4/08/2015

စင်ကာပူကိုစတင်ထူထောင်ခဲ့သူ Lee Kuan Yew

ဒုတိယကမ္ဘာစစ်အတွင်းမှာ လီကွမ်ယုနဲ့ Kwa Geok Choo တွေ့ဆုံပြီး ချစ်ကြိုက်ခဲ့ကြတယ်။ Kwa Geok Choo က လီကွမ်ယုထက် အသက် ၃နှစ်ကြီးတဲ့ ဂုဏ်သတင်းကျော်စောတဲ့ရှေ့နေတစ်ဦးဖြစ်တယ်။ ၁၉၅ဝခုနှစ်မှာ သူတို့နှစ်ဦးဟာ မိသားစုတွေကို အသိမပေးဘဲ အင်္ဂလန်မှာ လက်ထပ်လိုက်ကြတယ်။
အောက်ကပုံကတော့ Cambridgeရဲ့နေရာတစ်နေရာတည်းမှာ ရိုက်ကူးခဲ့တဲ့ လီကွမ်ယုနဲ့ Kwa Geok Choo တို့ရဲ့ ငယ်ရွယ်နုပျိုရွယ်၊ လူလတ်ပိုင်းအရွယ်၊ အိုမင်းရွယ်တွေဖြစ်တယ်။ ဒီဓာတ်ပုံကို "ထာဝရမခွဲခွာ" ဒါမှမဟုတ် "ဆံဖြူသွားကျိုးထိတိုင်"လို့ပဲ အမည်ပေးရမယ်ထင်ပါတယ်။


"သူတို့က မြင်မြင်ချင်းချစ်ကြတာမဟုတ်ပါဘူး.. ဒါပေမယ့် ထာဝရသစ္စာတရားပါ"
၂ဝ၁ဝမှာ လီကွမ်ယုရဲ့ဇနီးကွယ်လွန်တော့ သမီးဖြစ်သူက မိဘနှစ်ပါးရဲ့သက်ဆုံးထိတိုင်အချစ်ကို အခုလိုပြောကြားသွားခဲ့ပါတယ်။
"၂ဝဝ၃ခုနှစ်မှာ အမေပထမဆုံးအကြိမ်လေဖြတ်တယ်။ အမေလေမဖြတ်ခင်က အမေရဲ့နေ့စဉ်ဘဝဟာ အဖေသာအဓိကပါ။ အဖေရဲ့လိုအင်တွေကို အမေက ဂရုစိုက်စောင့်ရှောက်လုပ်ပေးခဲ့တယ်။ အမေလေဖြတ်တော့ လှုပ်ရှားသွားလာဖို့ ခက်ခဲသွားတယ်။ အားပျော့သွားတယ်။ အဲဒီနောက်ပိုင်း အဖေရဲ့ အဓိကအလေးထားစိတ်က အမေ့ပေါ်ရောက်သွားတယ်။ အဲဒီတုန်းက အဖေဟာ သူ့အလုပ်တာဝန်တွေနဲ့ အလုပ်များနေပေမယ့် သူ့အလုပ်အတွက် အစီအစဉ်ရေးဆွဲသတ်မှတ်ဖို့လိုခဲ့ရင်လည်း အမေရဲ့လိုအပ်ချက်ကိုပဲ အရင်ဦးစားပေးခဲ့တယ်"

"အမေရဲ့ ကျန်းမာရေးကို အဖေဂရုစိုက်ခဲ့တယ်။ နေ့တိုင်း အမေကို လေ့ကျင့်ခန်းလုပ် ရေကူးစေခဲ့တယ်။ အမေရဲ့ ရှုပ်ထွေးတဲ့ဆေးဝါးကုသမှုတွေကို စောင့်ကြည့်ခဲ့တယ်။ နေ့ရက်တိုင်း အမေကို သွေးပေါင်အကြိမ်ကြိမ်တိုင်းပေးခဲ့တာ ဆရာဝန် Chenကို ကျွန်မရှာတွေ့ခဲ့တဲ့အချိန်အထိပဲ။ ဆရာဝန်Chenက သွေးပေါင်တိုင်းမီတာတစ်မျိုးကို တီထွင်ခဲ့တယ်။ နာရီလိုမျိုး လက်မှာပတ်ထားရတဲ့အရာပေါ့။ နောက်တစ်နေ့ ဆရာဝန်က သွေးပေါင်လာတိုင်းတော့ ကျွန်မအမေကပြောတယ်.. "ကျွန်မအမျိုးသား ကျွန်မကိုသွေးပေါင်ချိန်ပေးတာကို ကျွန်မပိုနှစ်သက်တယ်" တဲ့။"
"အမေလေဖြတ်တော့ အဖေဟာ ညအိမ်ပြန်ရောက်တိုင်း အမေနဲ့ တစ်နာရီ နှစ်နာရီကျော်ကြာ အဖော်ပြုတယ်။ သူ့နေ့စဉ်လှုပ်ရှားမှုတွေ အမေ့ကိုပြောပြတတ်တယ်။ ပြီးရင် အမေ့အကြိုက်ဆုံးကဗျာတွေကို ရွတ်ဖတ်ပေးတတ်တယ်"

