2/07/2012

ငြင်းခုန်ရန်ဖြစ်ခြင်း အနုပညာ

လင်မယားငြင်းခုန်ရန်ဖြစ်တာနဲ့ ပတ်သက်ပြီး အမေရိကန် "Journal of Family Psychology" က လက်ရှိဓလေ့နဲ့ဆန့်ကျင်ပြီး ဆန်းသစ်ချက်အသစ်တွေထုတ်ပြန်ခဲ့ပါတယ်။ ဆန်းသစ်ချက်အသစ်က တစ်ယောက်အပေါ်တစ်ယောက်
နေ့တိုင်းယဉ်ကျေးပျူဌာပြုနေတဲ့ လင်မယားရဲ့အိမ်ထောင်ရေးကပျော်ရွှင်ချမ်းမြေ့တယ်လို့ မဆိုနိုင်ဘူး။ ရန်ဖြစ်တတ်တဲ့
လင်မယားရဲ့အိမ်ထောင်ရေးကမှ ပျော်ရွှင်တယ်လို့ ဆိုပါတယ်။

လင်မယားအများစုမှာ တစ်သက်လုံး ရန်မဖြစ်ဘူးဆိုတာရှားပါတယ်။
ရန်ဖြစ်တာချင်းအတူတူ တချို့ကရန်ဖြစ်လေ သံယောဇဉ်ခိုင်မြဲလေဖြစ်တယ်။
တချို့က ရန်ဖြစ်တာကို လမ်းခွဲတာနဲ့အဆုံးသတ်ကြတယ်။ဒီလိုအဖြစ်တွေရဲ့ခြားနားချက်က သင့်မှာ ရန်ဖြစ်တဲ့အနုပညာ
ရှိ/မရှိဆိုတာနဲ့ပဲ ခွဲခြားရပါလိမ့်မယ်။ "လင်မယားရန်ဖြစ်တယ်"ဆိုတဲ့
သင်ခန်းစာဟာ ယနေ့ခေတ်လူတွေ "အထူးသင်ကြားအပ်"တဲ့ သင်ခန်းစာတစ်ခုဖြစ်ပါတယ်။

လင်မယားရန်ဖြစ်တဲ့အကြောင်းရင်း နံပါတ်စဉ်

လင်မယားရန်ဖြစ်တဲ့အကြောင်းရင်းကို အင်တာဗျူးမေးမြန်းချိန်မှာ
လင်မယားအများစုက သတင်းထောက်ကို အခုလိုရင်ဖွင့်ပါတယ်။ ကိစ္စအသေးအဖွဲနဲ့လင်မယားချင်းရန်ဖြစ်ကြတယ်။ ဖုတ်ဝင်သွားတဲ့
ခန္ဓာကိုယ်ရဲ့လှုံ့ဆော်မှုအောက်မှာ စကားကိုမဆင်မခြင် ပြောဆိုကြတယ်။
ရန်ဖြစ်တာကို တံစဉ်းတစ်ခုလို သဘောထားပြီး လင်မယားနှစ်ယောက်ကြားကသံယောဇဉ်ကို ပါးသထက်ပါးအောင် ပွတ်တိုက်လိုက်ကြတယ်။

"ရန်ဖြစ်တိုင်း ငိုတယ်။ ကိုယ့်ကိုယ်ကို မုန်းလိုက်တာ... တကယ်လက်တွေ့က
စိတ်ကူးထားတာနဲ့ တခြားစီပဲ"

"ရန်ဖြစ်ပြီးနောက် ဘာအကြောင်းကြောင့်ရန်ဖြစ်တယ်ဆိုတာကိုလုံးလုံးမေ့သွားတယ်။ ဒါပေမယ့် ရန်ဖြစ်လို့ရတဲ့ စိတ်နာကျင်မှုကိုတော့
ကောင်းကောင်းမှတ်မိနေတတ်တယ်"

