5/01/2012

ပုံပြင်တိုလေးများ....

ပုံပြင်တိုလေးများ....



တခါက လင်မယားနှစ်ယောက် ရထားစီးပြီး ခရီးအတူသွားကြသည်။ မိန်းမဖြစ်သူက တလမ်းလုံး
ရထားက ညစ်ပတ်တယ်၊ လေက ကြမ်းတယ်၊ ၀န်ထမ်းတွေ နမော်နမဲ့နိုင်တယ် စသည်ဖြင့်
တပျစ်တောက်တောက် ကျိန်ဆဲပြီး လိုက်ပါခဲ့သည်။ မည်သည့် အရာကိုမှ သူကြည့်မရ
ဖြစ်နေသည်။ ယောက်ျားဖြစ်သူက မိန်းမနှင့် ဆန်ကျင့်ဖက် ဖြစ်ပြီး ဘေးက
ခရီးအတူ သွားသူများကို ဖော်ဖော်ရွေရွေ နုတ်ဆက်သေးသည်။ မည်သည့်
အလုပ်အကိုင်ဖြင့် အသက်မွေးဝမ်းကြောင်းပြုသလဲဟု ခရီးသွားများက မေးသော်
ယောက်ျားဖြစ်သူက

“ကျွန်တော်က အင်ဂျင်နီယာပါ။ ကျွန်တော့် အမျိုးသမီးကတော့ ထုတ်လုပ်သူ ဖြစ်ပါတယ်”

“ ဘာပစ္စည်းတွေ ထုတ်လုပ်သလဲ” ဟု သိချင်သူများက တအံတသြနှင့် မေးကြသော်
ယောက်ျားဖြစ်သူက “မပျော်ရွှင်တဲ့ အရာကို ထုတ်လုပ်ပါတယ်” ဟုပြန်ဖြေခဲ့သည်။

မနက်မိုးလင်းလို့ ထလာတာနဲ့ ကျွန်တော်တို့မှာ ရွေးပိုင်ခွင့် နှစ်ခုရှိတယ်။ အဲဒါကတော့
ဒီနေ့အတွက် ပျော်ရွှင်ခြင်းနဲ့ မပျော်ရွှင်ခြင်းပါပဲ။ အဲဒီနှစ်ခုကို
ရွေးဖို့က ကိုယ့်စိတ်နဲ့ပဲ ဆိုင်တယ်။ ကိုယ့်စိတ်နဲ့ပဲ ရွေးချယ်နိုင်တယ်။

ပျော်ရွှင်တဲ့ ဘ၀ဆိုတာ ပျော်ရွှင်တဲ့ အတွေးအခေါ်တွေနဲ့ တည်ဆောက်ထားတယ်။
Isaac Newton



(၂)
ကျွန်တော်မှာ သူငယ်ချင်း တယောက်ရှိတယ်။ သူဟာ စိတ်ထားလှပြီး လူချစ်လူခင်ပေါတယ်။
သူတပါးကို အမြဲ ကူညီတတ်ပြီး လူတွေကို စိတ်ဆိုး စိတ်တိုတယ်လို့ မရှိဖူးဘူး။
တခါက လမ်းကြုံလို့ သူ့အိမ်ကို ကျွန်တော် ရောက်သွားခဲ့တယ်။ သူ့ကို သူ့အိမ်
အပေါ်ဆုံးထပ်မှာ ခေါင်းမော့်ပြီး ဖြတ်သွားတဲ့ လေယာဉ်ပျံကို ကြည့်ပြီး
အားရပါးရ အော်နေတာကို တအံတသြ တွေ့လိုက်မိတယ်။

ဘာဖြစ်လို့ အဲဒီလိုလုပ်ရသလဲလို့ ကျွန်တော်မေးတော့ သူက “ကျွန်တော်အိမ်က လေယာဉ်ကွင်းနဲ့
နီးတယ်။ လေယာဉ် ဖြတ်သွားတိုင်း ဆူညံတဲ့ အင်ဂျင်သံကို ကြားနေရတယ်။
ကျွန်တော်စိတ်ထဲမှာ မကျေမနပ်ဖြစ်တိုင်း၊ စိတ်ဓာတ်ကျစရာ ကြုံတိုင်း ဒေါသ
ထွက်တော့မယ်ဆိုရင် ဒီ အပေါ်ဆုံးထပ်ကို လာပြီး လေယာဉ်ဖြတ်သွားတိုင်း
ကျွန်တော့်ဒေါသကို အင်ဂျင်သံတွေနဲ့အတူ ရောပစ်လိုက်တယ်။ မကျေနပ်တာတွေကို
လေယာဉ်နဲ့အတူ လိုက်ပါသွားစေတယ်”

