1/31/2012

"ကိုယ်တော်သာလျှင် ကြီးမြတ်မူပေ" ဓမ္မသီချင်း၏ ရာဇ၀င်

How Great Thou Art

အင်္ဂလိပ်သီချင်းစာသား -စတွတ်၊ ကေ၊ ဟိုင်း-၁၈၉၉

သံစဉ်စီစဉ်သူ -စတွတ်၊ ကေ၊ ဟိုင်းနှင့် Manna Music

“ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်းဘွယ် ဖြစ်တော်မူ၏ ။ ကြီးမြတ်တော်မူခြင်းကို စစ်၍မကုန်နိုင်။” (ဆာလံ ၊ ၁၄၅း၃)။

ဤသီချင်းသည် (၂၀)ရာစုနှစ်၏ ချီမွမ်းခြင်း သီချင်းတစ်ပုဒ်ဖြစ်ပြီး ပြီးခဲ့သည့် အနှစ်သုံးဆယ် အတွင်းတွင် ဘုရားသခင့်လူတို့ ကြိုက်နှစ်သက်သည့် သီချင်းတစ်ပုဒ် ဖြစ်လာသည်။

အကြောင်းမှာ လူကြိုက်များသော ဧဝံဂေလိ အဆိုတော်များ၊ အထူးသဖြင့် George Beverly Shea ကို အသုံးပြုခြင်းကြောင့် ဖြစ်သည်။

မစ္စတာ James Caldwell သည် ၁၉၅၁ခုနှစ်၌ Long Island ၌ ကျင်းပသော Story Brook Bible Conference သည် သီဆိုပြီး အမေရိကန် ပရိသတ်ကို မိတ်ဆက်ပေးသော်လည်း နာမည်ကြီးသော လန်ဒန် တရားဟောပွဲကြီး အတွင်း ဘီလီဂရေဟမ် ဧဝံဂေလိအဖွဲ့မှ Cliff Barrows နှင့် Beverly Shea တို့ သီဆို သောအခါမှသာ တစ်ကမ္ဘာလုံးသို့ ထင်ရှားကျော်ကြားလာသည်။

ဆွီဒင်ဘာသာစကား၌ နဂိုမူလ စာသားသည် ကဗျာတစ်ပိုဒ် ဖြစ်ပြီး “O Store Gud” ဟူ၍ နာမည်ပေးထားသည်။

၎င်းကို ၁၈၈၆၌ ဆွီဒင်လူမျိုး သင်းအုပ်ဆရာ တစ်ပါးဖြစ်သော သိက္ခာတော်ရ ဆရာကားလ်ဘိုဘတ်က ရေးသားသည်။

ဘိုဘတ်သည်လည်း Sanningsvittnet စာစောင်၏ အောင်မြင်သော အယ်ဒီတာတစ်ဦးဖြစ်သည်။

ဤသီချင်းရေးသားရန် နှိုးဆော်ခြင်းခံရသည်မှာ ဆွီဒင်၏ လှပသော အရှေ့တောင်ပင်လယ် ကမ်းရိုးတန်သို့ သွားရောက်လည်ပတ်ရာမှ ဖြစ်သည်ဟု ဆိုကြသည်။

တစ်နေ့၌ တောထဲတွင် လျှောက်သွားနေစဉ် လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည်တို့ကို ရုတ်တရက် ရင်နင့်ဖွယ် တွေ့ကြုံခံစားခဲ့ရာ ထိုအဖြစ်အပျက်ပြီးနောက် တစ်ခဏချင်းတွင်ပင် ဝင်းထိန်သော နေရောင်ခြည် ထွက်လာသည်။

တိတ်ဆိတ်ငြိမ်သက်ပြီး မကြာမီတွင် အနီးအနား၌ ရှိသောသစ်ပင်များ၌ ငှက်ကလေးများ၏ တေးသီချင်း ဆိုသံများကို ကြားရသည်။

ထိုသို့သော အတွေ့အကြုံများကြောင့် ထိုသင်းအုပ်ဆရာသည် ဒူးထောက်ချကာ တန်ခိုးကြီးမားသော သူ၏ ဘုရားသခင်ကို နှိမ့်ချစွာဖြင့် ဝတ်ပြုကိုးကွယ်သည်။

