9/02/2014

အမေရိကန် ဗိသုကာဖခင်ကြီးများ

ခေတ်ဝန်ကိုထမ်း၊ ခေတ်လမ်းကို ဦးဆောင်လမ်းပြ ဂုဏ်သိက္ခာရှိစွာ ဖြတ်လျောက်ခဲ့ကြသည့် “Founding Fathers” မြန်မာနိုင်ငံ ဒီမိုကရေစီ ပိသုကာ ဖခင်ကြီးများဖြစ်ကြသော အဘ ဦးတင်ဦး၊ အဘ ဦးဝင်းတင်၊ အဘ ဦးသောက နှင့် အခြားသော အသိအမှတ်ပြုသင့်သည့်  ဒီမိုကရေစီ ပိသုကာ ဖခင်ကြီးတို့အား ဤဆောင်းပါးဖြင့်ဂုဏ်ပြုပါသည်။
~ မြတ်စိုး ၄-၂၀-၂၀၁၄

"Founding Fathers”

Karen O’ Connor နှင့် Larry J. Sabato ရေးသားပုံနှိပ်ထုတ်ဝေခဲ့သည့် “American Government: Continuity and Change” စာအုပ်  “The Constitution” ခေါင်းစဉ်အောက်၌ ဖော်ပြထားသော အမေရိကန်နိုင်ငံကို တည်ထောင်ခဲ့ကြတဲ့ “Founding Fathers”  ပိသုကာ ဖခင်ကြီးများ သမိုင်းအကြောင်းပါ။ အမေရိကန်သမိုင်းနှင့် ပြောင်းလဲမှုဖြစ်စဉ်များကို လေ့လာလိုကြသူများအတွက် ဖတ်ရှုသင့်သည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ကြောင်း ပြောပါရစေ။

စာမျက်နှာ ၈၄၀ ရှိပြီး၊ အမေရိကန် အစိုးရတည်ဆောက်လာပုံ နှင့် အမေရိကန် သမိုင်းအကြောင်းကို ဒီစာအုပ်မှာ  စုံစုံလင်လင် ဖော်ပြထားသည်။ အမေရိကန် တက္ကသိုလ်များတွင် နိုင်ငံရေးသိပ္ပံဘာသာရပ်၌ သင်ရိုးညွှန်းတမ်းစာအုပ်အဖြစ် သင်ကြားပို့ချနေဆဲဖြစ်သည်။ လွန်ခဲ့တဲ့ နှစ် ၂၀ နီးပါး က အမေရိကန် နိုင်ငံအကြောင်း၊ အမေရိကန် နိုင်ငံခြားရေးမူဝါဒများ အကြောင်း သိချင်လို့ သင်ကြား  ဖတ်ရှု့  ခဲ့တဲ့ စာအုပ်ပါ။ ကျနော် ရဲ့ အနှစ်သက်ဆုံး စာအုပ်စာရင်းထဲ မှာ ထိပ်ဆုံးက ပါနေဆဲပါပဲ။

စာအုပ်ထဲမှ စိတ်ဝင်စားဖွယ် အမေရိကန် ပိသုကာ ဖခင်ကြီးများ “Founding Fathers”   သမိုင်း အကြောင်းတစေ့တစောင်းကို ဘာသာပြန်ဆိုထားခြင်းသာဖြစ်သည်။ အနာဂတ် မြန်မာပြည်အတွက် တိုင်းပြည်အကျိုး၊ လူထုအကျိုးကို ကြည့်သည့် အမြော်အမြင်ကြီးမားသည့် ပိသုကာဖခင်ကြီးများ  “Founding Fathers”  အား  အသိအမှတ်ပြု ဂုဏ်ပြုကြရန်  ရည်ရွယ်ပါသည်။
Confederation နှင့် Original States

