3/04/2015

ကလေးတစ်ယောက်ရဲ့လက်ဦးဆရာ

မိခင်ဆိုတာ ကလေးတစ်ယောက်ရဲ့လက်ဦးဆရာဖြစ်တယ်။ အဖက်ဖက်မှာပြီးပြည့်စုံတဲ့မိခင်တစ်ဦးက ထူးချွန်ထက်မြက်တဲ့ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်ပါတယ်။ မိသားစုဆိုတာ ကလေးတစ်ယောက်ရဲ့အခြေခံလူနေမှု၊ အခြေခံပညာရေး စတင်ရာနေရာဖြစ်တယ်။ ဒီလိုနေရာမှာ မိခင်က ဆရာဖြစ်တယ်။

မိခင်ရဲ့အပြောအဆို၊ အပြုအမူတစ်ခုတိုင်းက ကလေးငယ်ရဲ့ အတုယူရာ၊ အားကျရာနေရာဖြစ်တယ်။ ကလေးငယ်ရဲ့ကနဦးပြုမူတတ်တဲ့ အပြုအမူ၊ အကျင့်စရိုက်တွေက မိခင်ကိုယ်ပေါ်ကနေ သင်ယူခဲ့ကြောင်းကို ပညာရှင်တွေက လေ့လာဆန်းစစ်မှု အကြိမ်ကြိမ်ပြုလုပ်ပြီး အတည်ပြုခဲ့ကြပါတယ်။

မိဘတိုင်းက ကိုယ့်သားသမီးကိုချစ်ကြတာချည်းပဲ။ ဒါပေမယ့် ချစ်တဲ့အရည်အသွေးက ကွဲပြားခြားနားတယ်။ ကလေးကိုချစ်တဲ့ အရည်အသွေးကွဲပြားရတာက မိဘတွေရဲ့ ပညာအရည်အချင်း၊ ရာထူးအနိမ့်အမြင့်နဲ့ မသက်ဆိုင်ပါဘူး။ ကလေးအပေါ် နားလည်မှုအတိုင်းအတာနဲ့ ကလေးနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဖြေရှင်းတဲ့စံနှုန်းပေါ်မှာပဲ မူတည်ပါတယ်။


ဘယ်လောက်ပဲ ဆင်းရဲတဲ့မိသားစုပဲဖြစ်ဖြစ် အဲဒီမိသားစုမှာ ကြင်နာတဲ့၊ ချွေတာတဲ့၊ အကောင်းမြင်ပြီး သပ်ရပ်သန့်ရှင်းတဲ့ အမျိုးသမီးတစ်ဦးရှိတယ်ဆိုရင် အဲဒီမိသားစုဟာ စိတ်ဓာတ်ရဲ့ပျော်စံရာ၊ ခွန်အားတွေရတဲ့နေရာဖြစ်တယ်။
လောကအတွက် မိခင်တွေပေးဆပ်နေတဲ့အရာက လိမ္မာထက်မြက်တဲ့ သားသမီးတွေဖြစ်တယ်။ မိခင်ရဲ့အပြုအမူ၊ အထင်အမြင်တွေဟာ သားသမီးတိုင်းရဲ့ဘဝကို သက်ရောက်စေနိုင်ပါတယ်။ ဒီသက်ရောက်မှုကို လူတွေ သေသေချာချာ မတွေးတောခဲ့ဖူးသလို အသိအမှတ်လည်း မပြုခဲ့ကြဘူး။ မှားပါတယ်လို့လည်း ဘယ်သူမှ မငြင်းဆန်ခဲ့ကြဘူး။
ငယ်ရာကနေ ကြီးပြင်းလာတဲ့ လမ်းတစ်လျှောက် မိခင်ရဲ့ပြုစုပျိုးထောင်မှုအောက်မှာ မိခင်ရဲ့အရာအားလုံးဖြစ်တဲ့ အပြုအမူ၊ မိခင်ရဲ့အတွေး၊ မိခင်ရဲ့ကိုယ်ကျင့်တရား... စတာတွေဟာ မသိမသာနဲ့ သားသမီးပေါ်ကို သက်ရောက်စေနိုင်တယ်။

 >>> ကြံ့ခိုင်တဲ့မိခင်တစ်ဦးက သားသမီးတွေကို အခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါ တွန့်ဆုတ်မသွားဖို့ သင်ပေးနိုင်တယ်<<<