ရန်ဖြစ်ရတဲ့ အကြောင်းရင်းက "ဒီနေ့ နင်ချက်တဲ့ဟင်းက ဘာဖြစ်လို့ ဒီလောက်ငန်ရသလဲ?"၊ "အခုမှ တိုက်ထားတဲ့ကြမ်း နင့်ကြောင့်ပြန်ညစ်ပတ်သွားပြီ" ဆိုတဲ့အထိ သေးငယ်နိုင်သလို.. "အိမ်က ငွေရေးကြေးရေး
ဘယ်သူကိုင်မလဲ?"၊
"ကလေးကို ဘယ်လိုင်း၊ ဘယ်တက္ကသိုလ်တက်ခိုင်းမလဲ"ဆိုတဲ့အထိကြီးမားနိုင်ပါတယ်။ ဒီအကြောင်းရင်းတွေကရန်ပွဲသေးသေးကနေ
ရန်ပွဲကြီးကြီးအထိ ဖြစ်စေနိုင်ပါတယ်။

အမေရိကန်က လေ့လာဆန်းစစ်ချက်အရ သာမန်အားဖြင့် လင်မယားတွေဟာနှစ်ရက်ကိုတစ်ကြိမ်လောက် ရန်ဖြစ်လေ့ရှိတာကို တွေ့ရတယ်။
ရန်ဖြစ်ရတဲ့နံပါတ်တစ်အကြောင်းရင်းက သားသမီးအရေးကြောင့်ဖြစ်တယ်။
နံပါတ်နှစ်အကြောင်းရင်းက ဘာဝယ်သင့်သလဲ၊ ဘာမဝယ်သင့်သလဲနဲ့အိမ်မှုကိစ္စခွဲခြမ်းရေး၊ ဝေယျာဝစ္စတွေဖြစ်တယ်။ နံပါတ်သုံးအကြောင်းရင်းကအချင်းချင်း ပြောဆိုဆက်ဆံရေးဖြစ်တယ်။ ငွေကြေးကြောင့်ရန်ဖြစ်တဲ့နှုန်းက
၁၈%သာရှိပေမယ့် ဒီငြင်းခုန်ရန်ဖြစ်ခြင်းက လင်မယားရဲ့ဆက်ဆံရေးကိုပိုသက်ရောက်စေသလို ပိုပြင်းထန်စေတယ်လို့ ဆိုပါတယ်။

အမေရိကန် University of Denver က Marital and Family Co-Director ဖြစ်တဲ့
စိတ်ပညာပါမောက္ခ Dr. Howard Markmanဟာ နှစ်ပေါင်း၃ဝအချိန်ကိုအသုံးပြုပြီး
လင်မယားရန်ဖြစ်ချိန် အငြင်းမပွားအောင် ဘယ်လိုဖြေရှင်းသင့်သလဲဆိုတဲ့
ပြဿနာကို လေ့လာဆန်းစစ်ခဲ့တယ်။ Dr.Markmanက သူ့အမြင်မှာ လင်မယားတွေဟာ
ငြင်းခုန်တာပဲဖြစ်ဖြစ်၊ စကားနိုင်လုတာပဲဖြစ်ဖြစ်မကွာခြားဘူးလို့ဆိုပါတယ်။ ဒါတွေဟာ နောက်ဆုံးမှာ ပြင်းထန်တဲ့အငြင်းပွားမှု
သုံးမျိုးကိုဖြစ်စေပါတယ်။ (၁) တစ်ဖက်သတ် ဆဲဆိုတိုင်းထွာမယ်၊ (၂)
အချင်းချင်း ဆဲဆိုတိုင်းထွာမယ်၊ (၃) ဘာမှမပြောဘဲ တံခါးဆောင့်ပိတ်အပြင်ထွက်သွားမယ်။

သိမ်မွေ့တဲ့ငြင်းခုန်ရန်ဖြစ်မှုက သံယောဇဉ်ကိုတိုးစေတယ်

အိမ်ထောင်ရေးမှာ ငြင်းခုန်ရန်ဖြစ်မှုတိုင်းက အပျက်ကိုဆောင်နေစေခဲ့ပြီလား?