"သူတို့ဟာ ဘယ်တော့မှာ သူတို့အချစ်ကို ထုတ်ဖော်မပြဘူး။ အမေ ဒုတိယအကြိမ်လေဖြတ်တော့ အမေ့နဖူးကို အဖေနမ်းပြီးနှစ်သိမ့်တာဟာ ကျွန်မပထမဆုံးအကြိမ် တွေ့မြင်ဖူးတာပါပဲ။ သူတို့ဟာ ပြဇာတ်ဆန်ဆန် ကိုယ်လက်အင်္ဂါတွေနဲ့ ထိတို့နမ်းရှုံ့ပြီး အချစ်ကိုထုတ်ဖော်ပြတာမျိုး မလိုခဲ့ဘူး"
"အဖေက ထူထည်းတဲ့ကဗျာစာအုပ်ပေါင်းချုပ်တွေကို ဂီတပုံစံလုပ်ထားတဲ့ စာအုပ်စင်ပေါ်မှာ စုစည်းထားတယ်။ တစ်ညမှာ ကဗျာဖတ်ရင်း သူငိုက်အိပ်တော့ သံနဲ့လုပ်ထားတဲ့ စာအုပ်စင်နဲ့ တိုက်မိတယ်။ မျက်နှာမှာ ခြစ်ရာတွေထင်သွားတယ်။ သတိမထားရကောင်းလားလို့ သူ့ကိုယ်သူအပြစ်တင်ပြီး အမေကို အသံကျယ်ကြီးနဲ့ သူကဗျာတွေဆက်ရွတ်ဖတ်ပြခဲ့တယ်။"

"မြင်မြင်ချင်းအချစ်က ရှားပါးတဲ့အချစ်ဖြစ်သလို တာရှည်ဖို့ဆိုတာက မလွယ်ပါဘူး။ ကျွန်မ မိဘရဲ့အချစ်ကတော့ အရှားပါးဆုံးပေါ့။ သူတို့က သူတို့ရဲ့စိတ်ဝိညာဉ်အချင်းချင်း အဖော်ပြုပြီး လှပပြည့်စုံတဲ့အိမ်ထောင်တစ်ခုကို နှစ်ပေါင်း ၆ဝကျော် အတူတကွကျော်ဖြတ်ခဲ့ကြပါတယ်။"
"စင်ကာပူအတွက် ပေးဆပ်ဆောက်ရွက်ခဲ့တာတွေအတွက် အဖေကို ကျွန်မလေးစားဂုဏ်ယူတယ်။ အသက် ၈၇နှစ်ထိ စင်ကာပူရဲ့အကျိုးအမြတ်အတွက် သူလုံးပန်းနေတုန်းပဲ။ အမေ့ကို သူလေးလေးနက်နက် အသေးစိတ် ဂရုစိုက်စောင့်ရှောက်ခဲ့တဲ့အတွက် ကျွန်မ သူ့ကိုပိုပြီးတော့ လေးစားဂုဏ်ယူမိတယ်။ နာကျင်ကြေကွဲရခဲ့တဲ့ လွန်ခဲ့တဲ့၂နှစ်ကျော်ကာလအတွင်းမှာ အမေ့အပေါ် သူဘယ်လောက် အသည်းလှိုက်အူလှိုက် အချစ်ကြီး၊ သံယောဇဉ်ကြီးခဲ့တယ်ဆိုတာကို ကျွန်မကိုယ်တိုင် မျက်စိနဲ့တပ်အပ်တွေ့ခဲ့လိုပါပဲ။"

*** စင်ကာပူရဲ့ဖခင်ကြီး၊ စင်ကာပူကိုစတင်ထူထောင်ခဲ့သူဆိုပြီး လူအများက သူ့ရဲ့နိုင်ငံ့အပေါ်ထားတဲ့ စိတ်ဓာတ်၊ တိုင်းပြည်နဲ့လူမျိုးအတွက် ပေးဆပ်ခဲ့တဲ့ စိတ်စေတနာတွေကို ရေးဖွဲ့ကြတယ်။ အဲဒီလို နိုင်ငံတစ်ခုထူထောင်ခဲ့သူရဲ့ ဘယ်ဖက်ရင်ဘတ်အောက်မှာ ချစ်ခြင်းတွေပြည့်တဲ့ နှလုံးသားတစ်စုံရှိကြောင်းကိုတော့ ကျွန်မက ဖတ်မိသမျှ ဘာသာပြန်မျှဝေပါတယ်...

နိုင်းနိုင်းစနေ (March. 30 2015)