2/26/2012

မွန်သူရဲကောင်း အဲမွန်ဒယာ

မွန်သူရဲကောင်းအဲမွန်ဒယာကား မွန်ဘုရင် ရာဇာဓိရာဇ် လက်ထက် ထင်ရှားသည့် သူရဲကောင်းတစ်ဦးဖြစ်သည် ။ အဲမွန်ဒယာက စစ်ရေးကျွမ်းကျင်ကာ မာယာပရိယာယ်ကြွယ်ဝသူလည်းဖြစ်သည်။
တစ်ခါသော်မင်းရဲကျော်စွာသည် ရာဇာဓိရာဇ်၏သားတော် သမိန်အ၀နိုင်တို့အုပ်စိုးထားသည့် ဒလမြို့ အထက်ဝန်းကျင်သို့ ၀န်းရံပိတ်ဆို့ထားသည်။ထိုအခါ ရာဇာဓိရာဇ်သည် ဒလမြို့တွင်းသို့ အကြောင်းစကားကြားရန်နှင့် စစ်စရိတ်ငွေပေးရန် လူလွှတ်ရန်ကြံစည်၏။ ထိုအခါ အဲမွန်ဒယာက "သည်အမှုကိုကျွန်ုပ်ထမ်းဆောင်ပါမည်" ဟုလျှောက်ထား၏။
ရာဇာဓိရာဇ်က ကောင်းပြီ အရေးတော်အောင်ပါစေဟုဆို၏။ အဲမွန်ဒယာသည် ဒလမြို့ ခြင်္သေ့ဆိပ် (ရေဆိပ်) သို့သွား၏။ ပန်းပဲထောင်မှူးနှင့် မြို့တောင်စားတို့အားတွေ့ဆုံ၏။
ထို့နောက် မင်းရဲကျော်စွာရှေ့သို့ရောက်သော် " အရှင့်သား ကျွန်ုပ်က အရှင်ရာဇာဓိရာဇ်၏ ကျွန်ရင်းဖြစ်သည်။ သို့သော် ယခုအခါစိတ်နာသဖြင့် အရှင့်သားထံ အမှုတော်ထမ်းရန် ရောက်လာပါသည် " ဟုလျှောက်ထား၏။ မင်းရဲကျော်စွာက သင့်စကားအမှန်ဖြစ်သလောဟုမေး၏။ အမှန်ဖြစ်ကြောင်းလျှောက်ထားသဖြင့် မင်းရဲကျော်စွာ ယုံကြည်ပြီး နေခွင့်ပြုလိုက်သည်။ နံနက်မိုးသောက်ချိန် တံခါးပြင် ကျုံးပြင်သို့ မွန်တို့ထွက်လာရာ မြန်မာတို့က ဓါးနှင့်ခုတ်သော် အဲမွန်ဒယာသည် မွန်တို့ကိုလိုက်ခုတ်၏။ အဲမွန်ဒယာလက်ချက်ဖြင့် မွန် ၂ ဦး ဒဏ်ရာရကာ မြို့အတွင်းသို့ တွဲခေါ်သွားရကြောင်း မင်းရဲကျော်စွာမြင်လျှင် အားရပြီး ဆုလာဘ်များပင်ချီးမြှင့်ခဲ့၏၊
တစ်နေ့သော် အဲမွန်ဒယာသည် စလင်းမင်းကို ကုန်းလည်စီးစေကာ သူကိုယ်တိုင်မူ ဆင်ဦးစီးကာ ဒလမြို့ကျုံးနားသို့ကပ်လေသည်။ ကျုံးအနီးရောက်သော် မွန်တို့က ထွက်ပြီးတိုက်၏။ စလင်းမင်းနှင့်ပါသောတပ်သားများ ထွက်ပြေးကြ၏။ ထိုအခါ အဲမွန်ဒယာက " မပူလင့် ကျွန်ုပ်ကိုယ်တိုင် ဆင်းခုတ်မည် " ဟု ဆိုကာ စလင်းမင်းစကားမဆိုမီ အဲမွန်ဒယာဆင်ဦးမှဆင်းပြီး မွန်တို့အားခုတ်မည့်ဟန် ပြုပြီးမြို့တွင်းသို့ဝင်ပြေး၏။ ထိုအကြောင်းကိုစလင်းမင်းလျှောက်ထားသဖြင့် မင်းရဲကျော်စွာသိလျှင် စိတ်မသက်မသာ ဖြစ်ကာ
