6/15/2014

ခရီးသွားနှစ်ယောက်နဲ့ သစ်ပင်တစ်ပင်

တစ်ခါတော့ ခရီးသွားနှစ်ယောက်ဟာ နေမွန်းတည့်ချိန်ကြီးမှာ ကွင်းပြင်ကြီးတစ်ခုထဲရောက်နေသတဲ့။ နေကလဲ အလွန်ပူပြီးတော့ ကွင်းပြင်ကြီးကလဲ အကျယ်ကြီးမို့ နှစ်ယောက်စလုံးပင်ပန်းကြတယ်။ ကွင်းပြင်ထဲက တောင်ကုန်း မို့မို့လေးကို တက်လာပြီးတော့ အပေါ်က ကြည့်လိုက်တယ်ဆိုရင်ပဲ ရှေ့နားမနီးမဝေးမှာ သစ်ပင်တစ်ပင်ကို မြင်လိုက်ရတယ်။

ဒါနဲ့ သူတို့နှစ်ယောက်လဲ သစ်ပင်ရှိတဲ့နေရာဆီ အမြန်ပြေးတော့တယ်။ နေကလဲ ချစ်ချစ်တောက် ပူပြင်းနေတာမို့ ရှိသမျှအားကုန်သုံးပြိးတော့ ပြေးရတာပေါ့။

မကြာခင်မှာ သစ်ပင်ရိပ်အောက် ရောက်သွားတယ်။ ကွင်းပြင်က တော်တော်ပူပေမယ့် သစ်ပင်ရိပ်က အလွန်အေးမြတယ်။ သူတို့လဲ ပါလာတဲ့ ရေဘူးတွေ ထုတ်သောက်ပြီးတော့ အနားယူနေကြတယ်။

အဲဒီအချိန်မှာ တစ်ယောက် သစ်ပင်ပေါ်ကို မော့ကြည့်လိုက်ပြီးတော့
" ကြည့်စမ်းပါဦးကွာ ဒီသစ်ပင်မှာ အသီးတွေလဲ တစ်လုံးမှမရှိ အသီးမသီးတဲ့အပင်ကြီး စားလို့ရလောက်တဲ့ အရွက်နုတွေလဲမရှိ သုံးစားလို့မရတဲ့အပင်ကြီး " လို့ညည်းညူသတဲ့

နောက်တစ်ယောက်ကလဲ " ဟုတ်ပကွာ အပင်ပေါ်မှာ နေတဲ့ ငှက်တွေလဲမရှိ ငှက်သိုက်တွေမရှိတော့ စားစရာ ဥတွေလဲမရှိ၊အရွက်ကြမ်းတွေပဲရှိတဲ့ အသုံးမ၀င်တဲ့ အပင်ပါကွာ " လို့ထောက်ခံတယ်။

အဲဒီအချိန်မှာ အပင်ကြီးက လှုပ်ခါသွားတယ်။ ပြီးတော့ စကားသံထွက်လာတယ်။
" ဒီမယ်လူမိုက်တို့ ငါဟာ ဒီကွင်းပြင်ကို အပိုင်စားရတဲ့ နတ်မင်းဖြစ်တယ်။ မင်းတို့ နှစ်ယောက်ကွင်းပြင်ထဲမှာ ပူပြင်းပြီး ဒုက္ခရောက်နေတာကို မြင်လို့ သစ်ပင်အသွင်ဖန်ဆင်းပြီး အရိပ်ပေးတာဖြစ်တယ်။ ဒါကိုတောင် မင်းတို့က မလုံလောက် လိုချင်တဲ့ လောဘတွေများပြီးတော့ ငါ့ကိုတောင်မကောင်းပြောကြတဲ့ဟာတွေ "
လို့ ပြောဆိုပြီးနောက် အပင်ကြီးဟာ ပျောက်ကွယ်သွားတော့တယ်။

ငမိုက်သား နှစ်ယောက်လဲ နေပူကြီးထဲမှာ ကျန်ခဲ့ပြီးတော့ တစ်မျှော်တစ်ခေါ်ရှိတဲ့ ကွင်းပြင်ကြီးကို နောင်တအကြည့်တွေနဲ့ ကြည့်နေခဲ့ကြတယ်။

" လောဘများသူကို မည်မျှပင် ဖြည့်ဆည်းပေးစေကာမူ ထိုသူကားတစ်ခုနှင့် ကျေးဇူးမတင် နောက်ထပ်အကြိမ်ပေါင်းများစွာ လိုချင်တပ်မက်နေလိမ့်မည် "

မောင်စိုင်း