9/01/2013

ကျန်းမာရေးအတွက်အထောက်အကူပေးမယ့် Omega 3

ဆေးပညာအရ တိုးတက်လာတဲ့ဒီနေ့ခေတ်မှာ ဆေးမျိုးစုံကို ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ်လာတာ တွေ့ရပါတယ်။ အထူးသဖြင့် dietary supplementလို ဖြည့်စွက်အားဆေးပုံစံတွေက လူတွေကြားမှာ ပိုမိုတွင်ကျယ်ပြီး ခေတ်စားလာပါတယ်။ ခေတ်စားလာတဲ့ဆေးအမျိုးမျိုးအနက် ဒီဘက်ခေတ်မှာ ပိုမိုကျော်ကြားလူကြိုက်များလာတာက omega 3 ပါဝင်တဲ့ အားဆေးတောင့်တွေ ဖြစ်ပါတယ်။ အမှန်က Omega 3 ရဲ့ကောင်းကျိုးတွေကို သိခဲ့တာကြာပါပြီ။ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တယ်ဆိုတာ ၁၉၃၀ မတိုင်ခင်ကတည်းက သိရှိခဲ့ပေမယ့် တကယ်အသုံးဝင်ပုံကို၁၉၉၀နောက်ပိုင်းနှစ်တွေကစပြီးပိုမိုသတိထားမိခဲ့တယ်။
လေ့လာမှုအမျိုးမျိုးကတဆင့် ကောင်းကျိုးတွေပိုသိလာသလိုလူတွေကြားမှာ ပေါ်ပြူလာဖြစ်ပြီး ခေတ်စားလာ
တယ်။အစောဆုံးလေ့လာမှုတွေအရ နှလုံး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတာ သိခဲ့ကြတယ်။ ထပ်မံလေ့လာမှုတွေလုပ်တဲ့အခါဦးနှောက်နဲ့အာရုံကြောအတွက် ကောင်းကျိုးပြုတာ တွေ့ရှိခဲ့ပြန်တယ်။
 လေ့လာမှုတွေဆက်လုပ်တဲ့အခါ ရောင်ရမ်းခြင်းကို လျှော့ပါးစေလို့အဆစ်အမြစ်ရောဂါတွေမှာအသုံးပြုနိုင်
မယ်လို့သိရှိခဲ့ကြတယ်။
 နောက်ဆုံးမှာ ကင်ဆာရောဂါအချို့ကိုပါ ကာကွယ်နိုင်တယ်ဆိုတာထိ ပြောလာကြတယ်။ ဒီတော့ အိုမီဂါ သရီးဆိုတာဘာလဲ။ ဘယ်လိုအသုံးဝင်သလဲ။ ဘယ်လိုရောဂါတွေမှာအသုံးပြုနိုင်သလဲ။ ဆေးသောက်ရင် နှလုံးရောဂါ၊ကင်ဆာရောဂါတွေကို ကာကွယ်နိုင်တာဟုတ်ပါသလား။ဆက်လက်လေ့လာကြည့်ကြရအောင်။

Omega 3ဆိုတာဘာလဲ။
Omega 3ဆိုတာ ငါးမှာရှိတဲ့ triglyceride အဆီဓာတ်တမျိုး ဖြစ်ပါတယ်။လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့အဆီဓာတ်(essential fatty acid)တမျိုးလည်း ဖြစ်ပါတယ်။ essential ဆိုတဲ့သဘောက ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တာကြောင့် ပြင်ပကနေ ဖြည့်စွက်ပေးဖို့ လိုအပ်တယ်ဆိုတဲ့ သဘောမျိုးပါ။ အဆီတွေထဲမှာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုတဲ့ အဆီမျိုးဆိုရင်လည်း မမှားဘူး။သက်ရှိ ဆဲလ်တွေရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်။ omega3ကိုငါးရဲ့အဆီ(fishoil)ထဲမှာအဓိကတွေ့ရတယ်။ဒီနေရာမှာ တချက်ပြောချင်တာက ငါးကြီးဆီ(cod-liver oil)နဲ့ ငါးအဆီ(fish oil)မတူညီပါဘူး။ ငါးကြီးဆီ(cod-liver oil)ဆိုတာ ငါးရဲ့အသည်းကနေ ထုတ်ယူထားတာပါ။ ငါးကြီးဆီမှာomega3အပြင်ဗီတာမင် အေနဲ့ဗီတာမင်ဒီဓာတ်တွေလည်းပါဝင်သေးတယ်။ သို့သော် ငါးကြီးဆီ(cod-liver oil)ရဲ့ အိုမီဂါသရီးပါဝင်မှုက ငါးအဆီ(fish oil)ထက် ၂ဆလောက် ပိုမိုနည်းပါးတယ်။ ဒါ့ကြောင့် အိုမီဂါ သရီးကြွယ်ဝတဲ့ အစားအစာကို ရွေးချယ်ချင်တယ်ဆိုရင် ငါးအဆီကို အဓိကစားပေးသင့်ပါတယ်။

