9/20/2014

ဘုရင်တစ်ပါးရဲ့ အချစ်ပုံပြင် (The Love of a King) 12

(၁၂) အချစ် သက်တော်ရာကျော် ရှည်ပါစေ

၁၉၇ဝခုနှစ် Edward မကွယ်လွန်ခင်ရှေ့နှစ်နှစ်မှာ သူ ဒီလိုပြောခဲ့ပါတယ်။

“ဘုရင့်အရိပ်အရာကို စွန့်လွှတ်လိုက်တာဟာ ကျွန်တော့်အမှားလို့ လူတွေထင်မြင်ကြတယ်။ ဒါပေမယ့် သူတို့က တကယ့်အချစ်စစ်ကို နားမလည်ခဲ့ပါဘူး။

ကျွန်တော်နုငယ်စဉ်က Buckinghamနန်းတော်မှာ နေထိုင်ခဲ့တယ်။ ကျွန်တော်လိုချင်တာမှန်သမျှ ရခဲ့တယ်။ ဒါပေမယ့် ကျွန်တော်မပျော်ရွှင်ခဲ့ဘူး။ ကျွန်တော့်ရဲ့အတွင်းစိတ်က ဗလာဖြစ်နေခဲ့လို့ပါ။

နောက်ပိုင်း Wallisနဲ့ကျွန်တော်တွေ့ဆုံပြီးတဲ့နောက် အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ ကျွန်တော်ရဲ့ ကြွင်းကျန်တဲ့ဘဝကို ဒီလောကမှာ အလှဆုံးအမျိုးသမီးနဲ့အတူ ဖြတ်သန်းခဲ့ပါတယ်။ သူဟာ ကျွန်တော်ရဲ့ဘဝ၊ ကျွန်တော်ရဲ့ အရာအားလုံးပါ။

ပန်းခြံထဲ သူနဲ့အတူထိုင်နေချိန်မှာ တစ်ခါတလေ ကျွန်တော်ရဲ့အစောပိုင်းဘဝကို ကျွန်တော်သတိရတတ်ခဲ့ပါတယ်။ ကျွန်တော်တစ်ယောက်တည်း အထီးကျန်ဆန်စွာနဲ့ အခန်းထဲမှာ ထိုင်ခဲ့ရတဲ့နေ့ရက်တွေ၊ တုတ်တစ်ချောင်းနဲ့ ကျွန်တော့်ကိုရိုက်တတ်တဲ့ဆရာကို ကျွန်တော်သတိရတတ်ခဲ့ပါတယ်။ စစ်ပွဲနဲ့ ကမ္ဘာအနှံ့ခရီးသွားခဲ့တာတွေကို ကျွန်တော်သတိရတတ်ခဲ့ပါတယ်။ ကျွန်တော့်ပြတင်းပေါက်အောက်မှာ စုဝေးပြီး “အချစ် သက်တော်ရာကျော်ရှည်ပါစေ”လို့ အော်ခဲ့တဲ့လူတွေကို ကျွန်တော်သတိရတတ်ခဲ့ပါတယ်။

လန်ဒန်ကနေ ကျွန်တော်ခွဲခွာမယ့်နောက်ဆုံးညမှာ Winston Churchillနဲ့ ကျွန်တော်ပြောဆိုခဲ့ပါတယ်။ စကားပြောနေရင်း သူက “အရှင်… ဘဝမှာ အကောင်းဆုံးအရာက လွတ်လပ်ခြင်းပဲလို့ ကျွန်တော်ထင်တယ်” လို့ပြောခဲ့တယ်။

ဒီစကားကို ကျွန်တော်လုံးဝမမေ့ခဲ့ပါဘူး။ အခု.. နှစ်အတော်ကြာ
လွန်မြောက်လာမှ ဒီအဓိပ္ပာယ်ကို ကျွန်တော်နားလည်ခဲ့ရပါတယ်။
ပျော်ရွှင်ခြင်းဆိုတာ ဝယ်ယူလို့ မရနိုင်ပါဘူး။ ထို့အတူ အချစ်ကလည်း ဝယ်ယူလို့မရနိုင်ပါဘူး။

နက်ရှိုင်းတဲ့ရင်ထဲ နှလုံးထဲကလာတဲ့ပျော်ရွှင်ခြင်းက လောကမှာ အလှပဆုံးအရာပါ။ ကျွန်တော်ဟာ ကံကောင်းသူတစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော်ပြောချင်ပါတယ်…

“Wallisကို ပေးခဲ့တဲ့အတွက် ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။ အချစ် သက်တော်ရာကျော်ရှည်ပါစေ…”

×××××
ပြီးပါပြီ။

မူရင်းရေးသားသူ --- Peter Dainty ("The Love of a King")

နိုင်းနိုင်းစနေ (Sept. 19. 2014)
.