ရှန်ဟိုင်းစိတ်ပညာမေးမြန်းရေး ဥက္ကဌ"မစ္စဝမ်"က ဒီလိုမထင်ဘူးလို့ဆိုပါတယ်။
ငြင်းခုန်ရန်ဖြစ်တယ်ဆိုတာ လူလူချင်းကြားက ဆက်ဆံရေးတစ်မျိုး၊ပြောဆိုရေးတစ်မျိုးလို့ ဆိုပါတယ်။ လင်မယားငြင်းခုန်ရန်ဖြစ်တဲ့
ကောင်းကျိုးနှစ်မျိုးက (၁) စကားအမှန်ကိုကြားရခြင်း.....ငြင်းခုန်ရန်ဖြစ်ချိန်မှာ စကားတွေကို စိတ်လိုက်မာန်ပါ
ပြောချင်ရာပြောတတ်ကြတယ်။ သာမန်အချိန်မှာ ရင်ထဲထည့်ထားတဲ့စကားကိုဖွင့်အန်လာတတ်ကြတယ်။ ဒါဟာ တစ်ဖက်သားရဲ့ တကယ့်အတွေးကိုသိနားလည်ရတဲ့အချိန်ဖြစ်တယ်။ ဒါဟာ ရန်ပွဲပြီးနောက် အချင်းချင်း
နားလည်မှုဖလှယ်ဖို့၊ ချင့်ချိန်တွေးဆဖို့၊ ကိုယ့်အပြုအမူကို ပြင်ဆင်ဖို့အခွင့်အရေးဖြစ်တယ်။

(၂) အပျက်ဆောင်ခံစားချက်တွေကို ဖွင့်အန်ထုတ်ပြောခြင်း ... လင်မယားကြားမှာ
အပျက်ဆောင်ခံစားချက်တွေကို အချင်းချင်းထုတ်ဖော်ပြောတာဟာ
အိမ်ထောင်ပေါင်းသင်းရေးထဲက တစ်ချက်ဖြစ်တယ်။
လင်နဲ့ မယားကသာအိမ်ထောင်ရေးအကျိုးစီးပွားကို ဖြစ်စေတာပါ။ မိဘ၊ ညီအစ်ကို
မောင်နှမတွေကြားမှာ မပြောပြနိုင်တဲ့စကားတချို့ကို လင်မယားကြားမှာသာ
ပြောဆိုကြပါတယ်။ အပျက်ဆောင်ခံစားချက်တွေကို သည်းခံနားလည်ပေးတာဟာ
လင်နဲ့မယားကို လူ့ဘဝခရီးလမ်းမှာ အဖော်ကောင်းဖြစ်စေသလို
ပေါင်းသင်းဆက်ဆံရေးကိုလည်း ပိုခိုင်မြဲစေပါတယ်။

ပီကင်း စိတ်ပညာမေးမြန်းရေးဌာန (ChenHui Psycho &
Consulting,Beijing,Ltd.) ဥက္ကဌ "မစ္စတာလွေ"ကလည်း ငြင်းခုန်ရန်ဖြစ်ခြင်းဟာ
လင်မယားတွေရဲ့ ကျန်းမာတဲ့ပေါင်းသင်းဆက်ဆံရေးလို့ ဆိုပါတယ်။ ဒါဟာ
ပြင်းထန်တဲ့ စီးပွားရေးဆွေးနွေးချက်လို အဓိကဦးတည်ချက်က သဘောတူညီမှုရဖို့၊
တစ်ဖက်ရဲ့အတွေးအမြင်ကို အသိအမှတ်ပြုဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်
ငြင်းခုန်ရန်ဖြစ်တာကို မကျန်းမာတဲ့ငြင်းခုန်ရန်ဖြစ်ခြင်းနဲ့
ကျန်းမာတဲ့ငြင်းခုန်ရန်ဖြစ်ခြင်းဆိုပြီး နှစ်မျိုးခွဲနိုင်ပါတယ်။

ကျန်းမာတဲ့ငြင်းခုန်ရန်ဖြစ်ခြင်းက ကိစ္စရပ်တစ်ခုတည်းကိုပဲ ထပ်တလဲလဲ
ငြင်းခုန်ရန်ဖြစ်တာမျိုး မဟုတ်ဘဲ မတူတဲ့ကိစ္စရပ်တွေအတွက်
ရန်ဖြစ်တာဖြစ်တယ်။ မကျန်းမာတဲ့ငြင်းခုန်ရန်ဖြစ်ခြင်းက
ကိစ္စရပ်တစ်ခုတည်းကိုပဲ ထပ်တလဲလဲ ငြင်းခုန်ရန်ဖြစ်တာဖြစ်ပြီး
ရန်ဖြစ်ပြီးတိုင်းလဲ ဖြေရှင်းညှိနှိုင်းလို့ မရနိုင်ခဲ့ဘူး။ ဒီလို
ငြင်းခုန်ရန်ဖြစ်ခြင်းက လင်မယားကြားက ဆက်ဆံရေး၊ စိတ်နေစိတ်ထား၊
အကျင့်စရိုက်တွေကို ပါဝင်ပတ်သက်စေပါတယ်။ အိမ်ထောင်ရေးအက်ကြောင်းများ
ဖြစ်ပေါ်နိုင်ပြီး အိမ်ထောင်ပြိုကွဲတဲ့အထိ ဖြစ်နိုင်ပါတယ်။