သောမတ်စ်ဂျက်ဖာဆင် (Thomas Jefferson)   မူကြမ်းရေးသားထားသည့်  အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်း ( Declaration of Independence) ကို ၁၇၇၆ ခုနှစ် မှာ တရားဝင် ကြေညာခဲ့ပြီး၊  ဗြိတိန် အစိုးရ၏ အုပ်ချုပ်မှုအောက်မှ အချုပ်အချာ နှင့် လွတ်လပ်ရေး ကြေညာခဲ့သည့် မူလကနဦး  ပြည်နယ်များ (Original States) အဖြစ် ခေါ်တွင်ခဲ့သည့် ပြည်နယ် ၁၃ ပြည်နယ်မှ အစိုးရ ကိုယ်စားလှယ် ခေါင်းဆောင်များ ၁၇၇၉ ခုနှစ်နောက်ပိုင်း တွင် Articles of Confederation ကို အစပြုဖန်တီးရေးဆွဲခဲ့ကာ၊ အမေရိကန်နိုင်ငံ  ဗဟိုအစိုးရ နှင့် လွှတ်တော်ကို စတင် ဖွဲ့စည်းခဲ့ကြသည်။

ယင်းအစိုးရပုံစံကို Confederation လို့ ခေါ်ဆိုခဲ့ကြသည်။ Articles of Confederation ကို ၁၇၇၆ ခုနှစ် တွင် ပြည်နယ်အစိုးရများမှ ပူးပေါင်းရေးဆွဲခဲ့သော်လည်း ၁၇၈၁ ခုနှစ် ထိတိုင် ပြည်နယ်အားလုံး၏ အတည်ပြုချက်မရယူနိုင်ခဲ့ပေ။

အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်းကို ကြေညာခဲ့သည့် မူလ ကနဦးပြည်နယ် (Original States) ၁၃ ပြည်နယ်များမှာ  New Hampshire, Massachusetts, Rhode Island  နှင့် Providence Plantations လို့ ခေါ်ဆိုခဲ့သည့် Connecticut, New Jersey, New York, Pennsylvania, Delaware, Maryland, Virginia, North Carolina, South Carolina, နှင့် Georgia ပြည်နယ်များဖြစ်ကြသည်။
Constitutional Convention

၁၇၈၇ ခုနှစ် ဖေဖေါ်ဝါရီလ ၂၁ မှာ နိုင်ငံအတွင်း ဖြစ်ပေါ်လာနေသည့် စီးပွားရေးဝရုန်းသုန်းကားဖြစ်ပေါ်မှု၊ ပြည်နယ် နှင့် ဗဟိုအစိုးရအကြား နိုင်ငံရေး အယူအဆ နှင့် အမြင် ကွဲလွှဲမှုများကို အဖြေရှာရန် လွှတ်တော်က ဆုံးဖြတ်ချက်ချခဲ့တယ်။ လွှတ်တော် ဆုံးဖြတ်ချက်အရ  ဖွဲ့စည်းခဲ့သည့် အမေရိကန် ဖက်ဒရယ် ပြည်ထောင်စုဆိုင်ရာ မှုဝါဒတွေ၊ သဘောတူစာချုပ် အချက်အလက်တွေ ပါဝင်သည့်  Articles of Confederation ကို ပြန်လည်သုံးသပ်လေ့လာရန် ဖွဲ့စည်းပုံဆိုင်ရာ ညီလာခံ ( Constitutional Convention) ကို Philadelphia ဖလော်ဒေးဗီးယား မြို့ မှာ ကျင်းပဖို့ သဘောတူဆုံးဖြတ်ခဲ့ကြသည်။

ဤညီလာခံ ကို Rhode Island မှတပါး  ပြည်နယ်အားလုံး ကိုယ်စလှယ်များ တက်ရောက်ခဲ့ကြသည်။ ညီလာ ခံဖြစ်မြောက်ဖို့ပြည်နယ် အသီးသီးက စေလွှတ်လိုက်သည့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ၂၉ ယောက် မေလ ၁၄ ရက်နေ့ မှာ စတင်ကနဦး တွေ့ဆုံခဲ့ကြသည်။ ယင်း ဆွေးနွေးမှုကို ဦးဆောင် တာဝန်ယူခဲ့သူ မှာ ပထမဦးဆုံး အမေရိကန်သမ္မတ ဖြစ်လာမည့် ဂျော့ဝါရှင်တန် ဖြစ်သည်။

ဆွေးနွေးမှုများကို လျှို့ဝှက်မှုဖြစ်စေဖို့ ဂျော့ဝါရှင်တန် ယခုလို ကိုယ်စလှယ်များကို သတိပေးခဲ့သည်။

“Nothing spoken or written can be revealed to anyone
- not even your family -until we have adjourned permanently.
Gossip or misunderstanding can easily ruin all the hard work
we shall have to do this summer.”

