10/20/2015

ကျွန်မဖတ်ဖို့

အမျိုးသမီးတစ်ဦးဟာ...

(၁) ရွက်ကြမ်းရည်ကြိုဖြစ်နေပါစေ။ ကျန်းမာဖွံ့ဖြိုးတဲ့ ခန္ဓာကိုယ်တော့ရှိသင့်တယ်။ ဒါမှ အလုပ်တွေကို ဝိုင်းဝန်းကူညီလုပ်ကိုင်နိုင်ပြီး တခြားလူအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်မှာဖြစ်တယ်။

(၂) ထက်မြက်ရသလို လိုအပ်တဲ့အချိန် တုံးအချင်ဟန်ဆောင်သင့်တယ်။
ထက်မြက်တဲ့မိန်းကလေးတွေကို မြင်သူတိုင်းက နှစ်သက်ပေမယ့် တချို့က ထက်မြက်တိုင်း အသိဉာဏ်မရှိကြဘူး။ တချို့မိန်းမတွေက မိမိပင်ကိုယ်ထက်မြက်တာကို အသုံးချပြီး ယောက်ျားတွေကိုနိုင်ထက်စီးနင်းလုပ်တတ်ကြတယ်။ အဲဒီအခါ ယောက်ျားတွေက ကိုယ့်ကိုယ်ချစ်စိတ်ဖြစ်ဖို့ထက် ကြောက်စိတ်ဖြစ်ဖို့ကပိုများလာပါတယ်။ ဒါကြောင့်တစ်ခါတလေမှာ တုံးအချင်ဟန်ဆောင်ပြီး ယောက်ျားရဲ့"လမ်းညွှန်၊ ဦးဆောင်"မှုနောက် လိုက်သင့်တယ်။ ဒါမှ ယောက်ျားတွေက သူတို့ရဲ့ဦးဆောင်နိုင်မှုကို ယုံကြည်မှာဖြစ်တယ်။

(၃) ပညာဗဟုသုတရှိပြီး တစ်ဖက်သားကို လေးစားရတယ်။
အခုခေတ်မှာ မိန်းမလေးတွေလည်း ယောက်ျားတွေနဲ့တန်းတူ ပညာတွေကို သင်ယူနိုင်ပြီဖြစ်တယ်။ ဒါပေမယ့် ဒါတွေက အတန်းပညာသာဖြစ်ပြီး ဘဝပညာမဟုတ်သေးပါဘူး။ ဘွဲ့ဂုဏ်ရာထူးများများရတာနဲ့ မိန်းမသဘာဝ ပညာမာနတက်တတ်ကြတယ်။ ဒါပေမယ့် တစ်ဖက်သားကို မလေးစားတတ်တဲ့မိန်းမက IQမြင့်ပေမယ့် မေတ္တာ(EQ)မပြည့်ဝတဲ့အတွက်ကြောင့် ယောက်ျားရဲ့ လျစ်လျူရှူမှုကိုခံရတတ်တယ်။

(၄) တင်းတိမ်ရောင့်ရဲတတ်ပြီး လွန်ကျွံတဲ့တောင်းဆိုမှုမျိုး မရှိသင့်ဘူး။
ယောက်ျားတွေဟာ မွေးလာတည်းက ရာထူးအာဏာ၊ တိုးတက်ကြီးပွားတဲ့ အရည်အချင်းပါလာတာ မဟုတ်ဘူး။ သူတို့က ကာယ၊ ဉာဏအားကိုသုံးပြီး သူတို့ရဲ့စိတ်ကူးအကောင်အထည်ကိုဖော်ကြတယ်။ တကယ်လို့ မိန်းမတွေက ကိုယ့်ဆန္ဒလိုအင်ကို အတင်းအကျပ်၊ အလွန်အကျွံတောင်းဆိုခဲ့ရင် နောက်ဆုံးမှာ နှစ်ဦးနှစ်ဖက် ထိခိုက်ဒဏ်ရာ ရတတ်ကြတယ်။ စိတ်ပညာရှင်တွေရဲ့ လေ့လာချက်မှာ ယောက်ျားအများရဲ့ စိတ်ဖိစီးမှုတွေက အလုပ်အကိုင်ကြောင့်မဟုတ်ဘဲ မိန်းမကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

(၅) ပင်ကိုယ်စိတ်ကို မပြောင်းလဲဘဲ အမျိုးမျိုးသရုပ်ဆောင်တတ်ရတယ်။
ဥပမာ - ချစ်သူရည်းစားနေရာမှာ၊ အစ်မကြီး၊ မိခင် စတဲ့နေရာတွေမှာ ဝင်သရုပ်ဆောင်တတ်ပြီး ယောက်ျားအလိုရှိချိန် လက်လှမ်းကူညီ အားပေးတတ်ရမယ်။

(၆) ချစ်ခင်တတ်ရတယ်၊ ခွင့်လွှတ်နားလည်တတ်ရတယ်။ ချစ်ခြင်းမေတ္တာကို ဖြန့်ဝေတတ်ရတယ်။
ကိုယ့်ကိုယ်ချစ်တတ်ရုံနဲ့တင် မလုံလောက်ဘဲ ကိုယ့်ယောက်ျားကိုချစ်တဲ့အပြင် သူ့မိဘ၊ သူ့ညီအစ်ကို မောင်နှမတွေနဲ့ သူချစ်ခင်တဲ့လူတွေတိုင်းကိုလည်း ချစ်ခင်တတ်ရမယ်။

