8/27/2015

ပတ်ဝန်းကျင်ကြောင့် မပြောင်းလဲစေချင်

စူပါမားကက်တစ်ခုမှာ ဖြစ်ပါတယ်။
မိသားစုသုံးယောက်ဟာ အိမ်အတွက်လိုအပ်တဲ့ အသုံးအဆောင်တွေကို ဝယ်ယူပြီးနောက် အိမ်ပြန်ဖို့စီစဉ်ခဲ့ကြတယ်။ ဖခင်ဖြစ်သူက ယူသုံးထားတဲ့တွန်းလှည်းကို နေရာတကျပြန်ထားဖို့ သားကိုခိုင်းလိုက်တယ်။
သားက တစ်ခြားတွန်းလှည်းတွေကို ကြည့်ပြီး "ဖေဖေ.. ဟိုမှာတွန်းလှည်းတွေ ဒီတိုင်းပဲထားခဲ့ကြတယ်။ ဘယ်သူမှ နေရာတကျပြန်မထားကြဘူး။ တွန်းလှည်းတွေကို ဒီမားကက်မှာ တာဝန်ကျသူတွေလာယူလိမ့်မယ် ဖေဖေ" လို့ပြောတယ်။
"သား.. ဒီလိုဆိုရင် တွန်းလှည်းကို ပြန်ထားတာကောင်းလား၊ မကောင်းဘူးလား.... သားဘယ်လိုထင်လဲ"
ဖခင်အမေးကို ပြန်ဖြေဖို့ သားစဉ်းစားရကျပ်နေတုန်းမှာ မိခင်က "ကဲ... ကဲ... ဒီလိုကိစ္စသေးသေးမွှားမွှားနဲ့ သားဖြေရခက်အောင် မလုပ်ပါနဲ့ ပြန်ကြရအောင်..."
ဖခင်က သားကိုဆက်မမေးတော့ဘဲ ပြန်ဖို့ပြင်ချိန် မလှမ်းမကမ်းက အဘွားအိုတစ်ဦးကို တွေ့လိုက်တယ်။ အဘွားအိုက တွန်းလှည်းကိုတွန်းပြီး နေရာတကျပြန်ထားခဲ့တယ်။ အဲဒီအဖြစ်ကိုကြည့်ပြီး ဖခင်က...
"သား... ဒီကမ္ဘာပေါ်မှာ လူနှစ်မျိုးရှိတယ်။ တစ်မျိုးက သုံးပြီးတဲ့တွန်းလှည်းကို ပြန်ထားတဲ့လူနဲ့ နောက်တစ်မျိုးက တွေ့ရာနေရာမှာ ထားခဲ့တဲ့လူဖြစ်တယ်။ သားကိုတော့ ပြန်ထားတဲ့လူဖြစ်စေချင်တယ်။ ဒါကြောင့် ဒီတွန်းလှည်းကိုပြန်ထားလိုက်ပါနော်" လို့ဆိုတယ်။


ဒီပုံပြင်မှာ တွန်းလှည်းပြန်ထားမထားကို အဓိကဆိုလိုချင်တာ မဟုတ်မှန်း သိသာပါတယ်။ ဆိုလိုချင်တာက သာမန်ကိစ္စလေးနောက်ကွယ်က သိတတ်တဲ့တန်ဖိုးကိုဖြစ်တယ်။
ဒီပုံပြင်ထဲကနေ လောကမှာလူနှစ်မျိုးရှိကြောင်း တစ်မျိုးကကိုယ်ထင်တာမှန်တယ်၊ အကျိုးရှိတယ်ဆိုတဲ့အလုပ်ကို လုပ်တဲ့လူမျိုးနဲ့ နောက်တစ်မျိုးက အဲဒီအလုပ်တွေအတွက် ဆင်ခြေတွေပေးပြီး လက်ရှောင်တဲ့လူမျိုးဖြစ်ကြောင်း သိရပါတယ်။
ပထမလူမျိုးက တန်ဖိုးသိတတ်တဲ့လူဖြစ်တယ်။ ပိုတန်ဖိုးရှိတာက သူတို့ဟာ သူတို့မှန်တယ်၊ အကျိုးရှိတယ်ထင်တဲ့အလုပ်ကို တစ်ခြားလူလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ သူတို့က ဝီရိယရှိရှိလုပ်နေတာပဲဖြစ်တယ်။ သူတို့ရဲ့လုပ်ရပ်ကြောင့် ပတ်ဝန်းကျင်၊ လောကကြီး ပြောင်းလဲသွားတယ်၊ တိုးတက်သွားတယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးမဟုတ်ဘဲ ပတ်ဝန်းကျင်က သူတို့ကို မပြောင်းလဲပစ်ဖို့ပဲဖြစ်တယ်။
----
မူရင်းလင့်-- http://www.minghui-school.org/…/article/2008/3/21/69815.html
နိုင်းနိုင်းစနေ (Monday, June 15, 2009)