Omega 3လို့ ဘာကြောင့် ခေါ်ကြလဲ။
ဓာတုဖွဲ့စည်းပုံအရ omega 3ဆိုတာ long-chain fatty acid မျိုးဖြစ်ပါတယ်။ long-chainဆိုတဲ့သဘောက ကာဗွန်အက်တမ် အနည်းဆုံး ၁၈လုံးပါဝင်တဲ့ မော်လီကျုးတစ်ခုကို ဆိုလိုတာဖြစ်ပါတယ်။ ကာဗွန်အက်တမ် ၃လုံးမြောက်မှာ အဆက်နှစ်ခုပါလို့ omega 3လို့ အလွယ်အမည်ပေးထားပါတယ်။ အလားတူ ကာဗွန်အက်တမ် ၆လုံးမြောက်မှာ အဆက်နှစ်ခုရှိရင် omega 6လို့ ခေါ်ပါမယ်။ ၉လုံးမြောက်မှာ ရှိရင် omega 9ဖြစ်ပါတယ်။ ကျန်းမာရေးရှုထောင့်အရ Omega 6ပမာဏဟာ Omega 3 ပမာဏရဲ့ ၄ဆထက် ပိုမများသင့်ပါဘူး။ သို့သော် အနောက်နိုင်ငံတွေရဲ့ စားသောက်မှုပုံစံအရ omega6စားသုံးမှုဟာ omega3ထက် များစွာပိုမိုနေတာတွေ့ရပါတယ်။

Fatty acidဆိုတာ ဘာလဲ
ဖက်တီးအက်ဆစ်ဆိုတာ အဆီဓာတ်တမျိုးဖြစ်ပါတယ်။ fatty acidထဲမှာ ပြည့်ဝဆီ(saturated fatty acid)နဲ့ မပြည့်ဝဆီ(unsaturated fatty acid)ဆိုပြီး ခွဲခြားထားတယ်။ ပြည့်ဝဆီဆိုတာ မကောင်းတဲ့အဆီမျိုးဖြစ်တယ်။ သာမန်အခန်းအပူချိန်မှာခဲနေတဲ့အဆီမျိုးဟာ ပြည့်ဝဆီတွေ ဖြစ်ပါတယ်။ ပြည့်ဝဆီတွေဟာ သွေးကြော

နံရံမှာ ခဲပြီးပိတ်ဆို့စေတာကြောင့် ကောင်းကျိုးမပြုဘူး။ ဘဲသား၊အမဲသား၊ဝက်သား စတာတွေဟာ ပြည့်ဝဆီတွေ ဖြစ်ကြတယ်။ လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုတာက မပြည့်ဝဆီတွေဖြစ်ပါတယ်။ မပြည့်ဝဆီတွေထဲမှာ monounsaturated fatty acidနဲ့ polyunsaturated fatty acidဆိုပြီး ခွဲထားသေးတယ်။ monounsaturated ဆိုတာ မပြည့်တပြည့် အဆီမျိုးကို ခေါ်ပါတယ်။ ဒီလိုအဆီမျိုးဟာ အခန်းအပူချိန်မှာ အရည်ဖြစ်ပေမယ့် အအေးခံရင် ခဲသွားတယ်။ အုန်းဆီ၊သံလွင်ဆီစတာတွေဟာ monounsaturated fatတွေ ဖြစ်ကြပါတယ်။ polyunsaturated fatဆိုတာ အခန်းအပူချိန်တင်မက အအေးခံရင်လည်း အရည်အဖြစ်က ပြောင်းလဲတာမျိုး မရှိပါဘူး။ omega 3ဆိုတာ polyunsaturated fatမျိုး ဖြစ်ပါတယ်။ အဆီထဲမှာ လူတွေနဲ့ အသင့်တော်ဆုံးအဆီတမျိုးဖြစ်ပါတယ်။