(၇) ပြင်ဆင်တတ်ရမယ်၊ ဒါပေမယ့် အလွန်အကျွံမဖြစ်စေရဘူး။
တချို့က အပျိုဘဝမှာ ပြင်ပြင်ဆင်ဆင်နေပေမယ့် အိမ်ထောင်ကျကလေးရပြီးရင် အိမ်ထောင့်တာဝန်၊ ကလေးတာဝန်တွေအကြောင်းပြပြီး ပိုသီပတ်သီနဲ့ မပြင်မဆင်ချင်ကြတော့ဘူး။ ယောက်ျားတွေ အပြင်တွဲထုတ်ရဲတဲ့ အပြင်အဆင်မျိုးရှိသင့်တဲ့အပြင် တကိုယ်ရေသန့်ရှင်းမှုလည်း အရေးကြီးပါတယ်။

(၈) ကူညီတတ်ရတယ်။ ဖေးမတတ်ရတယ်။
မိန်းမကောင်းဆိုတာ ယောက်ျားအတွက် လက်ထောက်ကောင်းတစ်ယောက်ဖြစ်တယ်။ ယောက်ျားရဲ့ဝါသနာအကြိုက်ကို ဝင်မချယ်လှယ်ဘဲ သူ့ရဲ့စိတ်ကူးတွေ အမြန်ဆုံး အကောင်အထည် ဖော်နိုင်အောင် ကြိုးစားကူညီပေးတတ်ရမယ်။ (ဝါသနာအကြိုက်ဆိုသည်မှာ မိန်းမ၊ လောင်းကစား.. စတဲ့ မကောင်းမှုတွေ မဟုတ်ပါ)

(၉) မိတ်ဆွေအပေါင်းအသင်းများရတယ်၊ ဒါပေမယ့် လက်လွတ်စပယ် မဖြစ်သင့်ဘူး။
ယောက်ျားလေး၊ မိန်းကလေး သူငယ်ချင်းတွေကနေ ဘဝအတွေ့အကြုံ၊ လူမှုရေး၊ စီးပွါးရေးစတာတွေကို လေ့လာသင်ယူ ဖလှယ်တတ်ရမယ်။

(၁ဝ) ဝါသနာ၊ အကြိုက်တွေရှိနိုင်ပေမယ့် အဆင့်အတန်းတော့ရှိသင့်တယ်။

ဥပမာ- မိန်းကလေးတွေရဲ့အကြိုက်က ဆေးလိပ်၊ အရက်တွေ မဖြစ်သင့်ဘူး။
လောကကြီးမှာ ခြောက်ပစ်ကင်းသူ မရှိပါဘူး။ ယောက်ျားနဲ့မိန်းမကြားမှာ မတူညီတာတွေ များလွန်းပါတယ်။ နှစ်ဦးနှစ်ယောက်ကြားမှာ အချင်းချင်းသင်ယူ၊ နားလည်နိုင်မှသာ ငြိမ်းချမ်းတဲ့အနေအထားကို ရမှာဖြစ်တယ်။ ယောက်ျားကောင်း၊ မိန်းမကောင်းဆိုတာ မွေးကတည်းက ဖြစ်လာတာမဟုတ်ဘဲ အချင်းချင်း ပြောဆိုသင်ပြမှုကြောင့် ဖြစ်လာတာဖြစ်တယ်။



ဒါကြောင့် အိမ်ထောင်ရေးဆိုတာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်တို့ရဲ့ ချစ်ခြင်းမေတ္တာကို သင်ကြားဖလှယ်တဲ့နေရာ၊ ချစ်ခြင်းမေတ္တာကို ထုတ်ပြတဲ့နေရာဖြစ်တယ်။ တစ်ဖက်ကကြည့်ရင် သူတို့အချင်းချင်း ငြင်းခုန်ရန်ဖြစ်တဲ့နေရာလည်းဖြစ်တယ်။
ဘယ်လိုနေရာအဖြစ် သတ်မှတ်သတ်မှတ် အဲဒီနေရာမှာ သူတို့က သူတို့ရဲ့တစ်သက်တာအချိန်ကို ပေးဆပ်ရမှာဖြစ်တယ်။ အိမ်ထောင်တစ်ခုမှာ ငြင်းခုန်ရန်ဖြစ်တယ်ဆိုတာ အနိုင်အရှုံး၊ အမှားအမှန်လုဖို့အတွက် မဟုတ်ဘူး။ တစ်ဖက်သားကို ပိုနားလည်ဖို့၊ သူ့လိုအင်ကို နက်နက်နဲနဲသိစေဖို့နဲ့ ပိုချစ်မြတ်နိုးတတ်ဖို့ပဲဖြစ်ပါတယ်။
---------
ဘာသာပြန်မျှဝေပါတယ်..
နိုင်းနိုင်းစနေ (Thursday, December 17, 2009)