11/10/2014

လုပ်ငန်းခွင်နှင့် ကင်ဆာရောဂါ

ယနေ့အချိန် ပွင့်လင်းမြင်သာသော ဒီမိုကရေစီ စနစ်တွင် လုပ်ငန်းခွင် ကျန်းမာရေးနှင့် ပတ်သက်၍ ရှေ့တန်းသို့ ရောက်လာပါပြီ။ အဘက်စတို့ အမိုး မျက်နှာကြက်ပြားကို ကိုင်တွယ် လုပ်ကိုင်ရသော လုပ်သားများ အနေဖြင့် အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားမှုကြောင့် လုပ်ငန်းခွင် နစ်နာမှုများ ဖြစ်ပေါ်နေပြီး နောက်ပိုင်း လုပ်ငန်းခွင် လုံခြုံမှုရှိရန် နည်းလမ်းများ ကြံဆ လာကြသည်။ အဘက်စတို့ အစားအခြား ပစ္စည်းများ အစားထိုး အသုံးပြု လာကြသည်။

ဓာတ်မှန် ရိုက်ကူးသော လုပ်သားများမှာလည်း ကင်ဆာရောဂါ ဖြစ်ပွားမှုများ ရှိပါသည်။ ဥပမာ-၁၉၅၇ ခုနှစ်က ကိုယ်ဝန်ဆောင်သည် မိခင်ကို လိုအပ်ချက်အရ ဓာတ်မှန် မကြာခဏ ရိုက်ရာမှ သွေးကင်ဆာ ဖြစ်ရသဖြင့် လုပ်ငန်းခွင်တွင် အကာအရံ၊ လုံခြုံသော ပျံ့နှံ့မှု အနိမ့်ဆုံး နည်းလမ်းများ အသုံးပြုလာ ကြသည်ကို တွေ့ရသည်။ အဏုမြူ ရောင်ခြည်နှင့် ကင်ဆာ ရောဂါမှာလည်း ဆက်စပ်မှုရှိရာ နာရီများတွင် ညအချိန်နာရီ ဒိုင်ခွက်ကို မြင်စေရန် အဏုမြူ ရောင်ခြည် သုတ်လိမ်းပေးသော လုပ်သားများသည် ကင်ဆာရောဂါ ဖြစ်နိုင်ပါသည်။ ဒုတိယ ကမ္ဘာစစ် အဆုံးသတ်စေသည့် ၁၉၄၅ ခုနှစ် သြဂုတ် ၆ ရက်တွင် ဟီရိုရှီးမားမြို့နှင့် သြဂုတ် ၈ ရက် နာဂါစကီမြို့တို့တွင် အဏုမြူ ဗုံးတစ်လုံးစီ ချခဲ့ပြီးနောက် အသက်ရှင် ကျန်ရစ်သူများမှာ ဘဝ တစ်သက်တာလုံး ကင်ဆာရောဂါကို ခံစားခဲ့ကြရသည်။
ထို့အပြင် ယင်းလူနာများမှ မွေးဖွားလာသော သားသမီးများပင် အဏုမြူရောင်ခြည် သင့်ခြင်း ခံကြရသည်။ အဝတ်အထည် ဆိုးဆေးများကို လက်အိတ်စသည့် အကာအကွယ် မရှိဘဲ ကိုင်တွယ်သည့် လုပ်သားများမှာလည်း ကင်ဆာရောဂါ ဖြစ်နိုင်သည်။ ဂျာမနီနိုင်ငံ ဆိုးဆေး ထုတ်သည့် ကုမ္ပဏီကြီးမှ လုပ်သားများသည် ဆီးလမ်းကြောင်း တစ်လျှောက် ကင်ဆာရောဂါ ဖြစ်ပွားမှု ဒဏ်ကို ခံကြရသည်။ အဝတ်အထည် ဆိုးဆေးများသည် ဓာတု ဆိုးဆေးများဖြစ်၍ သတိနှင့် ကိုင်တွယ်ရပြီး လက်ကို စင်ကြယ်စွာ ဆေးကြောပြီးမှ အစားအစာကို စားသင့်သည်။ ထီးလုပ်ငန်းမှ ထီးကိုင်း၊ ထီးရိုးတို့ကို ဒန်ရောင်စိမ်သည့် လုပ်သားများမှာ ခရိုမီယံဓာတ်ကို လက်ဖြင့် ကိုင်တွယ်မှုများ၍ အရေပြား ကင်ဆာဖြစ်ကြသည်။ ကင်ဆာ ဆက်စပ်နေသည့် သတင်းများ ရှိသည်။ ကတ္တရာစေးမှ အရေပြား ကင်ဆာဖြစ်စေသည်။ အချို့နိုင်ငံများမှ လမ်းလုပ်သားများမှာ တစ်သက်လုံး ကတ္တရာစေး ကိုင်တွယ် နေရသဖြင့် အရေပြား ကင်ဆာ ဖြစ်စေသည်။

