ယောက်ျားလေးအများစုကတော.အ၇က်နဲ.မကင်းကြသူတွေများမယ်လို.ထင်ပါတယ်.......
ဗဟုသုတလေးပဲဖြစ်ဖြစ်ပတ်ဝန်းကျင်ကအ၇က်ဖြတ်လိုသူတွေ၇ှိ၇င်ဖြစ်2နည်းလမ်းလေးပေးလို.၇အောင်လို.ပါ၇ှင်
်အရက် နှစ်ရှည်လများ သောက်သုံးခဲ့တဲ့ အရက်စွဲနေသူတွေဟာ တစ်ချိန်ချိန်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် အရက်ကို စိတ်နာကာ ဖြတ်လိုသူတွေ ရှိတတ်ပါတယ်။ ဒီအခါမှာ အန္တရာယ် ကင်းကင်းနဲ့ အရက် ဖြတ်နိုင်စေဖို့အတွက် နည်းလမ်းတွေ ရှိသော်လည်း အချို့သော သူများမှာ အရက် ဖြတ်လိုက်သည်နှင့် သေဆုံးမှုများနှင့် ကြုံတွေ့ရတတ်ပါသည်။ ယင်းကြောင့် အရက်ကို မည်သို့ ဖြတ်နိုင်ရန်အတွက် အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဦးသံစစ်က အကြံပြု ပြောကြားပေးခဲ့သည်။
မက်သနောများရင် အဆိပ်ဖြစ်
“အရက် အပေါစားတွေ သောက်လို့ မြန်မြန်သေတယ်၊ အရက်ကောင်းတာ သောက်ရင် အန္တရာယ်တွေ ကင်းတယ်ဆိုပြီးတော့ ပြောနေကြတယ်။ ချက်အရက်၊ မီးတောက်အရက်ဆိုပြီး ပြောနေကြတယ်။ အရက် ပင်ကိုယ်သဘောက အီသနော၊ မီးတောက်ဆိုတာက မက်သနော၊ ဘယ်လိုပဲဖြစ်ဖြစ် မက်သနောတွေများရင် မီးတောက်တယ်။ အဲဒီတော့ အဆိပ်အတောက် အန္တရာယ်တွေ ဖြစ်လာတယ်။ တချို့က အရက်သောက်ပြီး ခေါင်းကိုက်တာက အီသနောနဲ့ အခြားဓာတ်တွေ တွဲပါတာကြောင့်ပါ” ဟု ဆရာဦးသံစစ်က ပြောသည်။
ဖောတယ် ပြီးရင်လျှောမယ်
“အီသနော သောက်တဲ့သူက အသည်းခြောက်မယ်၊ ပြီးရင် ရောဂါကြောင့် ဖောတဲ့အဆင့် ရောက်လာမယ်၊ မက်သနော သောက်မိတဲ့ သူကျတော့ ဖောတဲ့အဆင့်တောင် မရောက်ဘူး၊ ချက်ချင်းသေပဲ၊ အရက်သမားတွေကျတော့ ဖောရောင်တာ သုံးမျိုး ရှိတယ်။ တစ်ခုက အရက်သောက်နေရတော့ အာဟာရ ချို့ယွင်းလို့ ဖောတယ်။ လူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေ အရက်ကြောင့် ပျက်စီးလို့ဖြစ်တဲ့ နှလုံးရောဂါတွေကြောင့် ဖောတယ်၊ အသည်းခြောက်ရင်လဲ ဖောတာပဲ” ဟု ဆက်လက်ပြောသည်။
အရက်ဖြတ်ရင် သေတတ်တယ်
အရက်ဖြတ်ခြင်း နည်းလမ်း မမှန်ပါက အသက်အန္တရာယ် ဆုံးရှုံးတတ်ကြောင်း သိရပြီး အရက်ဖြတ်မည့် အချိန်တွင် ဖြတ်မည့်သူ၏ အရက်စွဲနေသည့် အဆင့်ပေါ်တွင် မူတည်နေကြောင်း သိရသည်။ “အရက်စွဲတာကို ရောဂါတစ်ခု အနေနဲ့ ယူရမယ်။ အရက်စွဲတာက တဖြည်းဖြည်း တိုးလာနေတယ်။ နည်းနည်းကနေ များများ သောက်ချင်လာတယ်။ အသည်းမှာလဲ ဒီတိုင်းပဲ ဖြတ်လိုက်သည့် တိုင်အောင် အသည်းမှာ ရှေ့ဆက်တိုးနေတဲ့ အနေအထား ဖြစ်တယ်။ နောက်တစ်ခုက ခန္ဓာကိုယ်မှာ အရက်က ဖိထားတယ်။ ဦးနှောက်နဲ့ အာရုံကြောတွေ ဖိထားတယ်။ အရက်ဖြတ်လိုက်ရင် ဒါတွေက အိုဗာအက်တစ်ဖြစ်ပြီး