8/27/2015

လျှာကို ချူပ်တည်းခြင်းအားဖြင့် ယောဘရဲ့ အောင်မြင်ခြင်း

ယောဘက သူ့မှာရှိသမျှ ဆုံးရှုံးသွားပေမယ့် ဇနီးသည်ရှိနေသေးတယ်။ ခန္ဓာကိုယ်တစ်ခုလုံး အနာတွေပြည့်နေပေမယ့် လျှာကအကောင်းအတိုင်းရှိနေဆဲဖြစ်တယ်။ ဒါပေမယ့် အသက်ရှင်ကျန်ရစ်တဲ့ ဇနီးသည်က အကောင်းအတိုင်းရှိနေတဲ့ ယောဘရဲ့လျှာနဲ့ ဘုရားသခင်ကိုစွန့်ပယ်စကားဆိုပြီးသေဖို့ သူမရဲ့လျှာအားဖြင့် သွေးဆောင်ခဲ့တယ်(ယောဘ၊၂း၉)။ ယောဘက ဘာမှမလုပ်နိုင်တော့ပေမယ့် စကားကတော့ပြောနိုင်တယ်။ သူ့မိတ်ဆွေတွေနဲ့ ဆွေးနွေးနိုင်တယ်။ အဲဒီမှာ ဇနီးသည်စကားက ရွေးချယ်စရာပေးလာတယ်။ ဘုရားသခင်ကို စွန့်ပယ်စကားဆိုမှာလား၊ ချီးမွမ်းစကားဆိုမှာလား။ ယောဘဘယ်လိုတုန့်ပြန်ခဲ့ပါသလဲ။ ကြည့်ပါ။

"ယောဘကလည်း၊ မိန်းမမိုက်ပြောတတ် သကဲ့ သို့ သင်သည်ပြော၏၊၊ အဘယ်သို့နည်း၊၊

 ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူ သည်ဖြစ်၍ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟု ဆို၏၊၊ ယောဘသည် ဤအမှုများနှင့်တွေ့ကြုံသော်လည်း နှုတ်ဖြင့် မျှမမှားယွင်း၊" (ယောဘ၊၂း၁၀)။
စာတန်ဟာ ကမ္ဘာဦးအစကတည်းက မိန်းမကိုအသုံးပြုခဲ့တယ်။ဧဝကိုအသုံးပြုခြင်းနဲ့ ယောဘဇနီးကိုအသုံးပြုခြင်းက သဘောတရားအတူတူပါ။
ယောဘက ဒုက္ခဆင်းရဲကို ခံရပေမယ့် နှုတ်နဲ့တောင် မမှားယွင်းခဲ့ပါဘူး။ ယောဘဆီက သင်ခန်းစာတစ်ခုကို ကျွန်တော်ရလိုက်တယ်။ အဲဒါက ဒုက္ခဆင်းရဲကို ခံနိုင်ခြင်းသည် အဆုံးစွန်သောအောင်မြင်ခြင်း မဟုတ်သေးဘူးဆိုတာပါပဲ။ စာတန်က သူ့အားဖြင့်ဖြစ်တဲ့ ဒုက္ခဆင်းရဲကို ယောဘခံနိုင်ရည်ရှိနေတာကြောင့် သူ့ရဲ့ဗျူဟာကျရှုံးပြီလို့ မတွက်သေးပါဘူး။ စာတန်ဆီမှာ အကောင်းဆုံးလက်နက် ရှိနေပါသေးတယ်။ အဲဒါက လျှာ ဖြစ်ပါတယ်။ ယောဘဇနီးသည်ရဲ့ လျှာ နဲ့၊ ယောဘကိုယ်တိုင်ရဲ့ လျှာပါပဲ။ ကျွန်တော်တို့ဟာ ဒုက္ခဆင်းရဲကို အထိုက်အလျောက်တော့ ခံနိုင်ကြတယ်။ ဒါကို အတော်ဟုတ်ပြီလို့ ထင်တတ်ကြတယ်။ အရေးကြီးတာက ဒုက္ခဆင်းရဲကို ခံနိုင်ခြင်းနဲ့တကွ လျှာအားဖြင့်မမှားယွင်းဖို့လည်း လိုတယ်ဆိုတာကို သတိရကြဖို့ပါ မိတ်ဆွေ။

(ဒုက္ခဆင်းရဲကို ခံနိုင်ခြင်း + လျှာကိုချုပ်တည်းခြင်း = ဒုက္ခဆင်းရဲကို အောင်မြင်ခြင်း) ဖြစ်ပါတယ်။

ယောဘရဲ့အောင်မြင်မြင်ခြင်းဟာ ရာနှုန်းပြည့်သောအောင်မြင်မှုဖြစ်ပါတယ်။ ခက်ခဲချိန်မှာ လျှာကိုချုပ်တည်းနိုင်ဖို့ ၊ လျှာအားဖြင့် ဘုရားသခင်ကို မမှားယွင်းစေဖို့ ယောဘက အကောင်းဆုံး သရုပ်ပြဆရာ နမူနာဖြစ်ပါတယ်ခင်ဗျာ။
ကျေးဇူးတင်ပါတယ်။
ရှငိုင်ဂျော်(MICT)
30.5.2015, 6:25AM