူတည်နေပါသေးတယ်။ တချို့လူတွေမှာတော့ စတီးရွိုက်ဆေးကြောင့် မျက်နှာ၊ လည်ကုပ်နဲ့ ဗိုက်မှာသာ အဆီစုနေတာမျိုးလည်း ဖြစ်ပေါ်တတ်ပါတယ်။

 
(၄) သိုင်းရွိုက်ဂလင်းလုပ်ဆောင်အားနည်းခြင်း (Hypothyrodism)
လည်ပင်းရှေ့က လိပ်ပြာပုံ သိုင်းရွိုက်ဂလင်းကနေ သိုင်းရွိုက်ဟော်မုန်းကို အလုံအလောက် မထုတ်နိုင်ရင် မောပန်းခြင်း၊ အားနည်းခြင်း၊ အအေးမိခြင်းနဲ့ ကိုယ်အလေးချိန် တက်ခြင်းတွေ ခံစားဖြစ်ပေါ်နိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းကို အလုံအလောက် မထုတ်နိုင်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုနှေးပြီး ကိုယ်အလေးချိန် တက်လာပါတယ်။ ဒါကြောင့် သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင်မှု အားနည်းတာတို့ ဆေးကုသမှု ခံယူဖို့လိုအပ်ပါတယ်။

 
(၅) သွေးဆုံးခြင်း
အသက် ၄၀ ကျော် ၅၀ ဝန်းကျင်မှာ အမျိုးသမီးတွေဟာ သွေးဆုံးချိန် ရောက်လာပြီး ခန္ဓာကိုယ်ထဲက အီစထရိုဂျင်ဟောမုန်း ကျဆင်းလာတာ ကိုယ်အလေးချိန် မြင့်တက်လာ တတ်ပါတယ်။ အသက်အရွယ်ကြီးလာတဲ့အတွက် ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုက နှေးသွားပြီး ကယ်လိုရီလောင်ကျွမ်းနှုန်းကလည်း နည်းသွားပါတယ်။ အဲဒီအချိန်မှာ ကိုယ်လက်လှုပ်ရှားမှု နည်းသွားခြင်းလို ဘဝနေထိုင်မှုပုံစံ ပြောင်းသွားရင် ပိုပြီးတောင် ဝလာနိုင်ပါတယ်။ အထူးသဖြင့် သွေးဆုံးချိန်မှာ ခါးနဲ့ ဗိုက်တစ်ဝိုက် အဆီစု လာတတ်ပါတယ်။

 
(၆) အိပ်ရေးပျက်ခြင်း
အိပ်ရေးပျက်တာနဲ့ ကိုယ်အလေးချိန် တက်တာကြားမှာ ဆက်စပ်မှုရှိပါတယ်။ အကြောင်းအရင်းတစ်ခုက ညဥ့်နက်တဲ့အထိ မအိပ်ဘဲနေရင် အဆာပြေသရောစာတွေ စားမိတာ ကယ်လိုရီရယူမှုတိုးလာပါတယ်။ နောက်တစ်ချက်က အိပ်ရေးပျက်ရင် အစာစားချင်စိတ်ဖြစ်ပေါ်စေတဲ့ ဟော်မုန်းထွက်လာတာကြောင့် နောက်တစ်နေ့မှာ ပုံမှန်ထက် ပိုစားဖြစ်စေပါတယ်။

 
(၇) ကူးရှင်းရောဂါ (Cushing’s Syndrome)
ကိုယ်အလေးချိန်တက်တာက ကူးရှင်းရောဂါစုရဲ့ အဓိက လက္ခဏပါ။ ကူးရှင်းရောဂါစုကြောင့် ကော်တီဆော ဟော်မုန်းတွေ အများအပြားထွက်ပြီး ဝတာအပြင် တခြားပုံမမှန်လက္ခဏတွေလည်း ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်တက်တာကတော့ မျက်နှာ၊ လည်ပင်းနဲ့ ခါးတွေမှာ သိသာတတ်ပါတယ်။

 
(၈) အရည်အိတ်များသော မမျိုးဥအိမ်ရောဂါစု (PCOS)
ကိုယ်ဝန်ဆောင်နိုင်တဲ့ အသက်အရွယ်ရှိ အမျိုးသမီးတွေရဲ့ မမျိုးဥအိမ်မှာ အရည်အိတ် သေးသေးလေးတွေ ပေါ်လာတဲ့ ရောဂါစုကို PCOS လို့ခေါ်ပါတယ်။ အဲဒီရောဂါ ခံစားရတဲ့အခါ လစဉ်ရာသီစက်ဝန်းအပေါ် သက်ရောက်မှုရှိပြီး ခန္ဓာကိုယ်မှာ အမွေးအမှင်တွေ အလွန်အကျွံ ထွက်လာခြင်းနဲ့ ဝက်ခြံပေါက်ခြင်းတွေဖြစ်ပေါ်တတ်သလို ကိုယ်အလေးချိန် တက်ခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။

 
(၉) ဆေးလိပ်ဖြတ်ခြင်း
ပျမ်းမျှအားဖြင့် ဆေးလိပ်ဖြတ်လိုက်တဲ့ လူတွေမှာ ကိုယ်အလေးချိန် လေးပေါင်ကနေ ၁၀ ပေါင်ခန့် မြင့်တက်လာပါတယ်။ ဆေးလိပ်သောက်တဲ့အခါ ဆေးလိပ်ထဲက နီကိုတင်း ဓာတ်ဟာ စားချင်တဲ့ ဆန္ဒကို ချိုးနှိမ်ထားတတ်ပြီး ဆေးလိပ်ဖြတ်လိုက်မှ အရင်ထက် ပိုစားဖြစ်တာကြောင့်ပါ။ ဒါ့အပြင် နီကိုတင်း ဓာတ်က ဇီဝရုပ်ဖြစ်ပျက်မှုကိုလည်း မြန်စေတဲ့ အတွက် ခန္ဓာကိုယ်ကနေ ကယ်လိုရီရရှိမှု နည်းသွားပါတယ်။ နောက်ထပ်အကြောင်းရင်းက နီကိုတင်းဓာတ်ဟာ လျှာပေါ်က အရသာခံအဖုတွေကို ထုံထိုင်းသွားစေတဲ့အတွက် အစာကို စားချင်သောက်ချင် စိတ်လျော့ နည်းစေတာကြောင့်ပါ။ ဆေးလိပ်ဖြတ်တာကြောင့် ဝလာတာက ယာယီသာဖြစ်ပြီး ဆေးလိပ်ဖြတ်လိုက်တဲ့အတွက် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေက အများကြီးရှိတာကြောင့် ဆေးလိပ်ကို ဖြတ်သင့်ပါတယ်။

 
(၁၀) ဆေးဝါးတချို့
စိတ်ရောဂါကုဆေးဝါးတချို့ အပါအဝင် အတက်ရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ ကုဆေး တချို့ဟာလည်း ကိုယ်အလေးချိန် တက်စေနိုင်ပါတယ်။ ကိုယ်အလေးချိန် မတက်စေတဲ့ ဆေးဝါးတွေကို ဆရာဝန်နဲ့ တိုင်ပင်မှီဝဲနိုင်ပါတယ်။

Ref: Good Health