12/17/2014

စစ်သည်တော်တစ်ဦး

လူငယ်သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကိုစာပို့ပြီးမေးတယ်။

"ဘယ်လိုမျိုးလူ လုပ်သင့်သလဲ"

"စစ်သည်တော်(Warrior) တစ်ဦးလုပ်မယ်"လို့ ကျွန်တော်ပြန်ဖြေတယ်။

နောက်သူငယ်ချင်းတစ်ယောက်ကလည်း "ဘဝကို ဘယ်လိုဖြတ်ကျော်မလဲ" လို့မေးတယ်။

"စစ်သည်တော်တစ်ဦး လုပ်မယ်" ကျွန်တော့် အဖြေမပြောင်းလဲခဲ့ဘူး။

"စစ်သည်တော်သီချင်း" ရေးစပ်သူက သူ့သီချင်းထဲမှာ ဒီလိုရေးထားတယ်။

"ဘဝရေနီလှိုင်းကြားမှာ ငါဟာမြုပ်ချည်ပေါ်ချည်နဲ့ ဒရဟော လိုက်ပါစီးဆင်းနေခဲ့တယ်။ အဲဒီရေနီလှိုင်းကို ငါအမီလိုက်မယ်။ သူ့ကိုဖြတ်ကျော်ပြီး သူ့ထက်အားကောင်းတဲ့ ရေနီလှိုင်းအဖြစ်နဲ့ ငါစီးဆင်းမယ်။

တကယ်လို ငါဟာ မီးအိမ်တစ်လုံးဆိုရင် အဲဒီမီးအိမ်နဲ့ အမှောင်ပိုများတဲ့နေရာကို ထွန်းညှိမယ်။ တကယ်လို့ ငါဟာဒီရေဆိုရင် လှိုင်းတံပိုးတွေစုရုံးပြီး ကမ်းစပ်က အမှိုက်သရိုက်တွေကို ဆေးကြောပစ်မယ်"

ဒီစာပိုဒ်က စစ်သည်တော်တစ်ဦးရဲ့ စိတ်နေစိတ်ထားကိုဖော်ပြနေခဲ့တယ်။

ဒီခေတ်၊ ဒီအချိန်မှာ စစ်သည်တော်အရမ်းလိုအပ်လှတယ်။ ဒါပေမယ့် ဒီစစ်သည်တော်တွေက လက်နက်ကိုင်ပြီး ရှေ့တန်းတက်စရာမလိုဘူး။ ဓား၊ သေနတ်ကိုင်စွဲစရာ မလိုဘူး။ သူ့လက်နက်က အသိဉာဏ်ပညာ၊ ကိုးကွယ်ယုံကြည်မှုနဲ့ ကြံ့ခိုင်မှုတွေဖြစ်တယ်။ အဲဒီစစ်သည်တော်က ရန်သူကို သွေးထွက်သံယို တိုက်ခိုက်စရာမလိုဘဲ အနိုင်ရယူနိုင်တယ်။

စစ်သည်တော်က အလင်းကို အမြဲဖော်ဆောင်သူဖြစ်တယ်။ ကြည်လင်တဲ့ကောင်းကင်အောက်မှာ ကျောခင်းပြီး နေရောင်ခံနေသူ မဟုတ်ဘူး။ အမှောင်ထဲက မီးအိမ်ကိုထွန်းညှိပြီး လူတွေကို အလင်းရောင်ဆီ လမ်းပြသူဖြစ်တယ်။ အမှောင်ကိုမောင်းထုတ်တာက စစ်သည်တော်ရဲ့ ဝတ္တရားဖြစ်တယ်။ အမှောင်ကိုသူကွေ့မရှောင်ဘဲ အမှောင်နဲ့ ထိပ်တိုက်တိုး ရင်ဆိုင်တယ်။ ပြီးတော့ အမှောင်ထဲမှာ ပုန်းခိုနေတဲ့ တစ္ဆေသရဲ ဝိညာဉ်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်သူဖြစ်တယ်။ သူတို့ကိုချေမှုန်းပြီး အလင်းကို ယူဆောင်ပေးသူဖြစ်တယ်။ စစ်သည်တော်က နှစ်ဖက်အလိုကို လိုက်လျှောသူမဟုတ်ဘူး။ အလင်းမရမချင်း မရပ်မနား တိုက်ခိုက်နေမယ့်သူဖြစ်တယ်။

