8/29/2014

ပန်းချီဆရာမ ခိုင် သ ဇင် ထက်

My Biography ~

လူတစ်ချို့ က ကျမရဲ့ ပန်းချီနဲ့ ပတ်သတ်တဲ့ Biography ကို လာလာမေးတတ်ကြတယ် …
ဒါကလဲ မဆန်းပါဘူး။ ပန်းချီကားကို စိတ်ဝင်စားရင် တော့ ပန်းချီဆရာအကြောင်းသိချင်ကြမှာပါပဲ …
ကျမဟာ ၁၉၉၁ မှာမွေးတဲ့သူပါ ။ အကို ၂ယောက် ရှိတဲ့ အငယ်ဆုံးသမီးပေါ့။ မှတ်မှတ် ရရ မူကြိုမှာကတည်းက အရောင်ကတ်ပြားတွေ ရွေးတဲ့ပြိုင် ပွဲမှာ ပထမဆု ရလေရဲ့ ။ ပြီးတော့ ကလေးဘဝမှာ လက်တိုတိုနဲ့ ကောင်မလေးပုံတွေပဲ အရေးများသလို အိမ်ပုံ ပန်းပွင့်ပုံတွေလဲ ဆွဲလေ့ရှိတယ်။ အိမ်ကို လာလည်တဲ့ ဦးလေးတစ်ယောက်ကလဲ ကာတွန်းပုံတွေ၊ ကောင် မလေး ပုံတွေ အမြဲရေးပြတယ်လေ။ ပြီးတော့ ကျမက ပြန်ကူးဆွဲတာပေါ့ ။ ကျမ မှတ်မိသေးတယ်။ အဖေလဲ သူတတ်သလောက် ပုံတွေဆွဲပြလေရဲ့  …

နောက်ပိုင်း ကလေးပန်းချီပြိုင်ပွဲလေးတွေ ဝင်ပြိုင်တယ် ဘာမှမတတ်သေးပေမဲ့ ဟိုလျှောက်ခြစ် ဒီလျှောက်ခြစ်ပေါ့လေ။ နှစ်သိမ့်ဆုတောင် ရသေး။ အဲ့ဒါနဲ့ ပဲ ကျမ ၇တန်းစာမေးပွဲဖြေပြီး နွေရာသီကစ အဖေက ဆရာမကြီးဒေါ်နွဲ့ နွဲ့ ရီရဲ့  ပန်းချီသင်တန်းပို့ ခဲ့တယ် ၂၀၀၃လောက်ကပေါ့။
အဲ့ဒိမှာ ပန်းချီအခြေခံတွေ စသင် ရတယ်လေ။ ပြီးတော့ ပန်းချီပြိုင် ပွဲတွေ ဝင်ပြိုင်ခဲ့တာပေါ့။ မှတ်မှတ် ရရ ဂျပန်မှာပြုလုပ်တဲ့ ကလေးပန်းချီပြိုင်ပွဲတွေက Certificateတွေ ၆ခု ၇ခုလောက် ကျမ ရခဲ့တယ်။ ဗိုလ်တထောင် ၄မှာလဲ ပန်းချီနဲ့ ပတ်သတ်ပြီး နာမည်ကြီးသူပေါ့

နောက်ထပ် ၉တန်းလောက်မှာ ဆရာမ သဇင် စိုးမြင့်ဆီမှာ ပန်းချီ ထပ်သင်ပြန်တယ်။ ပိုစတာပြိုင် ပွဲတွေလဲ ဝင်ပြိုင်ခဲ့တယ်လေ။ တစ်နိုင်ငံလုံး ပထမဆုနှစ်ဆုနဲ့  တခြား အထူးဆုတွေ ရခဲ့သေးတယ်။ ပိုစတာပြိုင်ပွဲတွေ ဝင်ပြိုင်တဲ့ အတွက် ကောင်းကျိုးကတော့ လက်ရာ သေသပ်ပြီး ၅နာရီလောက် လက်တန်းရေးရတဲ့ အတွက် ပိုရေးနိုင်အား ကောင်းသွားတယ်လို့  ကျမထင် မိတယ်။

အားအားနေ ပုံပဲဆွဲနေတဲ့ ကျမဟာ ဆယ်တန်းမှာ Bio ဂုဏ်ထူးတစ်ခုပဲပါခဲ့တာ မဆန်းပါဘူး။ ကျမရတဲ့ အမှတ် ၄၃၅ ဆိုတာဟာ ဆေးကျောင်းတက်ဖို့  မမှီခဲ့ပြန်ဘူးလေ။ ဒါနဲ့ ပဲ အမှတ်မှီတဲ့ ရန်ကုန်နိုင် ငံခြားဘာသာတက္ကသိုလ် ကနေ ဂျာမန်ဘာသာနဲ့  ၂၀၁၀ မှာ ကျောင်းပီးခဲ့ပါတယ်။ အဲ့ကတည်းက ယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် တက်ခဲ့သင့်တာပါ။ ဒါပေမဲ့ ဂျာမန်ဘာသာ တက်တော့လဲ ကျမဘဝအတွက် အကျိုးမယုတ်ပါဘူးလို့ ပဲ ဖြေတွေးရတော့တာပါပဲ။

