အမျိုးသားတွေက သူ့ကျန်းမာရေး အခြေအနေကို လျစ်လျူရှုတာ ဒါမှမဟုတ်
ဂရုစိုက်မှု နည်းတာတွေ ဖြစ်တတ်ပါတယ်။ အမျိုးသားတစ်ဦးက သူ့မှာ
ကျန်းမာနေတဲ့ ခန္ဓာကိုယ်ရှိကြောင်း သိနိုင်ဖို့ရာအတွက် လက္ခဏာငါးရပ်ရှိဖို့
လိုပါတယ်။ အမျိုးသားတစ်ဦးဟာ ငွေတွေအများကြီး အကုန်ခံပြီး စစ်ဆေးစရာမလိုဘဲ
ဒီလက္ခဏာတွေကို ကြည့်ရုံနဲ့ ကျန်းမာနေတဲ့သူ ဟုတ်၊ မဟုတ် သိနိုင်ပါတယ်။
1. လက်သည်း ပန်းရောင်ရှိခြင်း
လက်သည်းတွေကလည်း လူတစ်ဦးရဲ့ ကျန်းမာရေးအကြောင်း သဲလွန်စပေးနိုင်တဲ့
အစိတ်အပိုင်းတွေ ဖြစ်ကြပါတယ်။ ယေဘုယျအားဖြင့် ပြောရရင် ကျန်းမာနေတဲ့
လူတစ်ဦးရဲ့ လက်သည်းတွေက ပန်းရောင်ရှိပြီး သန်စွမ်းကာ ချောမွေ့နေကြပါတယ်။
လက်သည်းအရောင် ဖျော့တော့ပြီး လက်သည်းတွေ အပြောင်းအလဲဖြစ်တာဟာ အသက်ရှူ
လမ်းကြောင်းဆိုင်ရာ ပြဿနာရှိတာ၊ သံဓာတ် ချို့တဲ့တာတွေလို အခြေခံ ကျန်းမာရေး
ပြဿနာတွေရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။
2. ဆီးအရောင် ဝါဖျော့ဖျော့ရှိခြင်း
ဆီးအရောင်ကလည်း ကျောက်ကပ် ကျန်းမာရေး ကောင်း၊ မကောင်း ခန္ဓာကိုယ်က
ရေဓာတ်ပြည့်ဝမှု ရှိ၊ မရှိ ပြသနိုင်တဲ့ သဲလွန်စ တစ်ခုပါပဲ။ ကျန်းမာနေတဲ့
လူတစ်ဦးအတွက် ပုံမှန်ဆီးအရောင်က အဝါရောင် ဖျော့ဖျော့ ဖြစ်ပါတယ်။ ဒါပေမဲ့
ဆီးအရောင်က ဝါရင့်ရင့်နဲ့ ခပ်ပျစ်ပျစ်ဖြစ်နေရင် ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာ၊
ရေများများသောက်ဖို့ လိုအပ်ကြောင်း ပြသတဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။
3. သုက်လွှတ်ချိန်အတွင်း သုက်ရည်က လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ရှိခြင်း
ငယ်ရွယ်နေတဲ့ အမျိုးသားတွေက ကျန်းမာနေစဉ်မှာ သုက်လွှတ်ချိန်အတွင်း
သုက်ရည် ၂-၅ မီလီလီတာလောက် များတတ်ပါတယ်။ အသက် ကြီးလာတာနဲ့အမျှ ထွက်ရှိတဲ့
သုက်ရည်ပမာဏက လျော့ကျသွားတတ်ပါတယ်။ သုက်ရည်ပမာဏက နှစ်မီလီလီတာထက်
လျော့နည်းနေရင် သုက်ရည်လျော့နည်းတဲ့ အခြေအနေ (Hypospermia) ကို
ဖော်ပြရာရောက်ပြီး အမျိုးသား မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်တဲ့
အခြေအနေ ဖြစ်ပါတယ်။ သုက်ရည်ရဲ့ အတိုင်းအတာ ပမာဏအပြင် အရောင်နဲ့
အပျစ်အကျဲကလည်း အမျိုးသားတစ်ဦး ကျန်းမာရေး ကောင်း၊ မကောင်း ဖော်ပြနိုင်တဲ့
သဲလွန်စ တစ်ခုပါပဲ။ ကျန်းမာနေတဲ့ အမျိုးသားတွေရဲ့ သုက်ရည်ဟာ အဖြူရောင်
ဒါမှမဟုတ် ဖြူရော်ရော် ခဲရောင်မျိုး ဖြစ်တတ်ပြီး စေးကပ်ကပ် ဖြစ်တတ်ပါတယ်။
4. နားနေချိန်တွင် တစ်မိနစ် နှလုံးခုန်နှုန်း ၇၀ ကြိမ်ရှိခြင်း
နားနေတဲ့ အချိန်မှာ နှလုံးခုန်နှုန်း အကြိမ်ပမာဏဟာ လူတစ်ဦးရဲ့
တစ်ကိုယ်ရေ ကြံ့ခိုင်ကျန်းမာရေး အဆင့်ကို ဖော်ညွှန်းပြသနိုင်တဲ့ အချက်ပါ။
ယေဘုယျအားဖြင့် ကျန်းမာနေတဲ့ အမျိုးသားတွေရဲ့ ယေဘုယျ နှလုံးခုန်နှုန်းဟာ
နားနေချိန်မှာ တစ်မိနစ်ကို ၇၀- ၇၅ ကြိမ်ရှိရမှာ ဖြစ်ပါတယ်။ နှလုံးခုန်နှုန်း
အတိုင်းအတာက ဒီအတိုင်းအတာရဲ့ အပြင်ဘက်ရောက်နေရင် ကျန်းမာရေး
ပြဿနာရှိကြောင်း သံသယ ရှိသင့်ပါတယ်။
5. ခန္ဓာကိုယ် အရေပြား ဆွဲဆန့်နိုင်ခြင်း
အရေပြားကို ဆွဲဆန့်နိုင်စွမ်း ရှိတာက လူတစ်ဦး ရေဓာတ်ပြည့်ဝမှု ရှိ၊ မရှိ
သိနိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ ရေဓာတ် ပြည့်ဝနေရင် အရေပြားဟာ ဆွဲနိုင်
ဆန့်နိုင်စွမ်း ကောင်းမွန်နေပါလိမ့်မယ်။ ဒီစမ်းသပ်နည်းကို စမ်းသပ်ဖို့
လက်ရဲ့ နောက်ဘက်ရှိ အရေပြားကို ဆွဲလိုက်ပါ။ အရေပြားက ချက်ချင်း
ပြန်ကပ်သွားတယ်ဆိုရင် ရေဓာတ်ပြည့်ဝမှု ရှိနေပါတယ်။ တကယ်လို့ အချိန်ကြာမှ
အရေပြားက ပြန်ကပ်သွားရင်တော့ ရေဓာတ်ခန်းခြောက်မှု ရှိနေလို့ပါ။
Ref:Good Health
12/07/2012
ကျန်းမာနေသော အမျိုးသားတို့၏ လက္ခဏာရပ် ငါးမျိုး
12/07/2012
Dim




