သန္ဓေသားရဲ့ ကျန်းမာရေးက ကိုယ်ဝန်ဆောင် မိခင်ရဲ့ အာဟာရဓာတ် ပြည့်ဝမှုနဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။ မိခင်လောင်းက အာဟာရ ပြည့်ဝနေမှ ကျန်းမာ ဖွံ့ဖြိုးတဲ့ ရင်သွေးငယ်လေးကို ပိုင်ဆိုင်နိုင်မှာပါ။ ကိုယ်ဝန်ဆောင် မိခင်တစ်ယောက် အနေနဲ့ ဘာတွေစားဖို့လိုပြီး စားတဲ့ အစာအာဟာရတွေက ဘယ်လို အကျိုးအာနိသင်တွေ ပေးစွမ်းနိုင်တယ် ဆိုတာ ရေးသားလိုက်ပါတယ်။
ဖောလစ်အက်စစ်
သန္ဓေသားရဲ့ အဓိက အင်္ဂါအစိတ်အပိုင်းတွေနဲ့ တစ်သျှူးတွေ တိုးပွားကြီးမားမှုကို အကူအညီပေးပြီး ဗဟိုအာရုံကြောစနစ်ကို ထောက်ပံ့ပေးတာကြောင့် မွေးရာပါ ဦးနှောက်အာရုံကြော ချို့ယွင်းမှု မဖြစ်အောင် ကာကွယ်ပေးပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲတာ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ မိခင်မှာ သွေးအားနည်းရောဂါ မဖြစ်အောင်နဲ့ လမစေ့၊ ပေါင်မပြည့်ဘဲ ကလေးမွေးဖွားတာတွေ မဖြစ်အောင် တားဆီးပေးပါတယ်။
-ပဲနီလေး၊ ဟင်းနုနယ်၊ ခေါက်ဆွဲ၊ ပန်းဂေါ်ဖီစိမ်း၊ လိမ္မော်သီး၊ ပေါင်မုန့်ကြမ်း၊ ပဲတောင့်ရှည်တို့ကနေ ဖောလစ်အက်စစ်ကို ရရှိနိုင်ပေမယ့် သင်ကိုယ်ဝန်ဆောင်ချိန်မှာ နေ့စဉ်စားသုံးမှုကနေ မလုံလောက်ပါက ဖြည့်စွက် သောက်သုံးဖို့ လိုပါတယ်။
ကယ်လ်စီယမ်
မိခင်နဲ့ သန္ဓေသားရဲ့ အရိုးတွေကို သန်မာ သိပ်သည်းစေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ကို သွေးတိုးခြင်း မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
-အဆီနည်းသော ဒိန်ချဉ်၊ အဆီထုတ်ထားသော နွားနို့၊ ကယ်လ်စီယမ်ဓာတ်ပါသော လိမ္မော်ရည်၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ ပဲသီး၊ ပဲအမျိုးမျိုးနဲ့ ဆာဒင်းငါးတွေကနေ ရရှိနိုင်ပါတယ်။
သံဓာတ်
သံဓာတ် ပြည့်ဝနေမှသာ ကိုယ်ဝန်ဆောင်မိခင်ဟာ သွေးအားနည်းတာကနေ ကင်းဝေးပြီး လမစေ့၊ ပေါင်မပြည့်တဲ့ ကလေးမွေးဖွားမှုကို မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ သံဓာတ်က သွေးတွင်း အောက်ဆီဂျင် သယ်ပို့ရေးကိုလည်း တာဝန်ယူ လုပ်ဆောင်ပေးပါတယ်။
-အမဲသား၊ ကြက်သား၊ သိုးသား၊ ဂျုံစပါး၊ ပဲဖြူလေး၊ ခုံးကောင်၊ ဟင်းနုနယ်၊ ကန်စွန်းရွက်တွေကနေ ရရှိနိုင်ပါတယ်။
ကိုလင်း
ကိုယ်ဝန်ဆောင် မိခင်တွေမှာ ကိုလင်းဓာတ်သာ ချို့တဲ့နေပါက သန္ဓေသားရဲ့ ဦးနှောက်အာရုံကြော ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။ ဒါကြောင့် မိခင်ဟာ ကိုလင်းဓာတ် အပြည့်အဝရရှိအောင် စားသုံးရပါမယ်။
-ကြက်ဥ၊ အမဲသား၊ ဆယ်လ်မွန်ငါး၊ ကြက်သား၊ ပန်းဂေါ်ဖီစိမ်းတို့ကနေ ကိုလင်းဓာတ်ကို ရရှိနိုင်ပါတယ်။ တစ်နေ့ ကြက်ဥတစ်လုံး စားပေးပါ။ သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးပါတယ်။
သွပ်ဓာတ်
သားလျှောတာနဲ့ ကလေးငယ် ကြီးထွားဖွံ့ဖြိုးမှု နှေးတာတွေကို ကာကွယ်ပေးပါတယ်။ ဆဲလ်ကြီးထွားဖို့နဲ့ ဦးနှောက် ဖွံ့ဖြိုးမှုကိုလည်း အားပေးပါတယ်။ သန္ဓေသားရဲ့ ကြွက်သားတွေ ကျစ်လျစ်စေပြီး မိခင် မီးဖွားရာမှာလည်း လွယ်ကူစေပါတယ်။