" အဲမွန်ဒယာပရိယာယ် မာယာများသည်ကို ငါမေ့လျော့သွားသည်မှာ မှားသည် " ဟုဆိုကာ နောင်တရသည်။ ထို့အတူမခံမရပ်နိုင်အောင်လည်း ခံစားရကာ အဲမွန်ဒယာ ဒလမှအပြန်တွင် ဖမ်းစေ ဟုအမိန့်ပေးသည်။ သို့နှယ်ပင် မင်းရဲကျော်စွာက အဲမွန်ဒယာအား ဒလမှ ဟံသာဝတီသို့ ပြန်နိုင်လျှင် ဆုလာဘ်များပေးမည်ဟု ကြွေးကြော်သည်။ထို့နောက် ကြည်းကြောင်း ရေကြောင်းများကို အင်အားတိုးချဲ့ကာ သေချာစွာဖြင့်စောင့်ကြပ်နေ၏။
ထိုအခါ အဲမွန်ဒယာကလည်း မနက်ဖန်ပင် ငါပဲခူးသို့ပြန်မည် ဟုတုံ့ပြန် သည်။ ထို့နောက်အဲမွန်ဒယာသည် ညတွင်းချင်း ငှက်ပြောဖောင်ကို လုပ်စေကာ ဆောင်ဓားကို ငှက်ပြောတုံးအတွင်းတွင် ၀ှက်ကာ ကိုယ်တိုင်မူနနွင်းများကို လိမ်းကျံကာ မိမိကိုယ်ကို သပွတ်ဖျာဖြင့် လိပ်စေကာ ငှက်ပြောဖောင်ပေါ်သို့ တင်စေလျှက် လူသေယောင်ဆောင်၏။ ထို့နောက်ကြက်တစ်ကောင် ။ ဆန်တစ်ခွက်နှင့် မီးထွန်းညှိစေပြီး မြစ်လယ်သို့ ဖောင်ကို တွန်းချစေသည်။
လူသေယောင်ဆောင်နေသောအဲမွန်ဒယာပါသည့်ငှက်ပြောဖောင်သည် မြန်မာတို့၏တပ်နားသို့ ရောက်လာသောအခါ မြန်မာတပ်သားတတို့သည် လူသေကောင်ထင်ပြီး မကြည့်ပဲ ကမ်းနားကပ်လာသည်နှင့် ၀ါးလုံးရှည်များဖြင့် တွန်းထုတ်ပစ်ကြသည်၊။ ထိုသို့ဖြင့် အဲမွန်ဒယာသည် မြန်မာတပ်များလွန်လျှင် ငှက်ပြောတုံးကြားမှ ဓားကိုယူကာ ဟံသာဝတီသို့ ပြန်ခဲ့၏။
မြန်မာတပ်တို့သည် တစ်နေ့လုံးတစ်ညလုံးစောင့်ဆောင်းနေသော်လည်း အဲမွန်ဒယာ၏ အရိပ်အယောင်ကိုမျှမမြင်ရသဖြင့် " အဲမွန်ဒယာ အဘယ့်ကြောင့်ထွက်မလာသနည်း ကတိမတည်သောလူ " ဟုအော်ပြောကြရာ မွန်တို့သည်လည်း အဲမွန်ဒယာသည် ညကပင် ပဲခူးသို့ ပြန်သွားပြီဟုဆိုသည်။
ထိုအခါ မင်းရဲကျော်စွာက မွန်တို့စကားကိုမယုံပဲ လူလွှတ်ပြီး စုံစမ်းခိုင်းရာ စုံစမ်းသူကလည်း ပြန်သွားပြီဟုဖြေသဖြင့် မင်းရဲကျော်စွာမှာ အဲမွန်ဒယာတစ်ယောက် မြေလျှိုး မိုးပျံ သွားသလော ဟူကာ အံ့သြနေ၏။ စဉ်းစားမရပေ။ လက်ရှိအဖြစ်အပျက်က မင်းရဲကျော်စွာအတွက် မယုံနိုင်စရာဖြစ်နေသည် ။ ထို့ကြောင့် သူ၏ လက်ယာသောက်မှူးအားပဲခူးသို့ စေလွှတ်ကာစုံစမ်းခိုင်းရာ အဲမွန်ဒယာကိုပဲခူးတွင် တိုက်ရိုက်တွေ့ရသည်။
ထိုအခါ မင်းရဲကျော်စွာက "အဲမွန်ဒယာသည် မာယာများသူ ပရိယာယ်ကြွယ်ဝသူ မှန်ပေသည်" ဟုချီးကျူးကာ မြင်းကောင်း၊ ရွှေကြိုး၊ ရွှေကနှင့် ကတ္တီပါဝတ်လုံကို ရဲဆုအဖြစ်ပေးလိုက်ပေတော့သည်။အဲမွန်ဒယာသည်ကား ပရိယာယ်ကြွယ်ဝ၊ လိမ္မာပြီး ရဲစွမ်းသတ္တိနှင့် ပြည့်စုံကာ ကတိသစ္စာတည်ကြည်သော သူရဲကောင်းကြီးပင်ဖြစ်သည်။