10/20/2015

ဒီကနေ့ဟာ သင်အနုပျိုဆုံးအချိန်

နှစ်စဉ်ကျင်းပတဲ့ အငြိမ်းစားတွေစုဝေးတဲ့လက်ဆုံစားပွဲတစ်ခုမှာ လူတချို့ဟာ အငြိမ်းစားယူပြီးတဲ့ဘဝအကြောင်းတွေကို ပြောနေခဲ့ကြတယ်။ အပြောများတာက မြေးထိန်းနေတဲ့အကြောင်း၊ ဖဲရိုက်တဲ့အကြောင်း၊ တချို့ကလည်း အက,ကတဲ့အကြောင်း၊ တစ်ခါတလေ ခရီးထွက်ဖြစ်တဲ့အကြောင်းတွေဖြစ်တယ်။ အသက် ၇ဝနားနီးတဲ့အဘိုးအိုတစ်ဦးက သူဟာ သိပ်မကြာသေးခင်က အင်္ဂလိပ်စာသင်တန်းတက်ဖြစ်တဲ့အကြောင်း၊ အင်္ဂလိပ်မီးနင်း အလုံး ၁ဝဝလောက်တတ်နေပြီဖြစ်တဲ့အကြောင်းကို ပြောပြပါတယ်။
ဒီအသက်အရွယ်ကျမှ အင်္ဂလိပ်စာသင်တယ်ဆိုတော့ လူတိုင်းက သူ့ကိုအံ့သြနေကြတယ်။
“ဒီအရွယ်ရောက်မှ ဒီလောက်ခက်တဲ့အင်္ဂလိပ်စာကို ဘာလို့သင်ရတာလဲ။ သားသမီးတွေက နိုင်ငံရပ်ခြားမှာမို့ နိုင်ငံခြားသွားမလို့လား” လို့မေးကြတယ်။
အဘိုးအိုက ခေါင်းခါပြီး “ဘယ်သူမှ နိုင်ငံခြားမှာမနေပါဘူး၊ နိုင်ငံခြားထွက်ဖို့လည်း စိတ်ကူးမထားပါဘူး။ အရွယ်တင်တုန်းလေး ကိုယ်သင်ချင်စရာရှိတာကို သင်ထားတာပါ”လို့ ဆိုတယ်။
“အသက်ပဲ ၇ဝနားနီးနေပြီး အရွယ်တင်တုန်းဆိုတော့….” ဆိုပြီး လူတွေက သူ့ကိုလှောင်ရယ်ခဲ့ကြတယ်။
အဘိုးအိုက သူတို့အားလုံးကို ပြုံးပြုံးလေးပြန်ကြည့်ပြီး “ကျန်ရှိနေတဲ့နေ့ရက်တွေနဲ့နှိုင်းရင် ဒီကနေ့က ငါ့ရဲ့တစ်သက်တာမှာ အရွယ်တင်ဆုံးနေ့မဟုတ်လား” လို့ ပြောလိုက်တယ်။
လူတွေအားလုံးအရယ်ရပ်ပြီး ခဏတာတိတ်ဆိတ်သွားခဲ့တယ်။ ဟုတ်ပါတယ်… ကျန်ရှိတဲ့လက်ကျန်ရက်တွေနဲ့ နှိုင်းရင် ဒီကနေ့ဟာ ကျွန်တော်တို့ရဲ့အရွယ်တင်ဆုံးအချိန်ပဲ မဟုတ်ပါလား။


ငါအရွယ်ကျနေပြီ၊ စိတ်ဓာတ်လည်းမကြံ့ခိုင်တော့ဘူး၊ ဘာလုပ်လုပ် စိတ်မပါတော့ဘူး၊ တက်ကြွစိတ်၊ ဇွဲလုံ့လလည်း မရှိတော့ဘူးလို့ အသက် ၄ဝ၊ ၅ဝအရွယ်ရှိတဲ့လူတွေပြောတာကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မကြာခဏကြားနေရပါတယ်။ မှန်ပါတယ်… အသက် ၂ဝအရွယ်လူနဲ့နှိုင်းရင် အသက် ၄ဝ၊ ၅ဝ အရွယ်ရှိသူက မငယ်တော့ပါဘူး။ ဒါပေမယ့် နောင်၁ဝနဲ့နှိုင်းရင် ဒီကနေ့ဟာ သင်အရွယ်တင်ဆုံးအချိန်ပဲ မဟုတ်ပါလား။ အသက် ၇ဝ၊ ၈ဝ အရွယ်လူတွေနဲ့နှိုင်းရင် သင်ဟာ သူတို့ထက် ပိုနုပျိုဆဲပဲ မဟုတ်ပါလား။

