တစ်နေ့သ၌ ဆရာက ကျောင်းသားများကို “လူတွေက ဘာဖြစ်လို့ ဒေါသထွက်တဲ့အချိန်မှာ စကားကိုအော်ပြီး ပြောကြတာလဲ”ဟု မေးလေသည်။ ကျောင်းသားများက အချိန်အကြာကြီး စဉ်းစားနေကြသည်။ ကျောင်းသားတစ်ယောက်က “စိတ်တည်ငြိမ်မှုပျောက်ကုန်လို့ အော်တာပါ ဆရာ” ဟု ဖြေသည်။
ဆရာက “ဒါပေမဲ့ တစ်ဘက်လူက ကိုယ့်ဘေးမှာ ရှိနေတာကို အေးအေးဆေးဆေး ပြောလို့ရပါလျှက်နဲ့ ဘာလို့ အော်ပြောကြတာလဲ” ဟု ပြန်မေးသည်။
ကျောင်းသားများက တစ်ယောက်တစ်ပေါက် ဖြေကြသည်။ သို့သော် ကျေနပ်သောအဖြေကို ဆရာ မရခဲ့ပါ။ နောက်ဆုံးတွင် ဆရာက ရှင်းပြသည်။
“လူနှစ်ယောက် စိတ်တိုဒေါသထွက်နေတဲ့အချိန်မှာ သူတို့နှစ်ယောက်ရဲ့စိတ်ဟာ အရမ်းကွာဝေးနေတယ်။ အဲဒီဝေးနေတဲ့ အကွာအဝေးကြောင့် အော်မှ ကြားနိုင်မယ်ထင်ပြီး အော်ကြတယ်။ အော်လေလေ ဒေါသပိုထွက်လေလေ၊ ဒေါသထွက်လေလေ စိတ်ရဲ့အကွာအဝေးဟာ ဝေးလေလေ၊ စိတ်ကွာဝေးလေလေ အော်ကြလေလေပဲ” ဆရာက ဆက်ပြီး....
“လူနှစ်ယောက် သမီးရည်းစားဖြစ်နေတဲ့အချိန်မှာ ဘယ်လိုဖြစ်တတ်ကြလဲ သိလား... အခုလို့ ဒေါသထွက်နေတဲ့အချိန်နဲ့ ဆန့်ကျင်ဖက်ပေါ့။ ဘာကြောင့်လဲဆိုတော့ ရည်းစားဖြစ်နေသူနှစ်ယောက်ရဲ့စိတ်တွေက အရမ်းနီးနေတယ်။ စိတ်တစ်ခုနဲ့တစ်ခုဟာ ထပ်တူနီးနီးကျနေတယ်။ အဲဒါကြောင့် ရည်းစားဖြစ်နေသူ နှစ်ယောက်ဟာ စကားပြောတဲ့အချိန်မှာ တီးတိုးတီးတိုးပဲ ပြောကြတယ်။ အဲဒါကြောင့် စိတ်အကွာအဝေး နီးလေလေ၊ ပိုချစ်ကြလေလေ။ နောက်ဆုံး စကားပြောစရာတောင် မလိုတော့ဘဲ အမူအရာချင်း၊ မျက်လုံးချင်းအချစ်တွေကို ဖလှယ်ကြတယ်။ အဲဒီအချိန်မှာ သူတို့နှစ်ယောက်ရဲ့စိတ်အကွာအဝေးဆိုတာ လုံးလုံးမရှိတော့ဘူး။ တစ်ထပ်တည်းကျသွားပြီ”
“လူနှစ်ယောက် ငြင်းခုံ၊ ရန်ဖြစ်နေတဲ့အချိန် စိတ်တွေကို မကွာဝေးစေနဲ့။ စိတ်ကွာဝေးစေတဲ့ စကားမျိုးမပြောသင့်ဘူး။ စိတ်တွေပြေကြမှ စိတ်ရဲ့ကွာဝေးမှု မရှိတော့မှ ပြဿနာကို ပြေပြေလည်လည် ဆွေးနွေးကြပေါ့” ဟု ဆရာက နောက်ဆုံး ရှင်းပြခဲ့သည်။
စာရေးစက ဘာသာပြန်ခဲ့တဲ့စာတစ်ပုဒ်ပါ မျှဝေပါတယ်..
နိုင်းနိုင်းစနေ (Saturday, December 22, 2007)