သူ၏ သတိပေးမှုအပေါ် အမေရိကန်ဖွဲ့စည်းပုံ လေ့လာသူ သမိုင်း သုတေသီပညာရှင်များက အခုလို အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြသည်။

“So concerned about leaks were those in attendance that the delegates agreed to accompany Benjamin Franklin to all of his meals. They feared that the normally gregarious gentleman might get carried away with the mood or by liquor and inadvertently let news of the proceedings slip from his tongue.”

ကနဦး ဆွေးနွေးမှု ဆုံးဖြတ်ချက်အရ  Articles of Confederation ကို ပြန်လည်သုံးသပ်လေ့လာဖို့ ဖွဲ့စည်းပုံ ဆိုင်ရာ ညီလာခံ ( Constitutional Convention) ကို  တက်ရောက်သည့် ကိုယ်စားလှယ် အားလုံး  အရက်သေစာ သောက်စားမှုမပြုဖို့၊  ဆွေးနွေးမှု မပြီးမချင်း မိသားစု နှင့် မတွေဖို့ ၊ နှင့် Benjamine Franklin စီမံသည့် အစားအစာ ကိုသာ စားသုံးဖို့ ဂတိပြုခဲ့ကြသည်။ ဂျော့ဝါရှင်တန်၏ အဓိက ရည်ရွယ်ချက်သည်  ဆွေးနွေးမှုအတွင်း သတင်းအချက်အလက်ဆိုင်ရာများ မပေါက်ကြားစေရန်ဖြစ်သည်။
အမေရိကန် ဖွဲ့စည်းပုံ ပိသုကာဖခင် ကြီးများ
- Framers  ခေါ်  “ Founding Fathers” -

Articles of Confederation ကို ပြန်လည်သုံးသပ် လေ့လာသည့် ဖွဲ့စည်းပုံဆိုင်ရာ ညီလာခံ (Constitutional Convention) ကို တံခါးပိတ်ဆွေးနွေးဖို့ ပြည်နယ် ဥပဒေပြု လွှတ်တော် ကိုယ်စားလှယ်များမှ ရွေးချယ်စေလွှတ်နိုင်သည့် ကိုယ်စလှယ်  ၇၄ ယောက် အနက် ၅၅ ဦး တက်ရောက်ခဲ့ကြသည်။ တက်ရောက်သည့် ကိုယ်စားလှယ်များ အားလုံး သည် အမျိုးသားများဖြစ်ကြပြီး၊ အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံကို စတင်ရေးဆွဲခဲ့ကြပါတော့သည်။ နောင်တွင် သူတို့ အားလုံး ကို “Founding Fathers” များဟု အမေရိကန် ပြည်သူများက ဂုဏ်ပြု ခေါ်ဆိုခဲ့ကြသည်။

တက်ရောက်သည့် ကိုယ်စလှယ် အများစု (Founding Fathers) ၏ အသက်အရွယ် သည် ၂၀ ကျော်၊  ၃၀ ကျော် မျှသာဖြစ်ကြပြီး၊ Benjamine Franklin တဦးသာ အသက် ၈၁ နှစ်ဖြစ်သည်။ သူတို့အားလုံး ပညာရေး၊ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊ ဥပဒေဆိုင်ရာ နှင့် စီးပွားရေး နယ်ပယ်အသီးသီးတို့တွင် အတွေ့အကြုံရှိသူများ ဖြစ်ကြသည်။

