ကောင်လေးတစ်ယောက်ဟာ ရုပ်ဆိုးတဲ့အပြင် စကားကထစ်သေး၊
ရောဂါကြောင့် ဘယ်ဘက်မျက်နှာက အကြောဆွဲနေတာကြောင့်
နှုတ်ခမ်းပါပုံပျက်နေပါတယ်၊ သူစကားပြောတဲ့အခါ ပါးစပ်က ရွဲ့စောင်းနေတတ်တယ်။ သူရဲ့နားတစ်ဘက်ကလည်း အကြားချို့တဲ့နေပါတယ်။
ကောင်လေးဟာ စကားထစ်တာကို ကိုယ်တိုင်ပြင်ချင်လို့
ရှေးက ဟောပြောဆရာတစ်ဦးကို နမူနာယူပြီး ပါးစပ်မှာ ကျောက်ခဲလေးငုံပြီး
စကားပြောခဲ့တယ်။ ကျောက်ခဲကြောင့် ပါးစပ်နဲ့လျှာပွန်းပဲ့သွားတာကိုကြည့်ပြီး
မိခင်က ကရုဏာမျက်ရည်ကျခဲ့တယ်။ “မလေ့ကျင့်ပါနဲ့တော့ သားရယ်.. သားကို
မေမေတစ်သက်လုံး အဖော်ပြုမှာပါ” လို့ မိခင်ကပြောတယ်။
လိမ်မာရေးခြားရှိတဲ့သူက မိခင်ရဲ့မျက်ရည်တွေကို သုတ်ပေးရင်း “မေမေ…
လှပတဲ့လိပ်ပြာတစ်ကောင်တိုင်းဟာ သူ့ပိုးအိမ်ကို သူကိုယ်တိုင်ထိုးဖောက်ပြီးမှ
ဖြစ်လာတာလို့ စာအုပ်ထဲမှာဖတ်ဖူးတယ်။ သား လှပတဲ့လိပ်ပြာတစ်ကောင်လုပ်မယ် မေမေ” လို့ သူပြောခဲ့တယ်။
နောက်ပိုင်းမှာ စကားကို သူမထစ်မအ,ပြောနိုင်ခဲ့တယ်။ သူရဲ့ကြိုးစားမှုနဲ့
ရိုးသားမှုကြောင့် အလယ်တန်းကို ထူးထူးချွန်ချွန်အောင်မြင်ခဲ့တဲ့အပြင်
လူတွေရဲ့ချစ်ခင်မှုကိုပါ ရခဲ့တယ်။
၁၉၉၃ခုနှစ် အောက်တိုဘာလမှာ သူဟာ
နိုင်ငံတော်ဝန်ကြီးချုပ်ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့တယ်။
သူ့ပြိုင်ဖက်က တီဗွီပေါ်မဲဆွယ်ရာမှာ သူ့မျက်နှာအနာအဆာတွေကို
ပုံကြီးချဲ့ပြောဆိုတဲ့အပြင် ကြော်ငြာစာသားကိုလည်း “ဒီလိုလူမျိုးကို
မင်းတို့ရဲ့ဝန်ကြီးချုပ်အဖြစ် ခန့်အပ်စေမလား”လို့ ပြောခဲ့တယ်။ ဒီလို
ကိုယ်ကျင့်တရားထိပါးမှုနဲ့ ပုဂ္ဂိုလ်ရေးစော်ကားမှုက ပြည်သူအများကို ဒေါသဖြစ်
အပြစ်ပြောစရာဖြစ်စေခဲ့တယ်။ သူရဲ့ဘဝဖြတ်သန်းမှုတွေကို လူတွေသိရှိပြီးတဲ့နောက်
လူတွေရဲ့ ကိုယ်ချင်းစာမှု၊ လေးစားမှုကို သူပိုရခဲ့ပါတယ်။
“တိုင်းပြည်နဲ့ ပြည်သူတွေကို လှပတဲ့လိပ်ပြာတစ်ကောင်ဖြစ်အောင်
ကျွန်တော်ဦးဆောင်မယ်”ဆိုတဲ့ဆောင်ပုဒ်ကို သူလက်ကိုင်ထားခဲ့တယ်။ အဲဒီမှာ
မဲအရေအတွက် အများဆုံးနဲ့ ဝန်ကြီးချုပ်ရာထူးကို သူရခဲ့တယ်။ ၁၉၉၇ခုနှစ်မှာ
နောက်ထပ်တစ်ဖန် ပါဝင်ယှဉ်ပြိုင်ခဲ့ချိန်မှာလည်း
အောင်မြင်မှုထပ်ရခဲ့ပြန်ပါတယ်။ လူတွေက သူ့ကိုခင်မင်ချစ်ခင်စွာနဲ့
“လိပ်ပြာဝန်ကြီးချုပ်”လို့ တင်စားခဲ့ကြတယ်။ သူဟာ ဝန်ကြီးချုပ်ရာထူးကို
နှစ်ကြိမ်ဆက်တိုက်အရွေးခံခဲ့ရတဲ့
ပထမဦးဆုံးသော ကနေဒါဝန်ကြီးချုပ် Jean Chrétien ပဲဖြစ်ပါတယ်။
ဒါပေမယ့် လူတိုင်းရွေးချယ်နိုင်တဲ့အရာတွေလည်း ရှိပါသေးတယ်။ ဥပမာ-- မိမိကိုယ်ကိုယ်လေးစားမှု၊ မိမိကိုယ်ကိုယ်ယုံကြည်မှု၊ သတ္တိ၊ ဇွဲလုံ့လ.. တွေဖြစ်တယ်။ ဒါတွေက ကံတရားပိုးအိမ်ကို ထိုးဖောက်ဖို့၊ ပိုးတုံးလုံးကနေ လှပတဲ့လိပ်ပြာဖြစ်အောင်ခွဲထွက်တဲ့ ဘဝရဲ့ဓားအဖြစ် ကျွန်တော်တို့ကို ကူညီနေခဲ့ပါတယ်။
မူရင်းရေးသားသူ -- Míng fēi long (明飞龙)
မူရင်းစာအုပ် -- ၂ဝ၁ဝခုနှစ်ထုတ် Readers (Du Zhe) မဂ္ဂဇင်း တက္ကသိုလ်ဝင်တန်း စာစီစာကုံးပေါင်းစုမှ
နိုင်းနိုင်းစနေ (Aug. 18. 2014)