နုပျိုခြင်းဆိုတာ ဘာလဲ…
အဘိဓာန်စာအုပ်ထဲမှာ ရှင်းလင်းဖော်ပြထားတာက အသက်အရွယ်မကြီးတဲ့သူ (များသောအားဖြင့် အသက် ၁၇၊ ၁၈အရွယ်မှ အသက်၃ဝစွန်းစွန်းအရွယ်ထိ) ဖြစ်တယ်။ အသက်ငယ်ရွယ်သူတွေကို ဆိုလိုတာဖြစ်တယ်။ အသက် ၃၅နှစ်နောက်ပိုင်းဆိုရင် လူလတ်ပိုင်းအရွယ်ဖြစ်တယ်။ မနုပျိုတော့တဲ့ သဘောဖြစ်တယ်။ ဒါပေမယ့် နုပျိုခြင်းက အမြဲတမ်း နှိုင်းယှဉ်မှုတစ်ခုဖြစ်တယ်။ သင်အသက် ၄ဝဆိုရင် သင်ဟာ အသက် ၅ဝ ထက် နုပျိုပါတယ်။ အသက် ၆ဝ ဆိုရင် သင်ဟာ အသက် ၇ဝ ထက်နုပျိုပါတယ်။ တကယ်လို့ သင့်ကိုယ်သင်နှိုင်းယှဉ်ရင် သင့်ရဲ့ဒီကနေ့ဆိုတဲ့နေ့ရက်တိုင်းဟာ သင်ရဲ့လက်ကျန်နေ့ရက်တွေထက် နုပျိုတဲ့အချိန်ပဲဖြစ်ပါတယ်။
နုပျိုတယ်ဆိုတာ စိတ်နေစိတ်ထားတစ်ခုဖြစ်တယ်။ လူတချို့က အသက်သိပ်မကြီးပေမယ့် စိတ်ကအိုမင်းနေပြီဖြစ်တယ်။ ဘာလုပ်လုပ် တက်ကြွဖျတ်လတ်မှုမရှိတော့ဘူး၊ အမြဲငိုင်တွေငေးမောတယ်။

တချို့က အသက်အရွယ်ကြီးပေမယ့် စိတ်ကနုပျိုဆဲဖြစ်တယ်။ ကောင်းမွန်တဲ့စိတ်နေစိတ်ထားကို သူတို့ထိန်းသိမ်းထားတယ်၊ အမြဲတက်ကြွတယ်။ အသက် ၃ဝအရွယ်လူတစ်ယောက်ဟာ အသက်၆ဝအရွယ်လူတစ်ယောက်ထက် နုပျိုပါတယ်လို့ သင်အတတ်ပြောနိုင်လား။ ကျွန်တော်ကတော့မထင်ဘူး… နုပျိုတယ်ဆိုတာ သူ့ရဲ့အသက်ကိန်းဂဏန်းပဲဖြစ်တယ်၊ စိတ်နေစိတ်ထားက နုပျိုချင်မှ နုပျိုပါလိမ့်မယ်။

လူတိုင်းက အသက်ငယ်တုန်းမှာ သင်ယူစရာရှိတာကို ကြိုးစားသင်ယူချင်ကြတယ်။ ကိုယ့်ရဲ့အခြေကိုခိုင်အောင် လုပ်လိုကြတယ်။ ဒါဟာ တကယ့်ကောင်းမွန်တဲ့ ဆန္ဒဖြစ်တယ်။ ဒါပေမယ့် ကြိုးစားရင်းကြိုးစားရင်း နှစ်အနည်းငယ်ကြာလာတဲ့အခါ၊ ဘာအကျိုးရလဒ်မှလည်း မဖြစ်ထွန်းတဲ့အခါ၊ အောင်မြင်မှုမရတဲ့အခါ လက်လျော့လိုက်ကြတယ်။ ကိုယ့်ရဲ့အရွယ်ကောင်းချိန်တွေ အလဟဿဖြစ်သွားတယ်၊ စိတ်ကူးအိပ်မက်တွေ ပြိုပျက်သွားပြီဆိုပြီး ဘဝကို ရေလိုက်ငါးလိုက်နေလိုက်ကြတယ်။