ကိုယ်စလှယ်  ၈ ဦးသည် အမေရိကန်လွတ်လပ်ရေး ကြေညာစာတမ်းကို လက်မှတ်ရေးထိုးခဲ့သူများဖြစ်ကြသည်။  ၃၉ ဦး သည် Continental Congress တက်ရောက်ဖူးသည့် အတွေ့အကြုံရှိသူများဖြစ်ပြီး၊ ၇ ဦးသည် ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းများဖြစ်ကြသည်။ ၃ပုံ တပုံ သည် တက္ကသိုလ် မှ ဘွဲ့ရလူငယ်များဖြစ်ပြီး၊ ၃၄ ဦး သည် တရားရေး နယ်ပယ်မှ ဥပဒေ အကျိုးဆောင် ရှေ့နေများ၊ တရားသူကြီးများ ဖြစ်ကြသည်။
“Give me liberty or give me death!” ရေးသားခဲ့ သည့် Patrick Henery သည် ပြည်နယ်များ၏ အခွင့်အာဏာ လျော့ကျမည်ကို စိုးရိမ်သဖြင့်   Articles of Confederation ကို ပြန်လည်သုံးသပ်လေ့လာသည့် ဖွဲ့စည်းပုံဆိုင်ရာ ညီလာခံ (Constitutional Convention)  တံခါးပိတ်ဆွေးနွေးမှုကို မတက်ရောက်ခဲ့သည့် အပြင်၊ အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်း  ( Declaration of Independence) ကို ရေးသားခဲ့သည့် ဂျွန်အက်ဒန် (John Adams) နှင့် သောမတ်စ်ဂျက်ဖာဆင် (Thomas Jefferson)  တို့လည်း ဥရောပနိုင်ငံများတွင် သံအမတ်များအဖြစ် တာဝန်ထမ်းဆောင်နေသဖြင့် တက်ရောက်နိုင်ခြင်းမရှိခဲ့ပါ။ သို့သော် နောင်တွင် ဂျွန်အက်ဒန် (John Adams) နှင့် သောမတ်စ်ဂျာဖာဆင် (Thomas Jefferson)  တို့သည် အမေရိကန်နိုင်ငံ၏  ဒုတိယ နှင့် တတိယ သမ္မတများအဖြစ် လူထုက ရွေးချယ်ခံခဲ့ရသူများဖြစ်လာကြသည်။
The Great Compromise of 1787 of the Constitutional Convention. Kevin Truong Edward Sun Junior Division
Great Compromise

ဖွဲ့စည်းပုံ ညီလာခံ ( Constitutional Convention)  မှာ ဖွဲ့စည်းပုံမှာ ထည့်သွင်းထားသည့် အချက်များအပေါ် သဘောမတူမှုများ၊ အပေးအယူ ညှိနှိုင်း သဘောတူမှုများ လည်းရှိခဲ့သည်။ အရေးကြီးသည့် အပေးအယူ ညှိနှိုင်း ဆွေးနွေး သဘောတူမှုများတွင် -
  • ၁) နေထိုင်သူ လူဦးရေ ၄၀, ၀၀၀  မှာ ကိုယ်စလှယ် တဦးဖြင့် အောက်လွှတ်တော် (House of Representatives) ကိုယ်စလှယ် ၅၆ ဦး သတ်မှတ်ရန်၊
  • ၂) ငွေကြေးသုံးစွဲမှု ကို အောက်လွှတ်တော် မှာသာ ဆုံးဖြတ်သည့် အခွင့်အာဏာ၊
  • ၃) အထက်လွှတ်တော် (Senate) တွင် ပြည်နယ်တိုင်း တူညီသည့်မဲပေးခွင့် နှင့် တူညီသော ကိုယ်စားလှယ်အရေအတွက် ထားရှိမှု၊
  • ၄) သမ္မတ ရွေးချယ်မှု နှင့် ဖယ်ရှားမှု အခွင့်အာဏာများဖြစ်သည်။
Shays’s Rebellion တော်လှန်ပုန်ကန်မှု အပေါ်  အတုယူကာ သမ္မတ၏ အခွင့်အဏာအပေါ်  ထိမ်းချုပ် ချိန်ခွင်လျာညှိရန် အမေရိကန် ဖွဲ့စည်းပုံ ပိသုကာ “Founding Fathers”  များ အားလုံးက အမြော်အမြင်ကြီးစွာ စဉ်းစားကာ ဆုံးဖြတ်သဘောတူခဲ့ကြသည်။  သမ္မတရွေးချယ်မှု နှင့် ဖယ်ရှားမှု အခွင့်အာဏာ  အပေါ်ကိုလည်း လေးလေးနက်နက် ထည့်သွင်း စဉ်းစားခဲ့ကြသည်။