အိုမီဂါသရီးအုပ်စုဝင် သုံးမျိုး
အိုမီဂါ သရီးမှာ ALA(alpha linolenic acid)၊EPA(Eicosapentaenoic acid)နဲ့ DHA(Docosahexaenoic acid)ဆိုပြီး ၃မျိုး ရှိတယ်။ အခြေခံကျတဲ့ အမျိုးအစားက ALAဖြစ်ပါတယ်။လူနဲ့ တိရိစ္ဆာန်တွေဟာ ALAရဲ့ ၅ ရာခိုင်နှုန်းခန့်ကို EPAနဲ့ DHAကို ပြောင်းလဲပေးနိုင်တာ တွေ့ရတယ်။ ALAဆိုတာ အပင်၊အစေ့အဆံတွေကရတဲ့ အဆီမျိုးဖြစ်တယ်။ နှမ်းကြတ်စေ့၊ပန်းနှမ်းဆီ၊သစ်ကြားသီး၊ကီဝီသီး၊ပဲအမျိုးမျိုး၊ပဲပုပ်နဲ့ အစေ့အဆံတွေမှာ အဓိက တွေ့ရှိရတယ်။ ရောင်ရမ်းခြင်းကို အဓိကသက်သာစေမယ်။ ဆေးပညာမှာ ALAထက်စာရင် EPAနဲ့ DHAက ပိုမိုအသုံးဝင်တာ တွေ့ရတယ်။ နှလုံးရောဂါ ဖြစ်ပွားမှုကို အဓိက ကာကွယ်ပေးနိုင်တယ်။မကောင်းတဲ့အဆီဓာတ်ကို လျှော့နည်းစေနိုင်တယ်။ EPAနဲ့ DHAကို ငါးအမျိုးမျိုး(ဆော်လမွန်၊ဆာဒင်း၊တူနာ၊မက်ကရယ်၊ဟဲလိဗတ်၊ဟယ်ရင်း)၊ပင်လယ်စာ၊ပင်လယ်ရေမှော် စတာတွေမှာ အဓိကတွေ့ရှိရတယ်။ DHAဆိုတာ ကလေးဦးနှောက်ဥာဏ်ရည်ဖွံ့ဖြိုးခြင်းကို ဖြစ်စေတယ်။

ကျန်းမာရေးအတွက်ဘယ်လိုအသုံးဝင်လဲအိုမီဂါသရီးအုပ်စုဝင်EPAနဲ့DHAကနှလုံးကျန်းမာရေးအတွက်

အထောက်အကူပေးတယ်။နှလုံးသွေးကြောကျဉ်းစေ၊ပိတ်စေနိုင်တဲ့မကောင်းတဲ့အဆီဓာတ်
(triglyceride၊LDL)တွေကို လျှော့နည်းစေတယ်။ ကောင်းတဲ့အဆီဓာတ်(HDL)ကို များစေတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်။သွေးကျဲစေတဲ့ အာနိသင်ရှိသလို သွေးခဲမှုကို တားဆီးပေးတယ်။နှလုံးသွေးကြောပိတ်တာ၊လေဖြတ်တာကို ကာကွယ်နိုင်တယ်။ သွေးကြောတွေကို ကျယ်စေတဲ့သဘောရှိလို့ ဦးနှောက် သွေးလျှောက်အား ကောင်းလာသလို မှတ်ဥာဏ်စွမ်းအား တိုးတက်လာတယ်။ စိတ်နှစ်ခွရောဂါ၊စိတ်ကစဥ့်ကလျား ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ လက္ခဏာတွေကို သက်သာစေတယ်။ စိတ်ကျရောဂါဖြစ်ပွားမှုကို တားဆီးပေးတယ်။ ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်တယ်။ ကိုယ်ဝန်ဆောင် နောက်ပိုင်း ၃လမှာ စားသုံးပေးရင် မွေးဖွားလာမယ့် ကလေးငယ်ရဲ့စိတ်ပိုင်း၊ရုပ်ပိုင်းဖွံဖြိုးမှုသာမကမျက်စိကျန်းမာရေးကိုလည်းအထောက်အကူပြုတာ တွေ့
ရတယ်။ ကလေးငယ်တွေရဲ့ ဥာဏ်ရည်ဥာဏ်သွေးကိုပါ ထက်မြက်လာစေတယ်။ ALAကအဆစ်အမြစ်ရောင်ရမ်ခြင်းကို လျှော့ကျစေသလို နာကျင်မှုကိုပါ သက်သာစေတယ်။