သူ၏ ချီးမြှောက်ခြင်းကို ဆွီဒင်ဘာသာဖြင့် “O Store Gud,nar Jag den varld beskader” ဟူ၍ အပိုဒ်ကိုးပိုးဒ်ရှိသော ကဗျာကို ဖွဲ့ဆိုထားပါသည်။

နှစ်အတော်ကြာသောအခါ Varmland နယ်၌ ကျင်းပသော အစည်းအဝေးတစ်ခု၌ ဘိုဘတ်တက်ရောက်လာပြီး သူ၏ ကဗျာကို ဆွီဒင် သီချင်းဟောင်းတစ်ပုဒ်၏ သံစဉ်ဖြင့် ပရိသတ်သီဆိုကြသည်ကို အံ့သြဖွယ်ရာ ကြားရသည်။

ဤသီချင်း၏ နောက်ဆက်တွဲ ရာဇဝင်မှာ စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်သည်။ ဘိုဘတ်ဘာသာပြန်တည်းဖြတ်ပြီး မကြာမီတွင် ထိုစာသားကို Manfred von Glehn က ဂျာမဏီသို့ပြန်ဆိုကာ “Wie gross bist Du” ဟူ၍ ခေါင်းစဉ်တပ်သည်။

နောက်ပိုင်း ၁၉၂၅ ရောက်သောအခါ အီလီနွိုက်၊ ချီကာဂိုရှိ North Park ကောလိပ်၏ သိက္ခာတော်ရဆရာ အီးရိုစတပ်ဗ်ဂျွန်ဆင်က ဆွီဒင်ဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသည်။ ဤဘာသာပြန်သော သီချင်းသည် ယနေ့ ကျွန်ုပ်တို့ အသုံးပြုသည့် စာသားနှင့် အလွန်ခြားနားသည်။

၎င်းကို အချို့သော ဓမ္မသီချင်းစာအုပ်များ၌ ယနေ့ တွေ့နိုင်သေးသည်။ ဂျွန်ဆင်၏ ဆွီဒင်ဘာသာမှ တိုက်ရိုက်ဘာသာပြန်သည့် သီချင်းကို “ကြီးမြတ်သောဘုရား၊ အံ့ဖွယ်ရာများကို ကျွန်ုပ်ကြည့်သောအခါ”ဟူ၍ ခေါင်းစဉ်တပ်ထားသည်။

၁၉၂၇ခုနှစ်တွင် I.S Prokhan off သည် ဂျာမန်ဘာသာမှ ရုရှားဘာသာသို့ ပြန်ဆိုသည်။

၁၉၃၃တွင် သာသနာပြုများဖြစ်သော သက္ခာတော်ရဆရာ S.K Hine နှင့် သူ၏ ဇနီးတို့သည် ယူကရိန်းလူမျိုးများ၌ အမှုတော်ကို ထမ်းရွက်ကြသည်။

ထိုနေရာ၌ရှိသော ယူကရိန်း အသင်းတော်တစ်ပါးမှ “O Store Gud”ကို ရုရှားဘာသာစကားဖြင့် သင်ယူကြသည်။

မှောင်မိုက်ပြီး ဧဝံဂေလိမရောက်သေးသည့် နေရာတို့၌ နှစ်ယောက်သံစုံအဖြစ် သီဆိုသောအခါ ကယ်တင်ခြင်းမရသေးသော သူများအတွက် မည်မျှ အကျိုးသက်ရောက်သည်ကို သူတို့ မှတ်မိကြသည်။

ထိုအချိန်ထိတိုင် ဤသီချင်းကို အင်္ဂလိပ်မူရင်း တေးကဗျာအဖြစ် ရေးသားရန် စိတ်မကူးမိကြသေးချေ။

၎င်းသည် တောတောင်ရှုခင်းများရှိရာ ကာပါသီယန် တောင်တန်းဘက်သို့ ကူးလာသည်အထိ စောင့်နေခြင်းဖြစ်သည်။