-ပဲအမျိုးမျိုး၊ ကဏန်း၊ ဂျုံ၊ အသား၊ ပင်လယ်စာတွေကနေ သွပ်ဓာတ်ကို ရရှိနိုင်ပါတယ်။ တိရိစ္ဆာန်တွေကနေ ရတဲ့ သွပ်ဓာတ်ကို အသီးအနှံတွေက ရတဲ့ သွပ်ဓာတ်ထက် ခန္ဓာကိုယ်က ပိုပြီး စုပ်ယူနိုင်ပါတယ်။
ပိုတက်စီယမ်
ကိုယ်ဝန်ဆောင်မိခင်ရဲ့ သွေးဖိအားကို ထိန်းပေးပြီး ပုံမှန် နှလုံးခုန်နှုန်းနဲ့ ပုံမှန်စွမ်းအင် ထုတ်လုပ်မှုတွေကို ကောင်းမွန်စေပါတယ်။
-ပဲနီလေး၊ ပဲဖြူ၊ ဟင်းနုနယ်၊ အာလူး၊ ဒိန်ချဉ်၊ လိမ္မော်ရည်၊ ပန်းဂေါ်ဖီစိမ်း၊ စပျစ်သီးခြောက်တို့ကနေ ရရှိနိုင်ပါတယ်။
ဒီအိတ်ခ်ျအေ
သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ အမြင်အာရုံ ကောင်းစေပြီး မိခင်မှာ နှလုံးရောဂါဖြစ်နှုန်းကို လျှော့ချပေးပါတယ်။
-ဆယ်လ်မွန်ငါး၊ တူနာငါး၊ ကဏန်းတို့ကနေ ဒီအိတ်ခ်ျအေကို ရရှိနိုင်ပါတယ်။
ရိုက်ဗိုဖလေဘင်
အသားဓာတ်၊ အဆီဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်တွေကနေ စွမ်းအင် ထုတ်လုပ်ပေးပါတယ်။
-စပျစ်သီးခြောက်၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ မှို၊ နို့တွေကနေ ရရှိနိုင်ပါတယ်။
ဗီတာမင် စီ
အပင်ထွက် အစားအစာတွေကနေ သံဓာတ်စုပ်ယူမှုကို အားပေးပြီး သွားနဲ့အရိုးတွေကို သန်မာစေပါတယ်။ ခန္ဓာကိုယ် ခုခံအား ကောင်းစေပြီး သွေးနီဥနဲ့ သွေးကြောစနစ်တွေကို အထောက်အကူ ဖြစ်ပေးပါတယ်။
-လိမ္မော်သီး၊ စပျစ်သီး၊ စတော်ဘယ်ရီသီး၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်သီး၊ မာလကာသီး၊ ဆီးဖြူသီးတို့ကနေ ဗီတာမင် စီကို ရရှိနိုင်ပါတယ်။
ဗီတာမင် ဒီ
အစားအစာကနေ ကယ်လ်စီယမ် စုပ်ယူမှုကို အားပေးပါတယ်။ မိခင်နဲ့ သန္ဓေသားရဲ့ သွားနဲ့အရိုးတွေကို သန်မာစေပါတယ်။
-နွားနို့၊ ကွေကာ၊ ကြက်ဥတို့ကနေ ဗီတာမင် ဒီကို ရရှိနိုင်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်ကနေလည်း ဗီတာမင် ဒီကို အလကား ရရှိနိုင်ပါတယ်။
ဗီတာမင် B6
ဆဲလ်အသစ် ဖြစ်ပေါ်စေဖို့ ပရိုတင်းဓာတ်ကို ဖြိုခွဲရာမှာ အကူအညီ ပေးပါတယ်။ ခုခံအားကောင်းစေတဲ့ စနစ်ကို အားပေးပြီး သွေးနီဥတွေ ဖြစ်ပေါ်ရာမှာလည်း ပါဝင်ကူညီ လုပ်ဆောင်ပါတယ်။
-အမဲသား၊ ကြက်ရင်ပုံသား၊ ဝက်သား၊ ဥအမျိုးမျိုး၊ အခွံမာသီး၊ ငှက်ပျောသီး၊ ထောပတ်သီး၊ ပဲနီစေ့တို့ကနေ ဗီတာမင် B6 ကို ရရှိနိုင်ပါတယ်။
ဗီတာမင် B12
သွေးနီဥ ထုတ်လုပ်မှုကို အားပေးပြီး ခန္ဓာကိုယ်စွမ်းအင် ရရှိစေဖို့ ကူညီပေးပါတယ်။
-ဆယ်လ်မွန်ငါး၊ တူနာငါး၊ အမဲသား၊ ကွေကာတို့ကနေ ဗီတာမင် B12 ကို ရရှိနိုင်ပါတယ်။
ကစီဓာတ်
ကိုယ်ဝန်ဆောင်မိခင်နဲ့ သန္ဓေသားအတွက် စွမ်းအင်တွေ ရရှိစေပါတယ်။
-ပေါင်မုန့်ကြမ်း၊ သကြား၊ ဂျုံ၊ ကွေကာ၊ ဆန်၊ အာလူး၊ ခေါက်ဆွဲတွေကနေ ကစီဓာတ်ကို ရရှိနိုင်ပါတယ်။
အသားဓာတ်
ကလေးငယ် ဖွံ့ဖြိုး ကြီးထွားဖို့အတွက် အသားဓာတ်ကို မရှိမဖြစ် လိုအပ်ပါတယ်။
-အဆီနည်းသော အသား၊ ငါးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အခွံမာသီး၊ နို့၊ ဒိန်ချဉ်၊ ထောပတ်၊ ဥအမျိုးမျိုးတို့ကနေ အသားဓာတ်ကို ရရှိနိုင်ပါတယ်။
ပန်းနွယ်လေး(ဆေးဝါးတက္ကသိုလ်)
Source: http://www.yatanarpon.com.mm/