ကြွလာတယ်။ ဒါဆို ကယောင်ချောက်ချား ဖြစ်ပြီး လျှောက်ပြေးတယ်။ ဒါက အင်မတန် သေလွယ်ပါတယ်” ဟု ဆက်လက်ပြောသည်။ ယင်းကဲ့သို့ ခံစားရသူများသည် (Autonomic Nervous System)ဟု ခေါ်သော နှလုံးထိန်းချုပ်မှု ပျက်ခြင်း၊ ချွေးထွက် ထိန်းချုပ်ခြင်းများ ပျက်စီးသည့် အတွက် အရက်သမား ရာခိုင်နှုန်း ၃၀ မှ ရာခိုင်နှုန်း ၅၀ သည် အရက်ဖြတ်ပါက သေဆုံးနိုင်ကြောင်း သိရသည်။
အရက်ဖြတ်တိုင်း အန္တရာယ်မကင်း
အရက်ဖြတ်ပါက အန္တရာယ်ကင်းနိုင်မည်ဟု ခန့်မှန်းကြသော်လည်း သွေးရောဂါများတွင် သွေးမွှားဥများ နည်းနေရာမှ ဗြုန်းခနဲ အရက်ဖြတ်လိုက်ပါက သွေးမွှားဥ အများကြီး များလာကာ သွေးကြောပိတ်ခြင်းမျိုး ဖြစ်တတ်သည့်အတွက် အန္တရာယ်ကင်းစွာ ဖြတ်နိုင်ရန်အတွက် ဆေးရုံများတွင် တက်ရောက်ဖြတ်ရန် လိုအပ်ကြောင်း သိရသည်။
အရက်ဖြတ်သူရဲ့ရောဂါလက္ခဏာတွေ
ဆန့်ထားသော လက်များ တဆတ်ဆတ်တုန်ခြင်း၊ လျှာတုန်ခြင်း၊ မျက်ခမ်းတုန်ခြင်း၊ ချွေးပြန်ခြင်း၊ အန်ခြင်း၊ ပျို့ခြင်း၊ လေချဉ်ပြန်ခြင်း၊ နှလုံးတုန်ခြင်း၊ သွေးတိုးခြင်း၊ ပူပန်ခြင်း၊ ယောက်ယက်ခတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ နုံးခြင်း၊ ပျော့ခွေခြင်းများ ခံစားရလေ့ ရှိကြောင်း သိရပြီး လှုံ့ဆော်သည့် အာရုံများ မြင်ယောင်ခြင်းများ ဖြစ်ကြောင်း သိရသည်။
လှုံ့ဆော်တဲ့ အကြားအာရုံဆိုတာ
“အသံတွေကို ကြားနေရတာ၊ အကောင်တွေ သူ့ကိုယ်ပေါ် တက်တယ်လို့ ထင်နေတာမျိုးတွေနဲ့ မရှိတာကို အရှိလို့ ထင်တာတွေ ဖြစ်တတ်တယ်။ အရက်ကို လျှော့လို့ပဲဖြစ်ဖြစ်၊ ဖြတ်တာပဲဖြစ်ဖြစ် ဒီလိုအာရုံတွေ မြင်တတ်တယ်။ ထိပ်ဆုံးမှာ ရှိနေတတ်တဲ့ ပုံစံတစ်ခုက ယုံမှား သံသယဝင်တာပေါ့။ ဥပမာ - သူ့မိန်းမကို အခြားသူနဲ့ ဖောက်ပြန်တယ်လို့ ထင်တာမျိုးပေါ့” ဟု ဦးသံစစ်က ပြောသည်။
အရက်ဖြတ်ချိန် အစာအာဟာရ ပြည့်အောင်စားပါ
အရက် ဖြတ်နေချိန်တွင် အာဟာရပြည့်ဝအောင် စားရန် အထူးလိုအပ်ကြောင်း၊ ယင်းမှသာ အတန်အသင့် ဆိုးကျိုး နည်းနိုင်မည် ဖြစ်ပြီး ဆရာဝန် ညွှန်ကြားချက်နှင့်အညီ ဗီတာမင်ဆေးများလည်း စားနိုင်ကြောင်း သိရသည်။ အရက်ဖြတ်လိုသူများ အနေဖြင့်မူ အမှားကိုမြင်ပြီး အမှန်ပြင်မှ နည်းလမ်းမကျပါက အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်သည့်အတွက် ဆေးရုံကြီးများတွင် တက်ရောက် ကုသပြီး ဖြတ်ခြင်းဖြင့် ကျန်နေသေးသော အနာဂတ်အတွက် အကောင်းဆုံး နေထိုင်သွားနိုင်ရန် အတွက် တင်ပြလိုက်ရပါသည်။
ငွေစန္ဒီ
by Yangon Times Journal
1/25/2012
အရက်ကို ဘယ်လိုဖြတ်မယ်
1/25/2012
Dim