ငြင်းခုန်ရန်ဖြစ်ခြင်း အရည်အချင်း(၆)မျိုး

ငြင်းခုန်ရန်ဖြစ်ခြင်းဟာ ဆက်ဆံပြောဆိုနည်းတစ်မျိုးလို့ဆိုခဲ့ရင်
ဒီနည်းကို အဆင်ပြေချောမွတ်အောင်လုပ်ပြီး
ငြင်းခုန်ရန်ဖြစ်တဲ့အနုပညာမြောက်အောင် ဘယ်လိုလုပ်မလဲ?

Dr.Markman က လင်မယားအချင်းချင်း တစ်ယောက်အပေါ်တစ်ယောက် အပြစ်ပုံချတာ၊
တစ်ဖက်အမြင်ကို သဘောမတူတိုင်း ဒေါသတကြီးနဲ့ နေရာကခွာတာတွေဟာ
အပျက်ဆောင်ဆက်ဆံရေးဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီလိုပုံစံနဲ့သာ
ဆက်သွားနေရင် ခရီးဝေးရောက်လေ ကွာရှင်းနှုန်းနီးလေ ဖြစ်နိုင်ပါတယ်။
ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်မှာလည်း ငြင်းခုန်ရန်ဖြစ်ခြင်းမှာ
အောက်မှာဖော်ပြထားတဲ့ အရည်အချင်း (၆)မျိုးပါဝင်ပါတယ်။

(၁) ငြင်းခုန်ရန်ဖြစ်တဲ့အချိန်ကို သတိပြုပါ။

ဆွီဒင်ပညာရှင်တွေရဲ့ ဆန်းစစ်ချက်မှာ လင်မယားရန်ဖြစ်ချိန်က
မနက်အလုပ်သွားဖို့ အိမ်ကမထွက်ခွာခင် (၄)မိနစ်အလိုနဲ့
အလုပ်ဆင်းအိမ်ပြန်ရောက်ပြီး (၄)မိနစ်အကြာမှာလို့ ဆိုပါတယ်။
ဒီအချိန်အခါမျိုးဟာ ကျွန်တော်တို့ရဲ့စိတ်ခန္ဓာတွေ အရမ်း
ပင်ပန်းနွမ်းနယ်ချိန်ဖြစ်တာမို့ ဆန့်ကျင်တဲ့စကားတွေကို
အလွယ်တကူပြောတတ်ကြတယ်၊ အလွယ်တကူ ပေါက်ကွဲလွယ်စေတတ်တယ်။ မစ္စဝမ်က
အလုပ်မသွားခင် ငြင်းခုန်ရန်ဖြစ်ခြင်းကို အထူးရှောင်သင့်တယ်လို့ ဆိုပါတယ်။
ဒီရန်ပွဲဟာ ပြင်းထန်ခဲ့ရင် ပြန်ဖာထေးရခက်ကြောင်း၊ တစ်နေ့လုံး
ဒေါသထွက်စေနိုင်ကြောင်း ဆိုထားပါတယ်။ အဲဒီအပြင် ညအိမ်ရာဝင်ခါနီး
ငြင်းခုန်ရန်ဖြစ်ဖို့ မသင့်ပါဘူး။ ဒီအချိန်အခါဟာ လူ့စိတ်
အားနည်းဆုံးအချိန်၊ ထိန်းချုပ်အား ကျဆင်းချိန်ဖြစ်တာမို့ အလွယ်တကူ
ဒေါသထွက် ပေါက်ကွဲလွယ်တယ်လို့ ဆိုပါတယ်။

