8/13/2014

အချစ်ဆိုတာ

တကယ်တော့ အချစ်ဆိုတာ နေ့စဉ်ဘဝပါ။ ကိုယ်ချစ်တဲ့သူနဲ့ အတူပြုံးရယ်တယ်၊ လက်ချင်းတွဲပြီး အတူလမ်းလျှောက်တယ်၊ စကားသံမလိုဘူး... ကတိမလိုဘူး။ မီးဖိုချောင်ဝင်ပြီး ကိုယ်ချစ်တဲ့သူအတွက် ချက်ပြုတ်တယ်။
မိုးအေး လေအေးတိုက်တဲ့အခါ သူ့အတွက် အနွေးထည်ကမ်းတယ်။
ပွနေတဲ့ဆံပင်ကို သပ်တင်ပေးတယ်။
မိုးရွာတဲ့နေ့တွေမှာ ထီးလေးဖွင့်ပြီး သူ့အတွက် ကြည်လင်တဲ့ကောင်းကင် ဖန်ဆင်းပေးတယ်။ သူနိုးထချိန်မှာ နူးညံ့တဲ့အကြည့်၊ နွေးထွေးတဲ့အထိအတွေ့က ဘဝတစ်သက်ကို ပျော်ရွှင်ခြင်းနဲ့ ပြည့်စုံစေပါတယ်။

အချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် အဝေးရောက်နေတုန်း အချင်းချင်းဆက်တဲ့ဖုန်းဖြစ်တယ်။ လွမ်းဆွတ်ဝေးကွာနေတဲ့ နှလုံးသားတစ်စုံကို နီးကပ်စေတယ်။

အချစ်ဆိုတာ ရေဆာနေတုန်း သောက်ရတဲ့ရေတစ်ပေါက်ဖြစ်တယ်။ ပင်ပန်းနေတုန်း သောက်ရတဲ့ ရေနွေးကြမ်းတစ်ခွက်ဖြစ်တယ်။ စိတ်ညစ်အားငယ်နေတုန်း နှစ်သိမ့်အားပေးတဲ့စကားဖြစ်တယ်။ စိတ်တိုဒေါသထွက်တုန်း နောက်ပြောင်တဲ့ဟာသဖြစ်တယ်။
စိတ်မကြည်လင်တုန်း နမ်းရှုံ့လိုက်တဲ့ ပန်းကလေးတစ်ပွင့်ဖြစ်တယ်။

အချစ်ဆိုတာ စိတ်နေစိတ်ထားတစ်ခုဖြစ်တယ်။ နှင်းဆီတစ်ပွင့်ပဲဖြစ်ဖြစ်၊ စိန်လက်စွပ်တစ်ကွင်းပဲဖြစ်ဖြစ် လှပတဲ့အချစ်ကို ပိုင်ဆိုင်နိုင်တယ်။ အချင်းချင်းကြည့်တဲ့ အကြည့်ထဲကနေ ပျော်ရွှင်မှုကို ရစေတယ်။

အချစ်ဆိုတာ ယုံကြည်မှုတစ်မျိုးဖြစ်တယ်။
ဘယ်လိုပခုံးမျိုးကိုမှီရမယ်ဆိုတာ သင်သိတယ်။
ဘယ်လိုရင်ခွင်မှာအိပ်မှ အိပ်ပျော်မယ်ဆိုတာကို သူသိတယ်။

အချစ်ဆိုတာ ဘဝတစ်မျိုးဖြစ်တယ်။ မခွဲမခွာ၊ ဒိုးတူပေါက်ဖက်၊ လက်ချင်းယှက်ပြီး လေပြင်းမုန်တိုင်းတွေကို အတူတူရင်ဆိုင်တယ်။ နှစ်ကြာလေ အဖိုးတန်လေဖြစ်တဲ့ နှစ်ချို့ဝိုင်ဖြစ်တယ်။

တကယ်တော့ အချစ်ဆိုတာ မထင်မှတ်၊ မျှော်လင့်မထားတဲ့အချိန်မှာ သင့်လက်ကိုနွေးထွေးစေပြီး သင့်နှလုံးသားကို လှုပ်ရှားစေတဲ့အရာဖြစ်ပါတယ်။
နွေမိုးဆောင်းအပြောင်းအလဲကြားမှာ အတူတူ တဖြည်းဖြည်းအိုမင်းသွားတာဖြစ်တယ်။
အချစ်က အဲဒီလောက် ရိုးရှင်းခဲ့ပါတယ်။


 တကယ့်အချစ်ဆိုတာ သည်းညည်းခံတာ မဟုတ်ဘူး။ လက်ခံတာဖြစ်တယ်။

တကယ့်အချစ်ဆိုတာ စိုးမိုးခြယ်လှယ်တာ မဟုတ်ဘူး။ အားပေးထောက်ခံတာဖြစ်တယ်။

တကယ့်အချစ်ဆိုတာ စီစစ်မေးမြန်းတာ မဟုတ်ဘူး။ နှစ်သိမ့်တာဖြစ်တယ်။

တကယ့်အချစ်ဆိုတာ ကျေးဇူးတင်တတ်ရသလို တောင်းပန်တတ်ရတယ်။

တကယ့်အချစ်ဆိုတာ ချစ်ခင်ကြင်နာတတ်ရသလို ခွင့်လွှတ်နားလည်တတ်ရတယ်။

တကယ့်အချစ်ဆိုတာ အမှားကိုပြင်တတ်ရသလို အမှားကိုလည်း ဝန်ခံရဲရတယ်။

တကယ့်အချစ်ဆိုတာ အချင်းချင်း စူးစိုက်ငေးမောနေတာ မဟုတ်ဘူး။ ဦးတည်ရာတစ်ခုတည်းကို နှစ်ယောက်အတူ ကြည့်တာဖြစ်တယ်။

တကယ့်အချစ်ဆိုတာ လှပ ပြီးပြည့်စုံတဲ့လူကို ရှာဖွေတာ မဟုတ်ဘူး။ ပြီးပြည့်စုံတဲ့အကြည့်နဲ့ မလှပ၊ မပြည့်စုံသူကို နှစ်သက်တတ်အောင် သင်ယူတာဖြစ်တယ်။

အချစ်ဆိုတာ လိုလိုလားလားပေးဆပ်ပြီး ချိုချိုခါးခါး အတူတကွ မျှဝေတာဖြစ်တယ်။

လက်ချင်းတွဲပြီဆိုတာနဲ့ လမ်းခွဲဖို့စကားကို အလွယ်တကူမပြောတော့ပါနဲ့။

-----
အချစ်ကို အမျိုးမျိုးဖွဲ့ဆိုကြပါတယ်..
တချို့က အချစ်ရဲ့နာကျင်ခါးသီးမှုအကြောင်း ဖွဲ့ဆိုတယ်၊ ဝမ်းနည်းကြေကွဲမှုအကြောင်း ဖွဲ့ဆိုတယ်၊ အချစ်ရဲ့မတရားမှု တစ်ကိုယ်ကောင်းဆန်မှုတွေကို ဖွဲ့ဆိုတယ်၊ ကျွန်မကတော့ အချစ်ရဲ့ တစ်ဦးအပေါ်တစ်ဦးနားလည်ခွင့်လွှတ်မှု၊ ပျော်ရွှင်ကြည်နူးမှု၊ ပေးဆပ်မှုတွေကို ဖွဲ့ဆိုပါတယ်...း)


99 sanay