“အဆိပ်သင့်ရောဂါ
ဖြစ်ပြီး ဆေးရုံတက်ရောက်တဲ့ သူတွေက များသောအားဖြင့်တော့ ပိုးသတ်ဆေး
မှားယွင်းသောက်သုံးမိလို့ ဖြစ်လာတဲ့ အဆိပ်သင့်မှုတွေ များလာတယ်။ နောက်ပြီး
အခုခေတ်မှာ ပါရာစီတမောကို အလွန်အကျွံ တစ်ကြိမ်တည်းနဲ့ သောက်သုံးမိတာကြောင့်
အဆိပ်သင့်တာမျိုးတွေလဲ တော်တော်များများ တွေ့ရတယ်” ဟု ရန်ကုန်
အထွေထွေရောဂါကု ဆေးရုံကြီးမှ သမားတော်ကြီး ဒေါက်တာဇော်သန်းထွန်းက ပြောသည်။
အဆိပ်သင့်ခြင်း အမျိုးမျိုး
“ဆရာတို့ ဆေးရုံကို ရောက်ရှိလာတဲ့ အဆိပ်သင့် လူနာတွေထဲမှာ မီသနောတွေကို
သောက်လို့ ဆေးရုံကို ရောက်လာတာတွေကိုလဲ ဆရာတို့ ကြုံဖူးတယ်။
အဆိပ်သင့်တာမျိုးစုံကို မြင်ဖူးတယ်။ ဆေးမှာဆိုရင် ပါရာစီတမောတွေ အများကြီး
သောက်ပြီးတော့ အဆိပ်သင့်ပြီး ရောက်လာတာတွေကိုလဲ ကြုံဖူးပါတယ်” ဟု
ဒေါက်တာဇော်သန်းထွန်းက ပြောသည်။ အဆိပ်သင့်သူများတွင် အဆိပ်ကို
မရည်ရွယ်ဘဲနှင့် သောက်မိခြင်း၊ အမှန်တကယ် သေလိုသော ဆန္ဒကြောင့် သောက်ခြင်း၊
မိဘ၊မိသားစုကို ဆန္ဒပြလိုသည့်အတွက်ကြောင့် သောက်ခြင်း အစရှိသည်တို့ကို
တွေ့ရှိရကြောင်း သိရသည်။
ပါရာစီတမော အများအပြား သောက်သုံးခြင်းကြောင့် အဆိပ်သင့်ခြင်း
ပါရာစီတမော ငါးရာမီလီဂရမ် ပါဝင်သည့် ဆေးအလုံးရေ ၂၀ မှ ၂၄ လုံးကို
တစ်ကြိမ်တည်း သောက်သုံးလိုက်ရုံဖြင့် အသက်အန္တရာယ်ကို
ထိခိုက်စေနိုင်သည့်အတွက် အချို့သော လူ့လောကတွင် အသက်မရှင်လိုတော့သည့်
သူများမှာ ယင်းသို့ ပါရာစီတမောများ သောက်သုံးကြပြီး အဆိပ်သင့်မှုများ
ဖြစ်ပွားကြောင်း သိရသည်။
မရည်ရွယ်ဘဲနှင့် မှားယွင်းသောက်မိခြင်း
ယင်းသို့ အဆိပ်သင့်မှုများကြောင့် ဆေးရုံတက်ရောက် ကုသသူများတွင်
မရည်ရွယ်ဘဲနှင့် မှားယွင်းပြီး သောက်မိကာ အဆိပ်သင့်မှုကြောင့် ဆေးရုံ
တက်ရောက် ကုသရသူ အများအပြားကိုလည်း တွေ့ရကြောင်း ဒေါက်တာဇော်သန်းထွန်းက
ဆိုသည်။“ရေသန့်ဘူးထဲမှာ ရေနဲ့တူတဲ့ ဓာတ်ဆီထည့်ထားတာတွေ၊ အရက်ပြန်
ထည့်ထားတာတွေကို မသိဘဲ ရေဘူးအမှတ်နဲ့ သောက်မိတာတွေကြောင့်
အဆိပ်သင့်တာမျိုးတွေကိုလဲ တွေ့ရတယ်။
တစ်ခါတုန်းကဆိုရင် ဓာတ်ခွဲခန်း
တစ်ခုမှာ ဓာတ်ခွဲခန်းသုံးတဲ့ ဖော်မလင်ဆေးရည်တွေကို ရေခဲသေတ္တာထဲမှာ
သွားထည့်ထားတယ်။ အဲဒီအချိန်မှာ ဆေးကျောင်းသူတွေက စာသင်ပြီးတော့ မောမောနဲ့
ပြန်လာကြပြီးတော့ ရေခဲသေတ္တာထဲက အဲဒီဖော်မလင်ပုလင်းကို ရေမှတ်ပြီး
သောက်လိုက်တာ။ ပါးစပ်ထဲ ရောက်ပြီးတော့မှ သိတယ်။ ပြန်အန်ထုတ်လို့လဲ
အချိန်မမီတော့ဘူး” ဟု ပြောသည်။ ယင်းကဲ့သို့ မှားယွင်းသောက်မိခြင်းများကို