အပူပိုင်းဒေသ၊ နေအပူရှိန် အမြင့်ဆုံး အချိန်တွင် အလုပ် လုပ်သူများသည် ခရမ်းလွန် ရောင်ခြည်ကြောင့် အရေပြားကင်ဆာ ဖြစ်နိုင်သည်။ မြန်မာနိုင်ငံ၌ ကွမ်းစားသည့် ဓလေ့၊ ဆေးလိပ် သောက်သည့် ဓလေ့က ခံတွင်းကင်ဆာ၊ လျှာကင်ဆာနှင့် အဆုတ်ကင်ဆာများ ဖြစ်စေသည်။ အိန္ဒိယနိုင်ငံ၌လည်း အများဆုံး ဖြစ်ကြသည်။ ကြိုတင် ကာကွယ်သည့် နည်းလမ်းမှာ ရောဂါရစေသော ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ အရက်သောက်ခြင်း တို့ကို ရှောင်ကြဉ်ရမည်။ ကြိုတင် ကာကွယ်ခြင်းမှာ ကုသခြင်းထက် ပိုကောင်းသဖြင့် အမြဲမပြတ် သတိရှိသင့်သလို ရှောင်ကြဉ်သင့်သည်။ သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ရေး အတွက် သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး ထိုးထားသင့်သည်။ အရေပြားကင်ဆာ၊ ပါးစောင်ကင်ဆာ၊ လျှာကင်ဆာတို့မှာ ရောဂါဖြစ်စတွင် ကုသပါက ပျောက်ကင်းနိုင်သည်။ အခြားအစာ အိမ်ကင်ဆာ၊ ဆီးကျိတ် ကင်ဆာတို့မှာလည်း ရောဂါ ဖြစ်ခါစတွင် ခွဲစိတ် ကုသခြင်း၊ ခွဲစိတ်ပြီး ဓာတ်ရောင်ခြည် ပေးကုသခြင်း၊ ကင်ဆာဆေး သွင်းခြင်းများ ဆောင်ရွက် ပါက ရောဂါ ပျောက်ကင်းသည်ကို တွေ့ရသည်။ ရောဂါလုံးဝ ကင်းစင်သည်အထိ ကုသရန် လိုအပ်သည်။ ယနေ့ကမ္ဘာတွင် ကင်ဆာဖြစ်သူ သန်း ၄ဝ ခန့် ရှိကြရာ အချို့ ကင်ဆာများမှာ လုပ်ငန်းခွင်ပိုင်းနှင့် ဆက်စပ်နေပြီး အချို့မှာ ရောဂါဖြစ်မှန်း မသိကြပေ။ ကင်ဆာ၏ ရှေးဦး လက္ခဏာ ခုနစ်ခုမှာ ဆီးနှင့်ဝမ်းပြောင်းလဲခြင်း၊ အနာတစ်ခုဖြစ်ပြီး အလွယ်တကူ မပျောက်ခြင်း၊ မမျှော်လင့်သော နေရာမှ သွေး သို့မဟုတ် အရည်ထွက်ခြင်း၊ ရင်သား၊ အခြား၌ အဖုအသီး ထခြင်း၊ အစာမကြေခြင်း၊ ပင်ကို အရေပြား အရောင်ပြောင်းလဲခြင်း၊ ချောင်းဆိုး အသံဝင်ခြင်း၊ အိပ်မပျော်ခြင်းတို့ ဖြစ်သည်။

cerdit - myawady health