နှပ်ဆေးရည် များကို ကွမ်းယာ၌ ထည့်သွင်း စားသုံးခြင်းကြောင့် ကျန်းမာရေး ချို့တဲ့သူ ယခုနှစ်တွင် ပိုမိုများပြား လာဟုဆို
ထိုသို့ ကွမ်းကို စွဲလမ်းစွာ စားသုံးသည့်အခါ ထုံး၊ ကွမ်းသီး၊ ဆေးစသည့် မိရိုးဖလာ ကွမ်းစားသုံးခြင်း မဟုတ်ဘဲ နှပ်ဆေးအရည် များကိုပါ ထည့်သွင်း စားသုံးခြင်းများ ပြုလာ ခဲ့ကြသည်။
ထို့ကြောင့် နှပ်ဆေးရည်ဖြင့် ကွမ်းယာ စားသုံးသူ အချို့မှာ အစာအိမ် အူလမ်းကြောင်း ရောဂါများရရှိပြီး ဆေးဝါးကုသမှု ခံယူရသူ ပိုမိုများပြား လာခဲ့ကြောင်း ပုဂ္ဂလိက အထူးကု ဆေးရုံကြီးများရှိ အထူးကု ဆရာဝန်ကြီး များ၏ ပြောပြချက်များ အရ သိရသည်။
ကွမ်းကို နှပ်ဆေးရည်ဖြင့် ရေရှည်စွဲ၍ စားသုံးမိပါက အစာအိမ် အူလမ်းကြောင်း ကင်ဆာဖြစ်ပေါ် စေနိုင်ကြောင်း အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာ အထူးကု ဆရာဝန်ကြီး တစ်ဦးကလည်း ပြောကြားခဲ့သည်။
ကွမ်းစား နှပ်ဆေးရည်များကို ရေရှည်စားသုံး မိခြင်းကြောင့် အစာအိမ် အူလမ်းကြောင်း အတွင်း ကင်ဆာဖြစ်၍ ဆေးဝါးကုသမှု ခံရသူ များစွာရှိခဲ့ရာ ၃၅ ရာခိုင်နှုန်း သာလျှင် အသက်ရှင် ကျန်းမာပြီး ကျန် ၆၅ ရာခိုင်နှုန်းမှာ သက်တမ်းစေ့ နေထိုင်ရခြင်း မရှိကြောင်း စောင့်ကြည့်လေ့လာ နေသူများ၏ မှတ်တမ်းအရ သိရသည်။
အဆိုပါ ကွမ်းစား နှပ်ဆေးရည် များသည် သဘာဝ မဟုတ်သော အနံ့အသက်များနှင့် သဘာဝ မဟုတ်သော အချိုအရသာ ဓာတ်များကို ရောစပ် ထုတ်လုပ်ထားရာ ဓာတုဗေဒ ဒြပ်ပေါင်း အချို့ ပါဝင်လျက် ရှိနေသည်ကို စမ်းသပ် တွေ့ရှိရကြောင်း၊ ၎င်းဒြပ်ပေါင်းစု များသည် လူ၏ ကိုယ်ခန္ဓာ အတွင်းပိုင်းရှိ ကိုယ်တွင်း ကလီစာ အစိတ်အပိုင်း များကို ချေဖျက်နိုင်သည့် ဒြပ်ပေါင်းစုများ ပါဝင်ကြောင်း၊ ယင်းကြောင့် ပါးစောင်ကင်ဆာ၊ လည်ချောင်း ကင်ဆာနှင့် အူလမ်းကြောင်း ကင်ဆာ စသည်ဖြင့် ဖြစ်ပွားရကြောင်း သုတေသန စာတမ်းများ အရ သိရသည်။
ကွမ်းစား နှပ်ဆေးရည် ဖော်စပ်ရာတွင် အဓိက မရှိမဖြစ် အခြေခံ ကုန်ကြမ်း လိုအပ်ချက်မှာ ဆေးရွက်ကြီး ဖြစ်သည်။ ၎င်းဆေးရွက်ကြီး၏ ရုက္ခဗေဒ အမည်ရင်းမှာ နီကိုရှားနား တေဗကန် (Nicotianna Tabacuum) ဟု သိရပြီး ဆိုလင်းနေးစီး (Solanaceae) ခရမ်းမျိုးရင်းဝင် အပင်တစ်မျိုး ဖြစ်သည်။
၎င်း၏ မူလသဘောအရ အဆိပ်အတောက် များကို ပယ်စေနိုင်သော သတ္တိ ရှိသော်လည်း ဓာတုဗေဒ ဒြပ်ပေါင်းများနှင့် ရောစပ် သုံးစွဲခြင်းကြောင့် လူ၏ ကျန်းမာရေးကို ထိခိုက်စေခြင်း ဖြစ်သည်။
အဆိုပါ ကွမ်းစားနှပ်ဆေးရည် များကို စားသုံးမိခြင်းကြောင့် ဘေးထွက်ဆိုးကျိုး ရောဂါလက္ခဏာ များကို ပြည်သူ့ ကျန်းမာရေး ဌာနနှင့် ပြန်ကြားရေး ဌာနတို့မှ ပြည်သူများ သိရှိစေရန် ကျန်းမာရေး အသိပညာ ပေးခြင်းများအား မကြာခဏ ထုတ်လွှင့်ပြသလေ့ ရှိသော်လည်း သက်ဆိုင်ရာ အစားအသောက်နှင့် ဆေးဝါးများ ကြီးကြပ်ရေး အဖွဲ့များမှလည်း စိစစ် ဆောင်ရွက်ပေးရန် လိုအပ်လျက် ရှိကြောင်း သိရသည်။
credit - myawady health