(၂) ငြင်းခုန်ရန်ဖြစ်တဲ့နေရာကို သတိပြုပါ။

မစ္စတာလွေက လင်မယားရန်ဖြစ်တာဟာ အိမ်မှာပဲဖြစ်သင့်တယ်။
အိမ်ခန်းတံခါးပိတ်ပြီး ဖြစ်သင့်တယ်လို့ ဆိုထားပါတယ်။
ကားမောင်းချိန်ရန်ဖြစ်တာဟာ ခံစားချက်ကို မထိန်းချုပ်နိုင်ရင်
အရမ်းအန္တရာယ်များတယ်လို့ ဆိုပါတယ်။ မိဘ၊ ဆွေမျိုးသားချင်း၊
သားသမီးတွေရှေ့မှာ ရန်မဖြစ်သင့်ပါဘူး။ ဒါဟာ ငြင်းခုန်မှုတွေကို
ပိုကျယ်ပြန့်စေသလို တခြားလူကိုလည်း ထိခိုက်စေနိုင်ပါတယ်။
အများပြည်သူနဲ့ဆိုင်တဲ့နေရာ သူစိမ်းတွေများတဲ့ နေရာမျိုးမှာလည်း
ရန်မဖြစ်သင့်ပါဘူး။ သူစိမ်းတွေရဲ့စပ်စုမှုအောက်မှာ ရန်ပွဲကို
ပိုအရှိန်မြင့်စေနိုင်ပါတယ်။

(၃) မပြောအပ်တဲ့ စကား(၄)ခွန်း

(၁) တစ်ဖက်သားရဲ့သရုပ်မှန်ကို အကျိုးမဲ့စေတဲ့စကား

ဥပမာ - "ငါ့အရင် ရည်းစားက နင့်ထက်အများကြီးသာတယ်"၊
"တချို့ယောက်ျားတွေက သူတို့မိန်းမတွေအပေါ် ကောင်းလိုက်တာ"

(၂) တစ်ဖက်သားရဲ့တန်ဖိုးကို အကျိုးမဲ့စေတဲ့စကား

ဥပမာ - "အိမ်မှာနေတော့လဲ အသုံးမကျ၊ အလုပ်မှာလည်း အသုံးမကျ...
နင်ဘယ်နေရာမှာ အသုံးကျသေးသလဲ?"

(၃) ကိစ္စတစ်ခုထဲနဲ့ အရာအားလုံးကို အပြစ်ပုံချတဲ့စကား

ဥပမာ - စားပွဲခုံကို တစ်ခါလေးပြောင်အောင်မတိုက်တာနဲ့ တစ်ဖက်သားကို
အပြစ်ပုံချတဲ့စကား "ဘယ်တော့မှ ပြောင်အောင်မတိုက်နိုင်ခဲ့ဘူး"

(၄) မျှော်လင့်ချက်မဲ့ အပျက်ဆောင်စကား

ဥပမာ - "အေး...အတူတူ မနေနိုင်မယ့်အတူ ကွာရှင်းတာပဲကောင်းမယ်"

ငြင်းခုန်ရန်ဖြစ်ပွဲကို သွေးအေးစစ်ပွဲအဖြစ်၊ အပြစ်ပုံချနည်းနဲ့
အဆုံးမသတ်သင့်ပါဘူး။ တစ်ဖက်သားကိုပဲ အပြစ်ပုံချတာမျိုး "အုပ်ထိန်းသူ
အစည်းအဝေးပွဲကို နင်မသွားဘူး။ ကလေးတွေကိုလည်း ဂရုမစိုက်ဘူး... နင်
မိခင်ပီသသေးရဲ့လား?"၊ ဒါမှမဟုတ် မပြောမဆိုနဲ့
သွေးအေးစစ်ပွဲပြောင်းလိုက်တာဟာ ရင်ထဲမှာ အစိုင်အခဲတစ်ခုအဖြစ်၊
နောင်တစ်ကြိမ်မှာ ငြင်းခုန်ရန်ဖြစ်ပွဲဖြစ်စေဖို့ ထပ်ဖန်တီးလိုက်တာနဲ့
အတူတူပါပဲ။ ဒီလိုအခြေအနေမျိုးတွေနဲ့ အဆုံးသတ်မယ့်အစား အတွေးအမြင်၊
အကြံဉာဏ်တောင်းဆိုတာမျိုး "ညတိုင်း မိနစ်(၄ဝ)လောက် ကလေးတွေနဲ့အတူ
နင်အိမ်စာလုပ်ပေးနိုင်မလား?"ဆိုတာမျိုး ပြောဆိုသင့်ပါတယ်။ ဒါမှ
တစ်ဖက်သားက ဘာဆက်လုပ်သင့်တယ်ဆိုတာကို သိနားလည်ပြီး ပြဿနာကို
ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

