တကယ်လို့ သင့်ကို ပုစ္ဆာတစ်ပုဒ်ပေးပြီး ရွေးချယ်ခိုင်းရင် သင်ဘာကိုရွေးချယ်မလဲ။
ပုစ္ဆာက တောင်ဝင်ရိုးစွန်းမှာ စူးစမ်းရှာဖွေစစ်ဆေးရေးတွေပြုလုပ်နေတဲ့
ဝန်ထမ်းတွေဟာ အဲဒီဒေသမှာ နေထိုင်ရှင်သန်ဖို့အတွက်
ဘာအခက်အခဲကြီးကြီးမားမားကို ရင်ဆိုင်နေရသလဲ။
(၁) ရေခဲမြစ်ကြောင့် (၂) အအေးဒဏ်ကြောင့် (၃) အစားအသောက်ကြောင့် (၄) မမှောင်ညကြောင့် (midnight sunကြောင့်)
မမှောင်ညကို လူတွေရွေးကြမှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ အကြောင်းက လူအများရဲ့အသိထဲမှာ တောင်ဝင်ရိုးစွန်းဆိုရင် ရေခဲမြစ်တွေ၊ အအေးလွန်ကဲမှုတွေနဲ့
အစားအသောက်ခက်ခဲမှုတွေဟာ စူးစမ်းရှာဖွေရေးဝန်ထမ်းတွေအတွက်
အကြီးမားဆုံးစိန်ခေါ်မှုတွေလို့ သိထားကြလို့ပါပဲ။ တကယ်တမ်းမှာ သူတို့အတွက်
အကြီးမားဆုံးစိန်ခေါ်မှုက အဲတာတွေမဟုတ်ပါဘူး။
မမှောင်တတ်တဲ့ညကြောင့်ဖြစ်ပါတယ်။
စူးစမ်းရှာဖွေရေးပညာရှင်တစ်ဦးက
တောင်ဝင်ရိုးစွန်းမှာ မမှောင်ည(Midnight sun)ကို ရောက်ချိန်ဆိုရင်
အမှောင်လုံးဝမရှိတော့ဘူး။ နေ့လား ညလား မကွဲပြားတော့ဘူး။ ဝန်ထမ်းတွေဟာ
ရွှေရောင်လက်လက်ထနေတဲ့နေရောက်အောက်မှာ ရက်ပေါင်းတော်တော်ကြာ နေထိုင်ကြရတယ်။
လူတို့ရဲ့ဇီဝကမ္မဖြစ်စဉ်ကို လုံးဝရှုပ်ထွေးစေတယ်။
မူးလဲမေ့မျောတာမျိုးမဟုတ်ရင် နွမ်းလျမောပန်းတာတောင် အိပ်မပျော်နိုင်ဘူးလို့
ပြောပါတယ်။
လူတွေက ညအချိန် အမှောင်ထဲမှာ
အိပ်စက်တတ်တဲ့အကျင့်ရှိတာကြောင့်ပါ။ အမှောင်မရှိဘဲ
လေးဘက်လေးတန်ပတ်ဝန်းကျင်မှာ ဖြူဖွေးတဲ့နှင်းခဲနဲ့ လင်းလက်တဲ့နေရောင်ခြည်ဆီက
အလင်းပြန်လာတဲ့ မျက်စိကိုကျိန်းစပ်စေတဲ့အလင်းရောင်တွေကြောင့်
သင်အိပ်နိုင်ရင်တောင် မိနစ်အနည်းငယ်အကြာမှာ အလင်းရဲ့ညှဉ်းဆဲမှုကို
သင်ခံရပြန်ပါတယ်။ ဒါကြောင့် တောင်ဝင်ရိုးစွန်းမှာ နှင်းတောင်ပြိုလို့
ခံရတဲ့မတော်တဆနဲ့ ထိခိုက်မှုတွေက မမှောင်ညကြောင့်
ထိခိုက်ညှဉ်းပန်းခံရတဲ့လူဦးရေလောက် မများခဲ့ပါဘူး။ မမှောင်ညက လူကို
