၁၉၅၇ ခုနှစ်က ကယ်လီဖိုးနီးယားတွင် ဆယ်နှစ်အရွယ်ကောင်လေး တစ်ယောက် ရည်မှန်းချက် ပန်းတိုင်တစ်ခုချသည်။
အဲသည်အချိန်က အမေရိကန် ကြေးစားဘောလုံး (ရပ်ဂဘီဘော) လောကတွင် ဂျင်(မ)ဘရောင်းသည် အကျော်ကြားဆုံး နောက်တန်းအလယ်လူဖြစ်သည်။ ပိန်တာရိုး ကောင်လေးက သူ့အော်တို လက်မှတ်လိုချင်သည်။
သည်ရည်မှန်းချက် အောင်မြင်ရေးအတွက် ကောင်လေးမှာ ကျော်လွှားရမည့် အခက်အခဲအချို့ရှိနေသည်။
သူသည် လူမည်း ဆင်းရဲသား ရပ်ကွက်တွင် ကြီးပြင်းရသူဖြစ်သည်။ သူ့ခမျာ ဘယ်တုန်းကမှ ဝဝလင်လင်မစားရ။ အဟာရချို့တဲ့မှုကြောင့် အရိုးပျော့ရောဂါ ရနေသည်။ အရိုးပေါ်အရေတင်သည့် သူ့ခြေထောက်ခွင်ခွင်လေးကို သံမဏိထိန်းတံများဖြင့် ကျားကန်ပေးထားရသည်။ လောလောဆယ်လည်း ပိုက်ဆံမရှိသဖြင့် ဘောပွဲဝင်ကြည့်ရန် လက်မှတ်မဝယ်နိုင်။ ထို့ကြောင့် ဂျင်(မ)ဘရောင်း ကစားပြီး၍ ပြန်တတ်လာသည့်အချိန်တွင် တွေ့ဆုံရန် အဝတ်လဲခန်းနားက စိတ်ရှည်လက်ရှည် စောင့်မျှော်နေရသည်။
ဂျင်(မ)ဘရောင်းနဲ့တွေ့တော့ အော်တိုရေးပေးရန် ယဉ်ယဉ်ကျေးကျေးတောင်းခံသည်။ ဘရောင်း လက်မှတ်ထိုးနေသည့်အချိန် ကောင်လေးက ပြောပြသည်။
``မစ္စတာဘရောင်း ခင်ဗျားပုံကို ကျွန်တော့်အခန်းနံရံမှာ ချိတ်ထားတယ်ဗျ။ စံချိန်တွေအားလုံး ခင်ဗျားချိုးထားတာ ကျွန်တော်သိတယ်။ ခင်ဗျားက ကျွန်တော် အကြည်ညိုအလေးစား ဆုံးပုဂ္ဂိုလ်ဗျ---``
ဘရောင်း ပြုံး၍ နားထောင်ပြီး သွားရန်ပြင်သည်။ သို့သော် ကောင်လေးက မပြီးသေး။
``ကျွန်တော် တစ်နေ့ကျရင် မစ္စတာဘရောင်းတင်ထားတဲ့ စံချိန်တွေအားလုံးကို ချိုးမယ်ဗျ--``
သူက ရဲရဲဝံ့ဝံ့ ကြေငြာသည်။
ဘရောင်းဖြုံသွားသည်။ ``သားနာမည် ဘယ်လိုခေါ်လဲကွ`` သူမေးလိုက်မိသည်။
``အိုရင်သယ် ဂျိမ်း(စ)ပါ၊ သူငယ်ချင်းတွေကတော့ အိုဂျေလို့ အတိုကောက်ခေါ်ကြ ပါတယ်။
ကောင်လေးက ပြန်ဖြေသည်။
နောက်ပိုင်းတွင်မူ အိုဂျေဆင်မဆင်ဆိုသော ထိုအရိုးပျော့နှင့်ကောင်လေးသည် ထူးချွန်ထင်ရှားသော ဘောလုံးသမားတစ်ဦး တစ်ကယ်ဖြစ်လာခဲ့သည်။ ထိခိုက် ဒဏ်ရာကြောင့် ဘောလုံးလောကမှ စောစီးစွာ နှုတ်ထွက်ခဲ့ရသည့်အချိန်၌ ဂျင်(မ)ဘရောင်း တင်ထားခဲ့သည့် စံချိန်များ အနက် သုံးခုမှ အပ ကျန်အားလုံးကို သူချိုးနိုင်ခဲ့သည်။
လူတစ်ယောက်ကို ထက်သန်တတ်ကြွအောင် နှိုးဆွပေးသည့်နေရာ၌ ရည်မှန်းချက်ပန်းတိုင် ချမှတ်ခြင်း လောက် အင်အားပြင်းထန်သောအရာမရှိပါ။ ထို့ကြောင့်-----
ပန်းတိုင်ခိုင်ခိုင်ချပါ။ ပြီးလျှင် အဲသည်အတိုင်း တကယ်ဖြစ်အောင် စွမ်းဆောင်ပါ။
မူရင်း။ ။ Dan Clark ၏ Make It Come True
ဖေမြင့်--- နှလုံးသားအာဟာရ (ရသစာများ)
မှော်ဆရာအဖွဲ့ မှ
5/23/2012
ဖြစ်အောင်လုပ်စမ်းပါ
5/23/2012
Dim