လူဦးရေများသည့် ပြည်နယ်များ မှ  ကိုယ်စလှယ်များ သည် လူဦးရေနည်းသည့် ပြည်နယ်များ အပေါ် သမ္မတ နှင့် ဒု သမ္မတ ရွေးချယ်မှု တွင် အားသာမှုမရှိစေရန်၊ သမ္မတ နှင့် ဒု သမ္မတ ကို လွှတ်တော် ကိုယ်စလှယ်များ မှ ရွေးချယ်မှုမလုပ်ပဲ၊ လူထု က သာ  Electoral College  ပုံစံဖြင့် တိုက်ရိုက်ရွေးချယ်ရန် အပေးအယူ ညှိနှိုင်း သဘောတူမှုများရှိခဲ့သည်။

တရားရေး၊ အောက်လွှတ် နှင့် အထက်လွှတ်တော် မှဆင့် သမ္မတအပေါ် စုံစမ်းစစ်ဆေး၊ အရေးယူပြီး၊ ဖယ်ရှားနိုင်သည့် အခွင့်အာဏာများကိုလည်း ထည့်သွင်းရန် အပေးအယူ ညှိနှိုင်း သဘောတူမှုများရှိခဲ့သည်။ သမ္မတကို အထက်လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၃ ပုံ ၂ ပုံ ၏ ဆုံးဖြတ်ချက်ဖြင့် ဖယ်ရှားခွင့်ရှိရန် ညှိနှိုင်း သဘောတူမှုများရှိခဲ့သည်။  ဗြိတိန်အစိုးရကဲ့သို့ သက်ဦးပိုင် ပဒေသရာဇ် အာဏာရှင်စနစ်မျိုး ထပ်မံမပေါ်ပေါက်ရန် သမ္မတသက်တမ်းကို ၂ ကြိမ်၊ တကြိမ်လျှင် ၇ နှစ် မှ ၄ နှစ် သို့သာ ထားရှိရန် အပေးအယူ ညှိနှိုင်း သဘောတူမှုများတွင် ပါဝင်ခဲ့သည်။

Painting of the signing of the U.S. Constitution

American Constitution ( အမေရိကန်ဖွဲ့စည်းပုံ)

The U.S. Constitution established America’s national government and fundamental laws, and guaranteed certain basic rights for its citizens. It was signed on September 17, 1787, by delegates to the Constitutional Convention in Philadelphia, presided over by George Washington 

အမေရိကန် ဖွဲ့စည်းပုံ ကို ၁၇၈၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ မှာ Pennsylvania ပြည်နယ်၊ Philadelphia မှာ ကျင်းပခဲ့သည့် ဖွဲ့စည်းပုံ ညီလာခံ ( Constitutional Convention)  မှာ အတည်ပြု ရေးဆွဲခဲ့ပြီး၊ ယင်းဖွဲ့စည်းပုံသည် ၁၇၈၉ ခုနှစ် မတ်လ ၄ ရက်နေ့တွင် စတင်သက်ရောက်ကျင့်သုံးခဲ့သည်။ နှစ်ပေါင်း ၂၀၀ ကျော်အတွင်း ပြင်ဆင်ဖြည့်စွက်မှု ၂၇ ကြိမ်ရှိခဲ့သည်။ ဖွဲ့စည်းပုံကို ပါဝင်ရေးသားခဲ့သည့် Benjamin Franklin ရဲ့ စကားတခွန်းက မှတ်သားလောက်ပါသည်။

“I consent, Sir, to this Constitution because I expect no better, and because I am not sure that it is not the best.”

အမေရိကန် ဖွဲ့စည်းပုံ ပိသုကာ “ Founding Fathers”  များ  အနာဂတ် တိုင်းပြည် နှင့် ပြည်သူ့အကျိုး အမြော်အမြင်ကြီးကြီးဖြင့် ရေးဆွဲခဲ့ကြသည့် အမေရိကန်ဖွဲ့စည်းပုံသည်  နှစ် ၂၀၀ ကျော် ကြာရှည်ခဲ့ပြီး၊ တချို့နိုင်ငံများတွင် စံနမှုနာအဖြစ် ကျင့်သုံးလာခဲ့ပြီးဖြစ်သည်။

Ref:
1997 Edition, “American Government: Continuity and Change.”
Karen O’ Connor; Professor of Political Science, American University
Larry J. Sabato; Robert Kent Gooch Professor of Government and Foreign Affairs, University of Virginia

မြတ်စိုး ၄.၂၀.၂၀၁၄