အင်အားဆုတ်ယုတ်စေသလို စိုးရိမ်ကြောင့်ကြစေတယ်၊ စိတ်ကစဥ့်ကလျားဖြစ်စေပါတယ်။
တောင်ဝင်ရိုးစွန်းကုန်းမြေမှာ ပုန်းအောင်းစရာနေရာမရှိအောင်
လူကိုစိတ်ဒုက္ခရောက်စေ၊ ရှုးသွပ်စေပါတယ်။
မမှောင်ညကို
ဖြတ်ကျော်နိုင်ဖို့ စူးစမ်းရှာဖွေရေးဝန်ထမ်းတွေ
အမျိုးမျိုးစမ်းသပ်ခဲ့ကြတယ်။ ရွက်ဖျင်ထူထူကာပြီး ရွက်ဖျင်တဲထဲမှာ
အမှောင်ချကြည့်တာ၊ ရေခဲမြစ်နဲ့ ရေခဲထူတဲ့နေရာမှာ တွင်းတူးအိပ်စက်တာမျိုးကို
လုပ်ခဲ့ပေမယ့် အကျိုးမဖြစ်ထွန်းခဲ့ပါဘူး။ တောင်ဝင်ရိုးစွန်းမှာ
မမှောင်ညနဲ့ကြုံခဲ့သူတိုင်းက ညအမှောင်၊ မှောင်မိုက်တာကိုတွေ့ရဖို့
မျှော်လင့်တောင့်တခဲ့ကြတယ်။ ဒါဟာ သူ့တို့ဘဝရဲ့လိုအင်ဖြစ်တယ်။
အမှောင်ကိုတောင့်တတယ်၊ အမှောင်ဟာ ဘဝအတွက် အရေးတကြီး
လိုအပ်တဲ့အရာဖြစ်ခဲ့တယ်။ တကယ်လို့ တောင်ဝင်ရိုးစွန်းကို မရောက်ဖူးရင်
ဒါတွေကို နားလည်မှာမဟုတ်သလို ပြောရင်လည်း ယုံနိုင်စရာမရှိပါဘူး။
တကယ်တမ်းမှာ ကျွန်တော်တို့လူတိုင်းရဲ့ဘဝမှာလည်း မမှောင်ညတွေနဲ့
တွေ့ကြုံခဲ့ဖူးပါတယ်။
တစ်ခါတလေမှာ ဆင်းရဲဒုက္ခဟာ နှင်းဖြူခဲကြီးတွေလို သင့်မျက်စိကို ကျိန်းစပ်စေခဲ့တယ်။
တစ်ခါတလေမှာ ပျော်ရွှင်ခြင်းဟာ လင်းလက်တောက်ပတဲ့နေရောင်ခြည်လို
သင်အတွင်းစိတ်ကို တင်းကျပ်စေခဲ့တယ်။ ဒါကြောင့် လူ့ဘဝထဲက အကွေ့အကောက်၊
ဆင်းရဲဒုက္ခ၊ ကံကောင်းတာတွေ၊ ကောင်းမွန်ချိုမြိန်တာတွေကို တန်းတူညီမျှ
စိတ်ငြိမ်ငြိမ်ထားဆက်ဆံသင့်တယ်... (အခက်အခဲဆင်းရဲဒုက္ခနဲ့ကြုံချိန်
အလွန်အမင်းစိတ်ပျက်အားငယ်တာတို့၊ ကံကောင်းတာနဲ့ကြုံချိန်
အလွန်အမင်းဝမ်းသာပျော်ရွှင်တာမျိုးမဟုတ်ဘဲ)။ အဲဒီအရာတွေဟာ
ဘဝထဲကနေ့နဲ့ညအဖြစ် ဖွဲ့တည်ပြီး တစ်ခုခုမရှိလို့မဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
မူရင်းရေးသားသူ-- Xue Feng
http://www.jiachengdq.com/news/html/427.html
နိုင်းနိုင်းစနေ (Nov.22.2013)
12/09/2013
လူ့ဘဝရဲ့ မမှောင်ည
12/09/2013
Dim