ပထမသုံးပိုဒ်တို့သည် တစ်ပိုဒ်ပြီး တစ်ပိုဒ်မမေ့နိုင်သော ကာပါသီယန်တောင်တန်း အတွေ့အကြုံများမှ ထွက်ပေါ်လာသည်။

(စတုတ္ထအပိုဒ်ကို နောက်ပိုင်း၌ အင်္ဂလန်တွင် ရေးသားသည်။) တစ်ပိုင်း၌ ရုရှားစာသားများ၊ တစ်ပိုင်း၌ ကိုယ်တော်၏ လက်တော်ဖြင့် လုပ်သောအရာများ၏ အံ့သြဖွယ်ရာမြင်ကွင်းများ စသည်တို့ကြောင့် ပထမနှစ်ပိုဒ်သည် စိတ်ကူးစိတ်သန်းမှ အင်္ဂလိပ်စာသို့ အကောင်အထည် ပေါ်လာခြင်းဖြစ်သည်။

သိက္ခာတော်ရဆရာဟိုင်းနှင့် သူ၏ ဇနီးတို့သည် သူတို့၏ ဧဝံဂေလိလုပ်ငန်းကို ကာပါသီယန်တောင်တန်းဒေသများ၌ ဆက်လက်လုပ်ဆောင်ကြပြီး တစ်ရွာပြီးတစ်ရွာ ဧဝံဂေလိ သတင်းကောင်းဝေငှကြသောအခါ အပိုဒ်(၃)ဖြစ်ပေါ်လာသည်။

၁၉၃၉ခုနှစ်၌ ကမ္ဘာစစ်ကြီးဖြစ်သောအခါ သိက္ခာတော်ရဆရာဟိုင်းနှင့် သူ၏ ဇနီးတို့သည် ဗြိတိန်သို့ပြန်ရန် လိုအပ်လာသည်။ ယခုတွင် ဤအပိုဒ်သုံးပိုဒ်ကို လက်နက်အဖြစ် ဆွဲကိုင်လျက် သီချင်းရေးသူသည် သူ၏ ဧဝံဂေလိ တရားဟောခြင်းကို လေကြောင်းတိုက်ပွဲ ဆင်နွဲသည့် ကာလအတွင်း၌ပင် ဆက်လက်လုပ်ဆောင်သည်။

စတုတ္ထအပိုဒ်မှာ စစ်ကြီးပြီးမှသာ ထွက်ပေါ်လာသည်။

ဤဓမ္မသီချင်း၏ သံစဉ်ကို ရှေးဆွီဒင်လူမျိုးစုတစ်စု၏ သီချင်းတစ်ပုဒ်မှ စီစဉ်ရခြင်းဖြစ်သည်။ ၄င်း၌ Day By Day စသော အခြားဓမ္မသီချင်းသံစဉ်တို့၏ ထူးခြားချက်မျိုးရှိသည်။

မစ္စတာစတွပ်ကေဟိုင်းသည် သူ၏ နဂိုမူရင်း အင်္ဂလိပ်ကဗျာနှင့် ဆွီဒင်လူမျိုးစု၏ တေးသီချင်းကို အစီအစဉ်လုပ်ခြင်း၊ “ကိုယ်တော်သာလျှင် ကြီးမြတ်မူပေ- How Great Thou Art” (ယနေ့ ကျွန်ုပ်တို့သိသည့်) သီချင်းကို မစ္စတာစတွပ်ကေဟိုင်းက ပုံနှိပ်ထုတ်ဝေလိုက်သည်။ ၁၉၅၄တွင် အမေရိကန် ပုံနှိပ်ထုတ်ဝေရေး ကုမ္ပဏီအား မိတ္တူမှန်နှင့် ထုတ်ဝေခွင့်ပေးထားခြင်းသည် ဤဓမ္မသီချင်း လူကြိုက်များ၍ ကျော်စောလာစေရန် အထောက်အကူ ဖြစ်စေသည်။

၁၉၇၄ခု ဧပြီလအတွင်းတွင် Christian Herald Megazine သည် စာဖတ်ပရိသတ်များ၏ ဆန္ဒအရ How Great Thou Art ကို အမေရိကန်၌ နံပါတ်တစ် သီချင်းအဖြစ် သတ်မှတ်ပေးလိုက်သည်။