တခြားဘယ်လို အကျိုးတွေရှိနိုင်သေးလဲမိုက်ဂရိန်းခေါင်းကိုက်ဝေဒနာ သက်သာစေတယ်။ ဆီးချိုရောဂါကို ထိန်းပေးနိုင်တယ်။ ပန်းနာရင်ကျပ်မှာလည်း လက္ခဏာကို သက်သာစေနိုင်တယ်။နာတာရှည် အရေပြားရောဂါတွေမှာလဲ အသုံးဝင်နိုင်တယ်။အမျိုးသမီးတွေ ရာသီကြောင့် နာကျင်ကိုက်ခဲမှုအတွက် အသုံးပြုနိုင်သေးတယ်။ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းပေးနိုင်သလို ၆လအတွင်း ဝိတ်ကျသွားမယ်လို့ ဆိုသူလည်းရှိတယ်။ ကင်ဆာရောဂါကို ကာကွယ်နိုင်တယ်လည်း ပြောကြတယ်။ အမျိုးသမီး ရင်သားကင်ဆာ၊ အမျိုးသား ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်သေးတယ်။ အခုနောက်ဆုံး ၂၀၁၃မှာထွက်လာတဲ့ဂျပန်နိုင်ငံ လေ့လာတစ်ခုမှုမှာ ပြင်းထန်တဲ့တုပ်ကွေးဖြစ်ပွားမှုကို လျှော့ချပေးနိုင်တယ်

လို့ဆိုပါတယ်။အာရှနိုင်ငံတွေမှာအဖြစ်များတဲ့ကြက်ငှက်တုပ်ကွေးအပါအဝင်တုပ်ကွေးဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်သလို ပြင်းထန်တဲ့တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို တားမြစ်ပေးနိုင်လိမ့်မယ်လို့ ဆိုလာပါတယ်။ ဒါတင်မကသေးဘူး။မန်ချက်စတာ တက္ကသိုလ်က လေ့လာမှုတခုအရ အရေပြားကင်ဆာဖြစ်ပွားမှုကိုပါ တားဆီးပေးနိုင်ဦးမတဲ့။

သို့သော် လေ့လာမှုအမျိုးမျိုးဆက်လုပ်တဲ့အခါမတူညီတဲ့ရလာဒ်တွေကို အောက်ပါအတိုင်းတွေ့ရပြန်တယ်။

ဓာတ်ခွဲခန်းမှာ စမ်းသပ်ချက်တွေအရ ကိုယ်ဝန်ဆောင်စဉ် အိုမီဂါသရီး အလွန်အကျွံသောက်ခြင်းဟာ ကလေးငယ်ရဲ့ကြီးထွားမှုကိုနှေးကွေးစေရုံမကအကြားအာရုံကိုပါဒုက္ခပေးနိုင်တာ တွေ့ရတယ်။
 လေဖြတ်တာ ကာကွယ်နိုင်ပေမယ့် တဖက်မှာလည်း ဦးနှောက်သွေးယိုတတ်ပြန်တယ်။ ဆီးချိုထိန်းနိုင်တယ်ဆိုပေမယ့် ဆီးချိုသမားတွေမှာ အဆာခံပြီး တိုင်းကြည့်တဲ့အခါ သွေးတွင်းသကြားဓာတ် ယာယီ များနေတာ တွေ့ရတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်၄၀ကျော်အတွင်း လေ့လာမှုတွေကို ပြန်လည်သုံးသပ်ရရင် ကင်ဆာရောဂါအချို့ကာကွယ်နိုင်တဲ့ အချက်အလက်မျိုး မတွေ့ရပါဘူးတဲ့။ ဒါ့ကြောင့်အဆိုပါအချက်တွေကို ခြုံကြည့်ရရင်သီအိုရီအရ ကောင်းကျိုးတွေများတယ်ဆိုပေမယ့်
 သေချာပေါက်အကျိုးရှိပါမယ့်လို့ မဆိုနိုင်တာ တွေ့ရပါတယ်။

လူတယောက် နေ့စဉ် omega3ပမာဏဘယ်လောက် လိုအပ်လဲ
တယောက်နဲ့ တယောက် နေ့စဉ်လိုအပ်တဲ့ပမာဏ မတူညီကြပါဘူး။ အသက် ၅-၁၄နှစ်အတွင်း 500mg၊အသက် ၄၀အောက် ဖြစ်ရင် 1000mg၊အသက် ၄၀အထက်ဖြစ်ရင် 2000mgအသီးသီးလိုအပ်ပါတယ်။ နှလုံးကျန်းမာရေးအတွက် နေ့စဉ် အိုမီဂါ သရီး ပမာဏ 1 g စားပေးသင့်တယ်။ တပတ် အနည်းဆုံး 2g စားပေးနိုင်ရင် လေဖြတ်နိုင်ချေကို၅၀ရာခိုင်နှုန်းထိ လျှော့ချပေးတယ်။ သွေးတိုးရှိသူ၊ကိုလက်စတောများသူ၊