မကြာခဏ တွေ့ရလေ့ရှိပြီး ယင်းကဲ့သို့သော ကိစ္စမျိုးများ မဖြစ်စေရန်အတွက်
ရေသန့်ဘူးထဲသို့ ရေနှင့်တူသော အန္တရာယ်ရှိသည့် အရာများကို မထည့်သင့်ဟု ယင်းက
သတိပေး ပြောသည်။
အမှန်တကယ် သေလိုသော ဆန္ဒကြောင့် သောက်ခြင်း
လောကဓံကို မခံနိုင်ခြင်း၊ မိသားစု အရေးကိစ္စများ၊ လူမှုရေးကိစ္စများ၏ ဒဏ်ကို
မခံနိုင်ခြင်းကြောင့် အဆိပ်သောက်ခြင်း စသည့် အမျိုးမျိုးသော
အဆိပ်သောက်ခြင်းများကြောင့် ဆေးရုံသို့ ရောက်ရှိလာသည့် လူနာများကိုလည်း
တွေ့ကြုံကြရကြောင်း ဒေါက်တာ ဇော်သန်းထွန်းက ထပ်မံပြောသည်။ “တချို့တွေဆိုရင်
အဖေ၊အမေက ဆူလိုက်လို့၊ ရည်းစားနဲ့ ပြတ်လို့၊ မိဘက မိမိနှစ်သက်တဲ့သူနဲ့
သဘောမတူလို့ဆိုတာတွေ အမျိုးမျိုး တွေ့နေရတယ်။ အဲဒါမျိုးတွေကျတော့ တကယ့်ကို
ရည်ရွယ်ပြီးတော့ သောက်တာတွေကို တွေ့ရတယ်။ မှားသောက်မိတာ မဟုတ်ဘူး။
တမင်တကာကို ရည်ရွယ်ပြီးတော့ကို သောက်ကြတာ” ဟု ဆိုသည်။
ဆန္ဒပြသည့် အနေဖြင့် အဆိပ်သောက်ပြခြင်း
အဆိပ်သောက်သောသူ ကိုယ်တိုင်က အမှန်တကယ် အသက်မရှင်လိုခြင်းကြောင့် မဟုတ်ဘဲ
မိဘများ၊ မိသားစုများကို ဆန္ဒပြလိုခြင်း သက်သက်ကြောင့် သောက်ပြခြင်းများလည်း
ရှိပြီး ဆေးရုံသို့ ရောက်ရှိလာသည့်အခါ အမှန်တကယ် အသက်ဆုံးရှုံးသွားရသည့်
ဖြစ်ရပ်များလည်း ရှိကြောင်း သိရသည်။
“မိဘတွေကို လုပ်ပြလိုက်ဦးမယ်
ဆိုပြီးတော့ ဆေးတွေ သောက်ပြတာတွေလဲ ရှိတယ်။ သောက်တဲ့သူ စိတ်ထဲမှာတော့
မသေလောက်ပါဘူးထင်ပြီးတော့ သောက်လိုက်တယ်။ ပါရာစီတမောက ဖျားရင်လဲ သောက်တာပဲ။
ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး သိသိကြီးနဲ့ကို ပါရာစီတမောလိုဟာမျိုးတွေကို
အများကြီး သောက်လိုက်တယ်။ ဒါတွေက သေသွားနိုင်တယ်” ဟု ပြောသည်။အဆိုပါ
အကြောင်းအမျိုးမျိုးကြောင့် အဆိပ်သင့်သည့် လူနာများအား ကုသနိုင်ရန်
အဆိပ်သင့် ကုသမှု ဌာနကို ရန်ကုန်နှင့် မန္တလေးတို့ရှိ အထွေထွေရောဂါကု
ဆေးရုံကြီးတို့တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။
“ဒီလို အဆိပ်သင့်ခြင်း
အမျိုးမျိုးထဲမှာဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ လူနာကလွဲလို့
ကျန်တဲ့ကိစ္စတွေက မိမိကိုယ်တိုင် သတိထားပြီး စားသောက်ကြမယ်ဆိုရင်
ကာကွယ်လို့ရတဲ့ ကိစ္စတွေပါပဲ။ ဒါကြောင့် မဖြစ်ပွားသင့်တဲ့ အဆိပ်သင့်မှုတွေ
မဖြစ်ပွားရအောင် သတိနဲ့ နေထိုင်စားသောက်ကြပါလို့ ပြောချင်ပါတယ်” ဟု
ဒေါက်တာဇော်သန်းထွန်းက ပြောကြားခဲ့သည်။
ခင်သက်မွန်
BY YANGON TIMES JOURNAL
10/30/2013
အိမ်သုံးဆေးဝါးနှင့် အဆိပ်သင့်ရောဂါ
10/30/2013
Dim