သာမန်အားဖြင့် အသက် ၆ဝမှ လူအိုလို့သတ်မှတ်ကြတယ်။ ဒါပေမယ့် တချို့လူတွေက အသက် ၄ဝ၊ ၅ဝအရွယ် တချို့က ဒီ့ထက်ပိုငယ်တဲ့အရွယ်နဲ့ အိုမင်းတဲ့ဘဝထဲ ခြေစလှမ်းနေခဲ့ကြပြီဖြစ်တယ်။
လူတစ်ယောက်ရဲ့အိုမင်းခြင်းက အသက်အရွယ်ကနေစတာမဟုတ်ပါဘူး… တက်ကြွဖျတ်လတ်တဲ့စိတ် သင်ကုန်ခမ်းသွားတဲ့နေ့ကနေ စတာဖြစ်ပါတယ်။
အသက်ကြီးပြီဆိုတာနဲ့ မနုပျိုနိုင်တော့တာ မဟုတ်ပါဘူး။ အခုချိန်မှာ သင်ဟာ အသက် ၄ဝ၊ ၅ဝပဲဖြစ်ဖြစ်။ အသက် ၆ဝ၊ ၇ဝ ပဲဖြစ်နေပါစေဦးတော့.. လက်ကျန်ကျန်ရှိနေသေးတဲ့နေ့ရက်တွေနဲ့စာရင် ဒီကနေ့ဟာ သင်ရဲ့အနုပျိုဆုံး၊ အရွယ်တင်ဆုံးအချိန်ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်အရွယ်တင်တုန်း သင်ယူစရာတွေကို သင်ထပ်သင်ယူချင်သေးတယ်၊ တက်ကြွစိတ်ရှိသေးတယ်၊ ဘဝကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းချင်သေးတယ်ဆိုရင် ဘယ်အချိန် ဘယ်အရွယ်မှာပဲစစ သင်အချိန်မနှောင်းသေးပါဘူး။ သင် အရွယ်တင်နေပါသေးတယ်။

အဲဒီအသက် ၇ဝအရွယ် အငြိမ်းစားယူထားတဲ့အဘိုးအိုကို ကျွန်တော်လေးစားအားကျမိပါတယ်။ သူဟာ နုပျိုတဲ့စိတ်တစ်ခုကို ထိန်းသိမ်းထားနိုင်ပါသေးတယ်။ တစ်သက်လုံး အလုပ်များပြီး ပင်ပန်းလှုပ်ရှားနေရမယ်လို့ ကျွန်တော်မဆိုလိုပါဘူး။ တိုတောင်းတဲ့ဘဝတစ်သက်တာလုံး လှုပ်ရှားရုန်းကန်ခဲ့ပြီးမှတော့ ဒီကျန်ရှိနေတဲ့လက်ကျန်ဘဝမှာ ကိုယ်လုပ်ချင်တာ၊ သင်ယူချင်တာတွေနဲ့ ဘဝကို စိတ်လက်ချမ်းသာဖြတ်သန်းလို့ရပါတယ်။ နုပျိုတဲ့စိတ်ကို ဆက်လက်ထိန်းသိမ်းထားပြီး “မနက်ဖြန်”ထက် “ဒီကနေ့”မှာ သင်ပိုအရွယ်တင်လို့ တွေးထားရင် “နုပျိုခြင်း”ထဲမှာ သင်အမြဲရှင်သန်နေမှာဖြစ်ပါတယ်။

လူတိုင်းအတွက် ဒီကနေ့ဟာ အနုပျိုဆုံးအချိန်ပါ။ မနက်ဖြန်မှာ သင်ဟာ ဒီကနေ့ထက် အနည်းငယ်အိုမင်းသွားပြီဖြစ်ပါတယ်။ လုပ်ချင်ပေမယ့် မလုပ်ခဲ့ရတဲ့အလုပ်၊ သင်ဆန္ဒရှိတဲ့အလုပ်ကို အခုလက်ရှိ အရွယ်တင်နုပျိုနေဆဲအချိန်မှာ သင်လုပ်နိုင်ပါတယ်။ ဒီကနေ့ပဲ စလိုက်ရအောင်….
-------------
မူရင်းရေးသားသူ-- Sūn dào róng
မူရင်းလင့် -- http://www.85nian.net/zhihui/33860.html
နိုင်းနိုင်းစနေ (The Chic မဂ္ဂဇင်း အောက်တိုဘာ)
.