သူ့အိမ်က အပြန် လမ်းတလျောက်လုံး ကျွန်တော်တွေးလာခဲ့မိတယ်။ ကိုယ့်ရဲ့ မကျေနပ်စိတ်ကို ဘယ်လို
လျော့အောင်လုပ်ရမယ်ဆိုတာ သိလို့ သူဒီလောက် စိတ်သဘောထားကောင်းနေတာ ဖြစ်ရမယ်။
အားလပ်ချိန်နည်းပြီး အလုပ်တွေ ဖိစီးခံရတဲ့ ဒီခေတ်မှာ လူတွေဟာ မိမိရဲ့
စိတ်ဖိအားကို သူတပါးကိုလဲ မထိခိုက်
မနစ်နာမိအောင် ဘယ်လိုလုပ်ဆောင်မယ်ဆိုတာ သိထားရင် ကျန်းမာပျော်ရွှင်တဲ့ ဘ၀ကို ပိုင်ဆိုင်ရမှာ ဧကန်မလွဲပါပဲ။

ဘ၀မှာ ဖိအားဆိုတာ ရှိသင့်ပါတယ်။ လှေ၊ သဘောင်္လိုပေါ့။ အရာဝတ္ထု ပစ္စည်းတွေနဲ့ လှေကိုဖိပေးမှ လှေဟာ ရွက်လွှင့်နိုင်တယ်။ Arthur Schopenhauer



(၃)
နွေဆိုရင် ကန်ရေတွေ ခမ်းကြတယ်။ တံငါတွေက ရေနည်းရင် ဖမ်းရလွယ်လို့ ငါး၊ ပုဇွန်တွေကို
ဖမ်းကြတယ်။ ဒါပေမဲ့ ငါးရံ့လေးတွေကတော့ တံငါသည်တွေရဲ့ လက်ကလွတ်အောင်
ကြိုးစားကြတယ်။ နွေဝင်ပြီဆိုတာနဲ့ ငါးရံ့တွေက ရွှံထဲတိုးဝင်ကြတယ်။ ရွှံထဲမှာ
ခိုနေကြတယ်။ ငါးဟာရွှံနဲ့ ရောနေတော့ တံငါတွေ မတွေ့ကြလို့ အသက် ချမ်းသာရာ
ရခဲ့ကြတယ်။ မိုးဝင်ပြီဆိုမှ ငါးဟာ ရွှံထဲကနေ ပြန်ထွက်လာတော့တယ်။ သေးငယ်တဲ့
ငါးလေးကတောင် သဘာဝကို အမှီပြုပြီး အသက်ရှင်ဖို့ ကြိုးစားတတ်ကြတယ်။
သတ္တ၀ါထဲမှာ အသိဥာဏ်အရှိ ဆုံးဆိုတဲ့ လူတွေကတော့....

တခါတလေ လူ့ဘ၀မှာ လှဲကျလို့ ဒူးပြဲသွားရင် တယောက်ယောက်က လာထူမှ ထတတ်ကြတယ်။ လက်ဝှေ့သမားနဲ့
နဘမ်းသမားတွေက ဘယ်လောက်ပဲ ပစ်လဲကျသွားပါစေ ထူပေးလို့ မရဘူး။ အချိန်(၁၀)
စက္ကန့်အတွင်းမှာ ကိုယ့်မှာရှိသမျှ ခွန်အားနဲ့ လဲကျရာက ထလာရတယ်။ထလာနိုင်မှ
ပြိုင်ပွဲဆက်ဝင်လို့ ရမယ်။ ထလာမှ အနိုင်ကို ယူလို့ရမယ်။ လဲကျပြီး
ပြန်မထလာရင်တော့ အခွင့်အရေးဆိုတာလဲ မရှိနိုင်တော့ဘူးပေါ့။

လဲကျသွားတာ ရှက်စရာ မဟုတ်ဘူး။ လဲကျပြီး ပြန်မထတာကမှ ရှက်စရာကောင်းတယ်။

fwd mail ကပါ......