လူအများရဲ့အတွေးထဲမှာ မိန်းမဆိုတာ အားနည်းပျော့ညံ့သူလို့ တွေးထင်ထားကြတယ်။ "သန်မာကြံ့ခိုင်" ဆိုတဲ့စကားက ယောက်ျားတွေအတွက်ပဲလို့ ထင်ခဲ့ကြတယ်။
တကယ်တမ်းမှာတော့ ဘဝမှာဆင်းရဲဒုက္ခ၊ အခက်အခဲနဲ့ ကြုံလာတဲ့အခါ အဲဒီအခက်အခဲကို မတွန့်မဆုတ်၊ ကြံ့ကြံ့ခံပြီး ရင်ဆိုင်နေသူတွေဟာ အားနည်းပျော့ညံ့တယ်လို့ လူတွေထင်ထားကြတဲ့ မိန်းမတွေပဲဖြစ်တယ်။ မိန်းမတွေဟာ တခြားဘက်တွေမှာလည်း ယောက်ျားတွေထက် ပိုကြံ့ခံ၊ ပိုသန်မာတဲ့ အင်အားတွေရှိပါတယ်။
လင်ယောက်ျားသေဆုံးသွားတဲ့ မုဆိုးမမိခင်တစ်ဦးဟာ သားသမီး(၉)ယောက်ရှိတဲ့ မိသားစုတစ်စုကို တစ်ယောက်တည်း ပခုံးထမ်းတာဝန်ယူခဲ့တယ်။ ဘယ်လိုကြောက်ရွံ့မှုမျိုး၊ ဘယ်လိုအခက်အခဲကမှ အဲဒီမိခင်ရဲ့ခြေလှမ်းနဲ့ယုံကြည်မှုကို မယိုင်လဲစေနိုင်ခဲ့ဘူး။ မိခင်ဆုံးတော့ သားသမီးတွေက မိခင်ကိုဖခင်ရဲ့ အုတ်ဂူဘေးမှာ အတူမြှုပ်နှံ့ပေးပြီး ဂူရှေ့မှာ "မိခင်သစ်ပင်"တစ်ပင်ကို စိုက်ထူခဲ့တယ်။ အဲဒီသစ်ပင်က မြင့်မြတ်၊ ကြံ့ခိုင်တဲ့မိခင်ကို အထိမ်းအမှတ်ပြုတဲ့ သစ်ပင်ဖြစ်တယ်။
စာဖတ်တဲ့ မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကို ဦးဆောင်နိုင်တယ်။ စာဖတ်နှစ်သက်တဲ့ မိန်းကလေးတွေဟာ ပညာအရည်အချင်းမမြင့်လည်း စာပေယဉ်ကျေးမှုတော့ရှိတယ်။ စာပေယဉ်ကျေးမှုရှိတဲ့ မိန်းကလေးတွေဟာ အကျိုးသင့်အကြောင်းသင့် စဉ်းစားတွေးခေါ်တတ်တယ်။ ခေါင်းအေးအေးထား ဆုံးဖြတ်တတ်တယ်။ လူ့သဘောသဘာဝကို နားလည်တယ်။ စာအမြဲဖတ်သူတွေဟာ လူကြားသူကြားမှာ ထင်းထင်းရှိတယ်။ အထူးသဖြင့် ကိစ္စတစ်ခုခုဆောင်ရွက်တဲ့အခါ၊ ဖြေရှင်းတဲ့အခါ တည်ငြိမ်တယ်၊ ဣနြေ္ဒရတယ်။ စာအမြဲဖတ်သူတွေမှာ အတင်းအဖျင်းမရှိဘူးလို့ လူတချို့ကပုံဖော်ကြတယ်။ သူတို့ဟာ ကျိုးကြောင်းဆင်ခြင်မှုရှိတယ်။ တခြားသူစကားနောက် လိုက်ပါမသွားဘူး။
 >>> ပညာဗဟုသုတကြွယ်ဝတဲ့ မိခင်တစ်ဦးက သားသမီးတွေကို နက်နဲတဲ့တွေးတောကြံဆမှုတွေကို ရစေတယ် <<<

ပညာဗဟုသုတကြွယ်ဝတဲ့မိခင်တစ်ဦးက သားသမီးတွေရဲ့တွေးတောမှုကို အကျိုးသက်ရောက်စေတယ်ဆိုရင် ပညာတတ်မိခင်က ပိုနက်နဲတဲ့တွေးတောမှုကို ပေးနိုင်ပါတယ်။ ဒါဟာ လမ်းလျှောက်သင်စ ကလေးငယ်တစ်ဦးလို လူကြီးရဲ့လက်ကိုတွဲပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်သင်ယူတာနဲ့ အတူတူဖြစ်တယ်။
ပညာဗဟုသုတကြွယ်တဲ့မိခင်တစ်ဦးဟာ ကလေးငယ်မွေးဖွားစကနေ ကြီးပြင်းတဲ့အထိ နေ့စဉ်ဘဝတိုင်း ကလေးငယ်အပေါ် နည်းနည်းချင်းစီ သက်ရောက်နေပါတယ်။ မိခင်တိုင်းက သူတို့နည်း၊ သူတို့ဟန်နဲ့ သူတို့ သားသမီးအပေါ် သက်ရောက်နေကြတယ်။ မိခင်တိုင်းမှာ မိခင်တိုင်းရှိအပ်တဲ့ အကြင်နာတရားတွေ၊ စိတ်သဘောထားကြီးမြတ်ခြင်းတွေ၊ ကြံ့ခိုင်ခြင်းတွေ...... ရှိပါတယ်။ အဲဒီအရာတွေကို သားသမီးတိုင်း သိမြင်၊ သင်ယူတတ်ဖို့ပဲ လိုပါတယ်။
 
Credit  99 Sanay
.