စစ်သည်တော်က အမြဲနုပျိုသူဖြစ်တယ်။ သူမတွေဝေဘူး၊ မရပ်နားဘူး။ လူတွေကြားဝင်ပြီး လူတွေကို အန္တရာယ်ပေးတဲ့ အဆိပ်ကောင်တွေကို သူလိုက်လံရှာဖွေ တိုက်ခိုက်တယ်။ အဲဒီအဆိပ်ကောင်တွေနဲ့ တစ်မိုးအောက်မှာ အတူမရှင်သန်ချင်သူဖြစ်တယ်။ စစ်သည်တော်က မရပ်မနား တိုက်ခိုက်ရင်း ဘဝကို ကုန်ဆုံးစေတယ်။ သူဟာအလင်းရလို့ ရှင်သန်တာမဟုတ်ဘဲ ဒဏ်ရာအထပ်ထပ်နဲ့ သေဆုံးသွားသူဖြစ်တယ်။ သူ့အတွက် တိုက်ခိုက်ချေမှုန်းနေမှ အင်အားတွေပိုတိုးတယ်၊ ယုံကြည်ကိုးကွယ်မှုတွေ ပိုရှင်သန်တယ်။ စစ်ပွဲမှာ စစ်သည်တော်ရဲ့လမ်းပြက "အနာဂတ်" ဖြစ်တယ်။ "အနာဂတ်"က လူကိုမျှော်လင့်ချက်နဲ့ အင်အားကိုဖြစ်စေတယ်။ စစ်သည်တော်ရဲ့ စိတ်ဓာတ်က ဘယ်တော့မှ အိုမင်းမသွားဘူး။

စစ်သည်တော်က ဘယ်တော့မှ နောင်တနဲ့ မျှော်လင့်ချက်မဲ့တယ်ဆိုတာမရှိဘူး။ ကျရှုံးခဲ့ရင်တောင် ကျရှုံးခဲ့တဲ့ အကွဲအစတွေနဲ့ အသစ်တစ်ဖန် ပြန်တည်ဆောက်သူဖြစ်တယ်။ ဘယ်လိုတိုက်ခိုက်ခြင်းကမှ စစ်သည်တော်ရဲ့ ရည်ရွယ်ချက်ကို မပျက်ပြားစေဘူး။ သေခါမှ မျက်စိအစုံကို မှိတ်သူဖြစ်တယ်။

စစ်သည်တော်က တွန့်ဆုတ်တာကို မသိဘူး။ သူ့ခြေလှမ်းတွေက ကြံ့ခိုင်တယ်။ ဦးတည်ရာပန်းတိုင်ဆီကိုပဲ သူတစ်စိုက်မတ်မတ်သွားတယ်။ ခလုတ်ကသင်းတွေကို သူမကြောက်ဘူး။ ဘယ်လိုအတားအဆီးကမှ သူ့ကို မပြောင်းလဲစေဘူး။ ဘာဥစ္စာပစ္စည်းကမှ စစ်သည်တော်ရဲ့ မျက်လုံးကို မဖြားယောင်းနိုင်ဘူး။ စစ်သည်တော်ရဲ့ စီမံလှုပ်ရှားမှုတွေက ကိုးကွယ်ယုံကြည်မှုဖြစ်တယ်။ သူတို့ရဲ့ ဦးတည်ရာပန်းတိုင်ကို မရောက်မချင်း ဆင်းရဲ၊ နာကျင်မှုတွေကို သူတို့သည်းညည်းခံနိုင်တယ်။ လူမသေမချင်း ဘယ်အရာကမှ သူတို့ကို တားဆီးတွန်းလှန်နိုင်မှာ မဟုတ်ဘူး။

ဒီလိုစစ်သည်တော်ကို အခုချိန်မှာ ကျွန်တော်တို့အလိုရှိတယ်။ ဒီလိုစစ်သည်တော်မျိုးမှာ ထူးကဲတဲ့အင်အားတွေ ရှိစရာမလိုဘူး။ သာမန်လူလည်းဖြစ်နိုင်တယ်။ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာရှိရင် လူတိုင်းလုပ်နိုင်တယ်။ ဒါကြောင့် "စစ်သည်တော်တစ်ဦးလုပ်မယ်"ဆိုတဲ့စကားနဲ့ တွေဝေ၊ တွန့်ဆုတ်နေတဲ့ လူငယ်တွေကို ကျွန်တော်လှုပ်နိုးလိုက်ပါတယ်။

၁၉၃၈ခုနှစ် ဂျုလိုင်လ၁၆ရက် ရှန်ဟိုင်း

မူရေးသားသူ.... တရုတ်စာရေးဆရာ- Ba Jin (巴金) (25-11-1904--17-10-2005)

*** ဘဝအတွက် ရုန်းကန်လှုပ်ရှားနေကြတဲ့ ဘဝစစ်သည်တော်များ အားလုံးအတွက်

နိုင်းနိုင်းစနေ (Tuesday, January 11, 2011)