တက္ကသိုလ် ဒုတိယနှစ်ကစ ဆရာကျော်လင်း ဆရာမ အေးငြိမ်းမြင့်တို့ ထံမှာ (YAG painting class) မှာ ပန်းချီ အခြေခံက စ သင်ယူဖြစ်ခဲ့ပါတယ်။ ၂၀၀၉ လောက်မှာပါ။ အစပိုင်း ခဲပုံတွေရေးတာ သိပ်သဘောကျခဲ့တာပေါ့။ နောက်ပိုင်း ရေဆေး ရယ် Acrylic ရေးနည်းရယ် သင်ယူခဲ့ပါတယ် ။ ဆရာဟာ ကျမဘဝကို ပန်းချီသမားစစ်စစ် ဖြစ်အောင် လမ်းကြောင်းပေးခဲ့တာပါ။ ကိုယ်တိုင် ဓါတ်ပုံရိုက်လာအောင် ၊ Crop ဖြတ်ပြီး ပန်းချီရေးတတ်အောင်၊ Sketch တွေ များများလုပ်လာအောင် ၊ နောက်ပြီး ပန်းချီအကြောင်းတွေ များများသိလာအောင် ပြောပြတတ်ပြီး Outdoor တွေလဲ ထွက်ပေးပါတယ်။ ပြီးတော့ ပန်းချီပြပွဲတွေလဲ ခေါ်သွားတတ်သူပါ။ ဆရာ့ကျေးဇူးများ ကြီးမားလှပါတယ်။

နောက်ထပ်လဲ Art History တွေ Modern Art တွေ အကြောင်း သိချင်တာနဲ့ ပဲ New Zero Art Space မှာ ကျမ ထပ်လေ့လာဖြစ်ခဲ့တယ်။ အဲ့ဒိမှာ ဆရာဦးအေးကို ရယ် တခြားသော Volunteer ဆရာ ဆရာမတွေက စေတနာထားပြီး သင်ကြားပေးကြတယ်လေ။ ကျမကတော့ ရတဲ့ အတွေ့ အကြုံတွေ၊ သင်ကြားမှုတွေကို တန်ဖိုးမဖြတ်နိုင်အောင် ပါပဲ။ Performance နဲ့ ပတ်သတ်တဲ့ ပွဲတွေ ပန်းချီပြပွဲတွေလဲ ခဏခဏ ပြုလုပ်လေ့ ရှိတာမို့  စိတ်ဝင်စားစရာကောင်းပါတယ်။

ခုထိ ကျမ ဘာမှမတတ်သေးပေမဲ့ ကျမချစ်တဲ့ သစ်ပင် ပုံတွေကို ပန်းချီရေးနေဆဲပါ။ ကြိုးစားလေ့လာနေဆဲပါ။ ခုထိ Group Show ( ၉ ) ခါ ပြပြီးပါပြီ။ ခုထိ ပန်းချီကား ( ၁၂ ) ကား ရောင်းရခဲ့ပါပြီ ။ ခုလို ပန်းချီလိုင်းဘက် သီးသန့် လုပ်ဖြစ်လိမ့်မယ် လို့ တွေးမထားခဲ့ဖူးဘူး။ ဒါပေမဲ့လဲ ကျမ ပန်းချီရေးနေ ရရင် စိတ်ချမ်းသာတယ်။ ပန်းချီရူးဖြစ်နေတဲ့ အထဲမှာမှ ပိုလို့ ရူးချင်သေးတယ်။ ခုလို ပန်းချီရေးဖြစ်တာကလဲ ကျမရဲ့ ဝါသနာရယ် ၊ မိဘရဲ့ အားပေးထောက်ပံ့မှု၊ ဆရာသမားတွေရဲ့ သင်ကြားပေးမှုတွေပေါ် အများကြီးမူတည်တာပေါ့။ ဘာပဲဖြစ်ဖြစ် ဘာမျှော်လင့်ချက်မှ မထားဘဲ ပန်းချီရေးဖြစ်နေအုန်းမှာပါ။ ပန်းချီဟာ ကျမဘဝတစ်စိတ်တစ်ပိုင်းသာမကဘဲ ပန်းချီဟာ ကျမရဲ့ တစ်ဘဝလုံး ဖြစ်နေပြီ မဟုတ်ပါလား ~

ကျေးဇူးတင် လျက်~
ခိုင် သ ဇင် ထက်

Please visit my Art Page & click '' Like '' if you really love my paintings

http://www.facebook.com/pages/Khaingthazinhtets-art-gallery/446527098733933
— with Htet Htet and Myint Soe.