ငြင်းခုန်ရန်ဖြစ်ချိန်မှာ မငိုတာက အကောင်းဆုံးပါ။
ငြင်းခုန်ရန်ဖြစ်တယ်ဆိုတာ ခံစားချက်ကို ထုတ်ဖော်ပြရုံသာမက အကျိုးသင့်
အကြောင်းသင့်ကိုလည်း ထုတ်ဖော်ပြတာဖြစ်တယ်။ ငိုတာက ခံစားချက်ကို
ပိုပြင်းထန်စေတယ်။ ဆုံးဖြတ်ချက်ကို သက်ရောက်စေတယ်။ ပြင်းထန်တဲ့
ငြင်းခုန်ရန်ဖြစ်မှုမှာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ဖို့
"နေရာ"ကခဏခွာပါ။ ဥပမာ- အိပ်သာတက်တာဖြစ်ဖြစ်၊ ပန်းကန်ဆေးတာဖြစ်ဖြစ်၊
အိမ်သန့်ရှင်းလုပ်တာပဲဖြစ်ဖြစ် ကိုယ့်စိတ်ကို
တည်ငြိမ်သွားစေမယ့်အခွင့်အရေး ပေးပါ။ ရန်ပွဲဖြစ်ပြီးနောက်
ပျော်စရာစကားတွေနဲ့ စနောက်ပါ။ လက်ဆောင်ပေးပါ။ ဒါမှမဟုတ်
ရုပ်ရှင်ကြည့်ဖို့ ချိန်းဆိုပြီး ငြင်းခုန်ရန်ဖြစ်ခဲ့တာတွေကို
ချေဖျက်လိုက်ပါ။

ငြင်းခုန်ရန်ဖြစ်ပြီဆိုရင် လင်ယောက်ျားဖက်က အရင်အပေးအယူ၊
သဘောတူညီမှုလုပ်ပါ။ လူတွေရဲ့ ဦးနှောက်မှာ ကြက်ဥလောက်ရှိတဲ့ "Limbic
system"ဆိုတာရှိပါတယ်။ Limbic system က ခံစားချက်ထုတ်လွတ်ရာ နေရာဖြစ်တယ်။
မိန်းကလေးတွေရဲ့ Limbic systemက ယောက်ျားထက်ကြီးတယ်။ ဒါကြောင့်
မိန်းကလေးတွေက ဘာကိစ္စမဆို ယောက်ျားတွေထက် ခံစားမှုပိုတတ်တယ်။
အကျိုးအကြောင်း ဆက်စပ်မတွေးတတ်ဘူး။ တကယ်လို့ အကျိုးကြောင်းရှင်းပြလည်း
အသုံးမဝင်ခဲ့ဘူးဆိုရင် ယောက်ျားလေးတွေလုပ်ရမယ့် အကောင်းဆုံးအလုပ်က
ဘာမှဆက်မပြောတော့ဘဲ သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်တာပါပဲ။
စကားလုံးမဲ့ပွေ့ဖက်ခြင်းဟာ ချစ်စရာစကား ထောင်သောင်းပေါင်းများစွာထက်
သာလွန်နိုင်ပါတယ်။

ငြင်းခုန်ရန်ဖြစ်တယ်ဆိုတာ အချင်းချင်း ထိခိုက်နာကျင်ဖို့
မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့အမြဲ မှတ်သားထားရပါမယ်။ အချစ်က
ကျွန်တော်တို့ဘဝကို အတူရှိစေခဲ့တယ်ဆိုရင် ဆက်ဆံပြောဆိုခြင်းက
(Communication) ကျွန်တော်တို့ကို အိုမင်းတဲ့အထိ
လက်တွဲခိုင်မြဲစေမှာဖြစ်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။
--