8/27/2015

၁၆ ကြိမ်ကြိုးပမ်းခြင်းရဲ့ရလဒ်

(၁၈၆၃)ခုနှစ် ဆောင်းရာသီမနက်တစ်ခုမှာ Verneတစ်ယောက် မနက်စာစားပြီး စာတိုက်ကိုသွားဖို့ ပြင်ဆင်နေခဲ့တယ်။ အဲဒီအချိန်မှာ တံခါးဝကဘဲလ် ရုတ်တရက်မြည်လာခဲ့တယ်။ Verne တံခါးဖွင့်ကြည့်တော့ စာပို့လုလင်တစ်ဦးကို တွေ့လိုက်တယ်။ စာပို့လုလင်က သူ့လက်ထဲပါဆယ်ထုပ်တစ်ထုပ် ကမ်းပေးလိုက်တယ်။ ပါဆယ်ထုပ်ကိုယူပြီး မလိုလားအပ်တဲ့အတွေးတစ်မျိုး Verneရင်ထဲ ရောက်လာခဲ့တယ်။ သူပထမဆုံးရေးတဲ့ စိတ်ကူးယဉ်သိပ္ပံဝတ္ထုကို အနယ်နယ်အရပ်ရပ်က စာအုပ်တိုက်ကိုပို့ခဲ့ပေမယ့် ပြန်ပို့ခံရတဲ့ပါဆယ်တွေ (၁၄)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်တယ်။

လှုပ်ရှားနေတဲ့စိတ်နဲ့ ပါဆယ်ထုပ်ကို သူဖွင့်ကြည့်လိုက်တယ်။ ပါဆယ်ထုပ်ထဲမှာက "Mr.Verne ခင်ဗျားရဲ့စာမူကိုဖတ်ပြီးနောက် ကျွန်တော်တို့ရဲ့စာအုပ်တိုက်နဲ့ မကိုက်ညီတဲ့အတွက် ပြန်ပို့လိုက်ပါတယ်" လို့ရေးထားတယ်။ ဒီလိုစာမူပယ်တဲ့စာတွေ လက်ခံရရှိတိုင်း Verne ရင်တွေနာကျင်ခဲ့ရတယ်။ ဒီတစ်ကြိမ်က (၁၅)ကြိမ်ရှိခဲ့ပြီဖြစ်တယ်။
အရင်အခေါက်တွေထက် Verneစိတ်ဓာတ်ကျမိတယ်။ စာအုပ်တိုက်က "လူကြီးမင်း"တွေက သူ့လို နာမည်မရှိတဲ့စာရေးဆရာကို အကြည့်ထဲ ထည့်မထားကြဘူး။

Verneတွေးရင်းဒေါသဖြစ်မိပြီး နောက်ဘယ်တော့မှ စာမရေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။
စာမူထုပ်ကိုယူပြီး မီးရှို့ပစ်ဖို့ မီးဖိုဘေးနား သူလျှောက်သွားခဲ့တယ်။ အဲဒီအချိန်မှာ Verneရဲ့ဇနီးရောက်လာပြီး သူ့လက်ထဲကစာမူကို ဆွဲလုပြီး ရင်ခွင်ထဲတင်းတင်းပွေ့ထားလိုက်တယ်။ ဒေါသမပြယ်သေးတဲ့ Verneက ဘယ်သူတားတား၊ ဘယ်လိုပြောပြော စာမူကိုပြန်လုယူပြီး မီးရှို့ပစ်ဖို့ပဲသိခဲ့တယ်။ ဇနီးက Verneကို "ချစ်ရတဲ့ Verne...စိတ်အားမငယ်ပါနဲ့။ နောက်တစ်ခေါက် ထပ်ကြိုးစားကြည့်ပါ။ ဒီတစ်ခေါက် ကံကောင်းနိုင်ပါတယ်" လို့ ဂရုစိုက်အားပေးစကားပြောမှ လက်ထဲကစာမူကို Verne ဖြည်းဖြည်းချင်း ချလိုက်တယ်။ တအောင့်ကြာလောက် သူငြိမ်သက်သွားမိပြီး ဇနီးအားပေးသလို စာမူထုပ်ကိုပိုက်ပြီး (၁၆)ကြိမ်မြောက်ကံစမ်းဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီတစ်ကြိမ်မှာ သူ့စာမူအရွေးခံခဲ့ရပါတယ်။ အရွေးခံရတဲ့အပြင် ထုတ်လုပ်သူက သူနဲ့အနှစ်(၂ဝ) စာအုပ်ထုတ်ဝေဖို့ စာချုပ်ချုပ်ဆိုခဲ့တယ်။ သူရဲ့ပထမဆုံး စိတ်ကူးယဉ်သိပ္ပံစာအုပ်က သူ့ကို ပြင်သစ်ကမ္ဘာကျော်စာရေးဆရာ Jules Verneအဖြစ် လူသိများစေခဲ့တဲ့ Five Weeks in a Balloon (Cinq semaines en ballon)ပဲဖြစ်ပါတယ်။


ကျွန်တော်တို့မှာ အောင်မြင်ချိန်ရှိသလို ကျရှုံးချိန်လည်းရှိတတ်ကြတယ်။ အရာအားလုံးကို ကြိုတင်မခန့်မှန်းနိုင်ပေမယ့် ကျရှုံးချိန်မှာ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို နောက်တစ်ကြိမ်ထပ်ကြိုးစားကြည့်ဖို့ အခွင့်အရေး မပေးနိုင်ခဲ့ရတာလဲ။ ဒီတစ်ကြိမ်ရဲ့ကြိုးစားမှုက အောင်မြင်မှုတွေကိုယ့်ဆီကို ဦးတည်ကောင်းဦးတည်နေပါလိမ့်မယ်။
အောင်မြင်ဖို့က လက်လျော့တာလောက် မလွယ်ကူခဲ့ဘူး။ စကားတစ်ခွန်း၊ သက်ပြင်းတစ်ချက်နဲ့ အနှစ်နှစ်အလလကြိုးစားခဲ့တဲ့ ကြိုးပမ်းမှုတွေကို ကျွန်တော်တို့ အလွယ်တကူ လက်လျော့စွန့်ပစ်နိုင်ပေမယ့် အောင်မြင်ဖို့ကျတော့ ကိုယ့်အသိဉာဏ်၊ စိတ်ဓာတ်၊ ခံနိုင်ရည်အားကို ရင့်ကျက်လာတဲ့အထိ အကြိမ်ကြိမ်အစမ်းသပ်ခံပြီးမှ ရရှိလာတာဖြစ်ပါတယ်။

-------
နိုင်းနိုင်းစနေ (Sunday, February 14, 2010)