အဆစ်ရောင်သူတွေမှာ အိုမီဂါသရီးပမာဏ 3g ပေးတဲ့အခါ အကျိုးရှိတာတွေ့ရတယ်။ ပုံမှန်အားဖြင့် ဖြည့်စွက်ဆေးထက်အစားအသောက်ထဲမှာပါနေနိုင်ရင်ပိုကောင်းပါတယ်။
ယေဘုယျအားဖြင့်ငါးအဆီ1gမှာအိုမီဂါသရီးပမာဏ300mgပါဝင်ပါတယ်။
 နေ့စဉ်လိုအပ်ချက်အရ စားသုံးသင့်တဲ့ omega3ပမာဏဟာ 500mgနဲ့ 3g အတွင်းသာ ဖြစ်သင့်တယ်။

ဆေးမသောက်ခင်ဘာတွေ သိထားသင့်လဲဆေးသောက်တဲ့အခါ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဝမ်းလျှောတာ၊လေထိုး၊လေအောင့်၊ရင်ပြည့်ရင်ကယ် ရှိနိုင်တယ်။ သေချာသန့်စင်မထားရင် ငါးညှီနံ့ကြောင့် ပျို့ချင်၊အန်ချင် ဖြစ်တတ်တယ်။သတိပြုသင့်တဲ့အချက်ကmarinefishငါးတွေမှာမာကျူရီ၊ခဲ၊နီကယ်၊အာဆင်းနစ်၊

ကဒ်မီယမ်စတဲ့ဓာတုပစ္စည်းတွေပါနေတတ်တယ်။ ဆေးသောက်တဲ့အခါ ဒီလိုဓာတ်တွေ သန့်စင်ဖို့က အရေးကြီးပါတယ်။ သောက်မယ့်ဆေးက ဓာတုပစ္စည်းကင်းစင်ဖို့လိုသလို ကွာလတီအာမခံချက် ရှိဖို့လိုအပ်ပါမယ်။ပုံမှန်သောက်သင့်တဲ့ပမာဏပိုသောက်မိရင် သွေးယိုတာ၊သွေးခြေဥတာ ဖြစ်နိုင်တယ်။
 သွေးကျဲစေတဲ့အာနိသင် ရှိတာကြောင့် သွေးကျဲဆေးအချို့နဲ့ တွဲမသောက်သင့်ဘူး။ နှလုံးရောဂါသည်တွေမှာ သွေးကျဲဆေးသောက်နေရင် ဆရာဝန်နဲ့ တိုင်ပင်သင့်တယ်။ ဆေးသောက်တဲ့အခါ ဒီလိုဆေးတွေနဲ့ ခြားသောက်ပေးသင့်တယ်။

အားလုံးကိုခြုံကြည့်ရရင် အိုမီဂါသရီးကို ငါးရဲ့အဆီကနေ အဓိကရရှိတယ်။နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေတယ်။ မကောင်းတဲ့အဆီဓာတ်ကို လျှော့ချပေးနိုင်တယ်။ ဦးနှောက်၊အာရုံကြောရောဂါတွေမှာလည်း အသုံးပြုနိုင်တယ်။အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေတယ်။ကလေးငယ်တွေ ဦးနှောက်ဥာဏ်ရည်ဖွံ့ဖြိုးဖို့၊အမြင်အာရုံကောင်းစေဖို့ အိုမီဂါ သရီးလိုအပ်တယ်။ လေ့လာသုံးသပ်ချက်တွေအရ ကင်ဆာရောဂါတွေကို ကာကွယ်နိုင်တာ မသေချာသေးဘူး။ ပုံမှန်သောက်သင့်တဲ့ ပမာဏထက် ပိုလာရင် ကောင်းကျိုးထက် ဆိုးကျိုးသာ များပါလိမ့်မယ်။ ဒါ့ကြောင့် ဆေးသောက်တဲ့အခါဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းသောက်သင့်တယ်။အကောင်းဆုံးက ကျန်းမာရေးအတွက် omega3ကြွယ်ဝတဲ့ ငါးအဆီကို တပတ်မှာ ၂ကြိမ်စားပေးသင့်ကြောင်း အကြံပြုရင်း တင်ပြလိုက်ရပါတယ်။


ဒေါက်တာ အေးမင်းထူး
Health Care Journal