သင့် ခန္ဓာကိုယ် ကျန်းမာလှပနေစေရန် ဗီတာမင် ငါးမျိုး၏ အကျိုးပြုချက်များ
ဗီတာမင်ဆိုတာနဲ့ ခန္ဓာကိုယ်ကို အာဟာရဖြစ်စေပြီး ကောင်းကျိုးဖြစ်စေတယ်လို့
လူတိုင်း သိကြပါတယ်။ ဗီတာမင်အေ၊ ဘီ၊ စီ၊ အီး၊ ကေ စတာတွေကတော့
လူသိလည်းများသလို၊ ခန္ဓာကိုယ်အတွက် တကယ် လိုအပ်တာတွေလည်း
ဖြစ်ပါတယ်။ အဲဒီဗီတာမင်တွေက သင့်ခန္ဓာကိုယ် ဘယ်လို အစိတ်အပိုင်းတွေကို
ဘယ်လို အကျိုးပြုသလဲ ဆိုတာကို သိရှိနိုင်စေဖို့ ဖော်ပြလိုက်ပါတယ်။
ဗီတာမင် အီး၏ စွမ်းဆောင်ချက်
ဗီတာမင်အီးဟာ အရေပြားနဲ့ ခန္ဓာကိုယ်က အမွေးအမှင်တွေကို ခြောက်သွေ့မှု
ကင်းစေတဲ့ အကျိုးအာနိသင် ရှိတယ်လို့ ဆိုပါတယ်။ ဗီတာမင်အီးဟာ အဆီတွေကို
ပျော်ဝင်စေတဲ့ အင်တီအောက်ဆီဒင့် တစ်ခုအဖြစ် စွမ်းဆောင်နိုင်ပြီး
အရေပြားအတွက် လိုအပ်တဲ့ သဘာဝ ရေဓာတ်တစ်မျိုး အဖြစ်လည်း အကျိုးပြုပါတယ်။
ဒါကြောင့် အလှကုန်ပစ္စည်း အတော်များများမှာ ဗီတာမင်အီးကို
ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ် အသုံးပြုနေကြတာပါ။ အောက်စီဂျင် မရတာကြောင့်
အရေပြား ပျက်စီးတာမျိုး မဖြစ်အောင် ဗီတာမင်အီးက ကာကွယ်ပေးနိုင်ပြီး အရေပြား
ဆဲလ်အသစ်တွေ ဖြစ်ပေါ်မှုကိုလည်း အားပေးပါတယ်။ ဒါပေမဲ့ ဗီတာမင်အီးကို
ဖြည့်စွက်မှု အနေနဲ့ သောက်သုံးပေးတာမျိုးက တစ်ခါတလေ မလိုအပ်ဘဲ လွန်ကဲမှု
ဖြစ်စေတတ်တာကြောင့် သင်စားနေတဲ့ အစားအစာထဲမှာ ဗီတာမင်အီးပါဝင်မှု
နည်းတယ်ထင်ရင် ဗီတာမင်မျိုးစုံ ပါဝင်တဲ့ အားဆေး တစ်မျိုးကိုသာ မှီဝဲပါ။
ဗီတာမင် အေ၏ စွမ်းဆောင်ချက်
ဗီတာမင်အေမှာ သဘာဝ ရတီနောတွေ ပါဝင်ပြီး ပါးရေတွန့်တာနဲ့ အရေးကြောင်းတွေကို
သက်သာစေတဲ့ အာနိသင်ရှိပါတယ်။ ဝက်ခြံ၊ အမည်းစက်၊ အမာရွတ်နဲ့
အရေးကြောင်းတွေကို သက်သာစေနိုင်ပါတယ်။ ဗီတာမင်အေမှာ အရေပြားအတွက် လိုအပ်တဲ့
ကော်လာဂျင်တွေလည်း ပါဝင်ပါတယ်။ ဗီတာမင်အေဟာ အမြင်စွမ်းအင်နဲ့
အရိုးဖွံ့ဖြိုးမှုကိုလည်း အထောက်အကူ ပြုတာကြောင့် ဗီတာမင်အေ ချို့တဲ့ရင်
ကလေးငယ်တွေမှာ မျက်စိ အမြင်အာရုံကို ချို့တဲ့စေပါတယ်။ အရေပြားထဲက
အဆီဂလင်းတွေကို ဖယ်ရှားပေးနိုင်တာကြောင့် ဝက်ခြံပျောက်ဆေး အတော်များများမှာ
