12/18/2012

စီးယင်းလူမျိုးများ၏ ထိမ်းမြားခြင်းရိုးရာဓလေ့အကျဉ်း

စီးယင်းလူမျိုးများသည် လူပျိုတစ်ယောက် အရွယ်ရောက်လာပြီဆိုလျှင် မိန်းမပေးစားဖို့ရန် ဓလေ့ထုံးစံရှိခဲ့သည်။ သို့သော်လည်း အိမ်ထောင်ပြုစောလျှင် (Lamh Samh) ဥစ္စာပစ္စည်း စုစောင်းဖို့ထိခိုက်၊ နောက်ကျလျှင်လည်း (Khang Samh) မျိုးဆက်နောက်ကျ ဟုဆိုပြီး၊ စီးယင်ဘိုးဘေးများ၏ ဆိုရိုးစကားပုံရှိခဲ့သည်။ ထို့ကြောင့် အရွယ်ရောက်တိုင်း လူပျို၊ အပျိုများသည် မိမိအချိန်အခါရောက်ပြီဆိုလျှင် အချိန်မစောမနောင်းခင်မှာ အိမ်ထောင်ပြုခဲ့ကြသည်။


စီးယင်းချင်းလူမျိုးများဆင်းသက်ရာ ကနဦးဖခင်ကြီး Pu Thuan Tak မှဆင်းသက်သော လူမျိုးများဖြစ်ရာ လူမှာအမျိုး၊ ကြက်မှာအရိုး လို့ မြန်မာစကားပုံရှိသည့်အတိုင်း အိမ်ထောင်ဘက်ရွေး တဲ့နေရာမှာ အမျိုးအနွယ်ကိုကြည့်ပြီး ရွေးလျက်ရှိပါသည်။ နောက်ပြီး အမျိုးထဲမှ ယူပြီး အနွယ်ထဲမှ ယူလေ့ မရှိချေ။ ဥပမာ - Thuak Tak ၏သား Vang Lok, Vang Lok ၏သား Thuklai, Hangsawk, နှင့် Limkhai တို့ဖြစ်ကြရာ Thuklai မှဆင်းသက်လာသော အနွယ်၊ အမျိုးများ အချင်းချင်းယူလေ့မရှိချေ။ ထို့ကြောင့် တစ်ရွာထဲနေသောသူများသည် တစ်နွယ်ထဲမှ ဆင်းသက်လာသော အုပ်စုဖြစ်သောကြောင့် ထိမ်းမြားခြင်း ဓလေ့ထုံးစံမရှိချေ။ တစ်မျိုးထဲဖြစ်သော ကနဦး ဖခင်ကြီး Thuan Tak မှဆင်းသက်၍ တစ်နွယ်ထဲမဟုတ် တစ်မျိုးဖြစ်သော Khuasak, Lophei, Limkhai စသော အမျိုးများထဲမှ ထိမ်းမြားခြင်းပြုခဲ့ကြသည်။



အကယ်၍ တစ်ရွာထဲသား၊ တစ်နွယ်ထဲသားများ သမီးရည်းစားဖြစ်ပြီး ယူရင်လဲ ရိုးရာထုံးစံက လက်မခံသောကြောင့် ကွာရှင်းစေပြီး သူတို့မှရသော ကလေးကိုလဲ စွန့်ပစ်ရသည်။ ထို့ကြောင့် Khuasak ရွာနားက Nau Than Liang ( ကလေးများသင်္ချိုင်း) ဆိုသည့် အရပ်ဒေသကို ယနေ့ထိ တိုင်အောင်တွေ့ရှိရသည်။

မှတ်ချက်။ ။ ကနဦးခရစ်ယာန် ယုံကြည်သူ Pu Pau Suan နှင့် Pi Khan Ciang တို့သည် တစ်နွယ် ထဲမှ ထိမ်းမြားလက်ထပ်ခဲ့သော ပထမဦးဆုံး စီးယင်းယုံကြည်သူ ခရစ်ယာန်များဖြစ်လာခဲ့ကြသည်။


သတိုးသမီးတောင်းခံခြင်း
စီးယင်းလူပျိုတစ်ယောက်သည် အိမ်ထောင်ဘက်ရွေးဘို့ရန် အချိန်ရောက်လာသောအခါ သတိုးသမီး၏ မိဘနှစ်ပါးထံသို့ ယခင်ခေါင်ရည်တစ်အိုး၊ ယခုခေတ် အနည်းဆုံး သကြားတစ်ပိသာ၊ နို့ဆီတစ်ဗူး၊ လက်ဖက်ခြောက်တစ်ထုတ်ကိုယူပြီး သတိုးသားဆွေမျိုးထဲမှ ဂုဏ်သရေရှိသော လူကြီးများ သွားရောက်၍ သတိုးသမီးအားတောင်းခံရပါသည်။ သတိုးသမီး၏ မိဘနှစ်ပါးက သမီး၏ဆန္ဒကို မေးမြန်းဦးမယ်ဆိုပြီး အကြောင်းပြန်ရန် အချိန်ပေးရသည်။ သတိုးသမီး၏ မိဘများက သူတို့၏ဆွေမျိုး များကိုဖိတ်ခေါ်ပြီး တိုင်ပင်ဆွေးနွေးကြရသည်။ ထိုသို့တိုင်ပင်ရာ ရှေးယခင်တုန်းက သတိုးသားလောင်း ဖက်ကအမျိုးများနှင့် ဘယ်လိုတော်စပ်မှုရှိခဲ့ဖူးကြောင်း၊ မည်သို့သော ကောင်းကျိုး၊ ဆိုးကျိုးနှင့်သက်ဆိုင်သော ဆက်ဆံရေးများရှိခဲ့ဖူးကြောင်း တို့ကို တိုင်ပင်ပြီး သမိုင်းရာဇ၀င်များကို ပြန်လည်ဆွေးနွေးကြသည်။ ထို့နောက် သတိုးသားဖက်မှ ရှေးယခင်တုန်းက ဆက်ဆံဖူးခဲ့သော အချိန်များတွင် ဘယ်လိုကျေးဇူးရှိခဲ့ဖူးကြောင်းကို ပြန်လည်စဉ်းစားပြီး မိမိတို့၏သမီးအား ပေးစားဖို့ရန် အတွက်နှင့် မပေးစားဖို့ရန်အတွက် တစ်မျိုးလုံး တစ်ဆွေလုံး၏ အဆုံးဖြတ်ကိုယူရသည်။ မပေးစားနိုင်ပါက သူတို့ပို့ထားသော ခေါင်ရည် (သို့) သကြား၊ နို့ဆီဗူး၊ လက်ဖက်ခြောက်များကို ပြန်လည်ပေးပို့ရသည်။ ပေးစားဖို့ရန် သဘောတူပါက မင်္ဂလာရက်နေ့သတ်မှတ်ဖို့ရန် ဆွေးနွေးရသည်။ မင်္ဂလာနေ့ရက်ရောက်သောအခါ သတိုးသမီးဖက်မှ တောင်းခံသော တိရိစ္ဆာန်အကောင်ရေ အတိုင်း (ဥပမာ. . နွား၊ နွားနောက်၊ ၀က်…) သတိုးသမီး၏ အိမ်သို့ ယူဆောင်လာပြီး သတိုးသမီးရှင်ဖက်က ဖိတ်ခေါ်ထားသော ဆွေမျိုးများနှင့် တကွစားသုံးလေ့ရှိကြသည်။ သတိုးသားဖက်နှင့် သတိုးသမီးဖက် ဆွေးနွေးတိုင်ပင်ရာ၌ တစ်ခါတစ်လေ သတိုးသမီး၏ဆွေမျိုးများဖက်မှ ဖြေရှင်းရန်ခက်ခဲသော ပြသနာများကို ယူဆောင်လာတတ်ကြသည်။ ဥပမာ. . တစ်ချိန်တစ်ခါက သတိုးသား၏ ဘိုးဘွားတို့ပြုလုပ်၊ ကျူးလွန်ခဲ့ဘူးသော မကျေနပ်နိုင်စရာအကြောင်းအရာများကြောင့် အခက်အခဲများ ကြုံရတတ်သည်။ ထိုသို့သောအချိန်မျိုးတွင် သတိုးသမီးဖက်မှ နဂိုတောင်းခံခဲ့ပြီးသော တိရိစ္ဆာန်အပြင် နောက်ထပ် တိရိစ္ဆာန်များ အလိုက်ထည့်ခြင်းဖြင့် ပြဿနာကို ဖြေရှင်းရပါသည်။


မှတ်ချက်။ ။ စီးယင်းလူမျိုးများ၏ ထိမ်းမြားခြင်း မင်္ဂလာဝတ်ပြုသောအချိန်တွင် တစ်မျိုးနှင့် တစ်မျိုး မကျေမလည်ဖြစ်ခဲ့ဖူးသမျှကို မင်္ဂလာနေ့ရက်မတိုင်ခင် အပြီးဖြေရှင်းပြီး တစ်မျိုးလုံး တစ်ဆွေလုံးကျေနပ်အားရစွာ မင်္ဂလာပွဲဆင်နွဲလေ့ရှိသည်။

Saya Kim Thang ရေးသော စီးယင်းလူမျိုးများ၏ထိမ်းမြားခြင်း ရိုးရာဓလေ့အကျဉ်းကို စာရေးသူ၏ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲပြန်လည်တင်ပြထားခြင်းဖြစ်ပါသည်။ စာရေးသူမှလည်း နားလည်ခွင့်လွတ်ပေးမည်ဟုမျှော်လင့်ပါသည်။ 


               Thawng No Blog မှကူးယူပါသည်။