ဗီတာမင်အေ ပါဝင်တတ်ပါတယ်။
ဗီတာမင် စီ၏ စွမ်းဆောင်ချက်
တော်ရုံ အအေးမိ ဖျားနာတာလောက်ကတော့ ဗီတာမင်စီ ကြွယ်ဝသူ အနေနဲ့
သိပ်မဖြစ်တတ်ပါဘူး။ သဘာဝ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်ပြီး လိုအပ်တဲ့
တစ်သျှူးတွေကိုလည်း ဖွံ့ဖြိုးစေပါတယ်။ အရိုးကို သန်မာစေပြီး သွားတွေကို
ခိုင်မာစေကာ ခံတွင်းရောဂါတွေကိုလည်း ကင်းစေပါတယ်။ မျက်နှာပေါ်က
အစက်အပြောက်တွေကိုလည်း ကင်းစေပါတယ်။ အရေပြားအတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို
ရရှိစေပြီး၊ အရေပြား ကြည်လင်စေတဲ့ အာနိသင်ရှိတာကြောင့် ခန္ဓာကိုယ်
အကျိုးပြု ဖရီးရယ်ဒီကယ် တစ်မျိုးလို့ ခေါ်ကြပါတယ်။
ဗီတာမင် ကေ၏ စွမ်းဆောင်ချက်
ဗီတာမင်ကေကတော့ ကျောက်ကပ် လုပ်ငန်းဆောင်တာနဲ့ အရိုးအဆစ်တွေ
ဖွံ့ဖြိုးစေဖို့ အထောက်အကူပြုတဲ့ ဗီတာမင်တစ်မျိုးပဲ ဖြစ်ပါတယ်။
အာရုံကြောဆိုင်ရာ ပြဿနာတွေကို ကောင်းမွန်စေတဲ့ ဖြည့်စွက် ဗီတာမင်
တစ်မျိုးထဲမှာ ဗီတာမင်ကေလည်း ပါဝင်နေပါတယ်။ အရေပြားပေါ်မှာ ဖြစ်တတ်တဲ့
သွေးခဲကွက်တွေကို သက်သာစေပါတယ်။ ဒါ့အပြင် အရေပြားပေါ်က သွေးကြောမျှင်
ပေါ်တာတွေ၊ မျက်ကွင်းညိုတာတွေနဲ့ သွေးကြောပြတ်ရာတွေကိုလည်း ပျောက်ကင်းစေတဲ့
အာနိသင်ရှိပါတယ်။ ဒါကြောင့် အမည်းစက် ပျောက်စေတဲ့ ဆေးအတော်များများနဲ့
အလှကုန်တွေမှာ ဗီတာမင်ကေ ပါဝင်ပါတယ်။
ဗီတာမင် B3 ၏ စွမ်းဆောင်ချက်
ဗီတာမင် B3 ဟာ အရေပြားမှာ ရေဓာတ်ရရှိစေတဲ့ ဗီတာမင်အဖြစ် အစွမ်းထက်ပါတယ်။
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းကို ရရှိစေပြီး အစာခြေစနစ်ရဲ့
လုပ်ငန်းဆောင်တာကိုလည်း ကောင်းမွန်စေပြီး ဇီဝရုပ် ဖြစ်ပျက်မှုကိုလည်း
အထောက်အကူ ပြုပါတယ်။ အရေပြားမှာ လိုအပ်တဲ့ ရေဓာတ်ကို ရရှိစေပြီး အရေပြား
ခြောက်သွေ့မှုကို ပြန်လည် ပြုပြင်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အရေပြား
ကြေးချွတ်ပစ္စည်းတွေထဲမှာ ဗီတာမင် B3 ကို ပါဝင်အောင် အသုံးပြုတတ်ကြပါတယ်။
.Yatanarpon
5/11/2013
ဗီတာမင် ငါးမျိုး၏ အကျိုးပြုချက်များ
5/11/2013
Dim