3/24/2013

မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ

တပို့တွဲ လဆုတ်တစ်ရက် ၊ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့မှာ မြန်မာတစ်နိုင်ငံသားလုံးနဲ့ သက်ဆိုင်တဲ့ မွန်အမျိုးသားနေ့ ကျရောက်မှာ ဖြစ်ပါတယ် ။
မွန်အမျိုးသားနေ့ မည်ကဲ့သို့ ဖြစ်ပေါ်လာပုံ လေးကိုတော့ အားလုံးပဲ သိချင်ကြမယ်ထင်ပါတယ် ။
အဲဒါကြောင့်မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ အမေးအဖြေ အင်တာဗျူးလေးကို google မှ တဆင့် ရှာဖွေပြီး တင်ပြပေးလိုက်ပါတယ် ။
အမေရိကန်နိုင်ငံဆိုင်ရာ Kaowao သတင်းထောက် ကွန်းယက္ခ၏ မေးမြန်းချက်ကို မွန်ပြည်ပြန်လည် ထူထောင်ရေးကောင်စီ သတင်းပြန်ကြားရေး ဒုတာဝန်ခံ နိုင်မတ်ဒိပ် က ဖြေကြားထားသည့်ဆောင်းပါးမှ ကောက်နုတ်ချက် ဖြစ်ပါတယ်၊

Kaowao။ ။ မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို ပြောပြပေးလို့ရမလား။

နိုင်မတ်ဒိပ်။ ။ ရပါတယ်။ ဒီအကြောင်းပြောရင် ဆရာမွန်ဖိုးချိုကနေ စရမယ်။ ဆရာက ရွှေတောင်သား။ ပြည်ဘက်က ရွှေတောင်ပါ။ ဆရာက မွန်တိုင်းရင်းသား အစည်းအဝေး အစည်းအရုံး ဥက္ကဋ္ဌ၊ ပြီးတော့ ဖဆပလ အဖွဲ့ချုပ် အဖွဲ့ဝင်၊ (၁၉၄၆)ခု၊ ပငရွာ အစည်းအဝေးမှာ မွန်အမျိုးသားနေ့တစ်ရပ် ကျင်းပဖို့ ပထမဆုံး ဆရာက အဆိုပြုတယ်။ အဆိုကို တစ်ခဲနက် ထောက်ခံကြတယ်။ နောက်နှစ် ကမာဝက်မှာ ကျင်းပတဲ့ပြည်လုံးကျွတ် ညီလာခံမှာလည်း ထပ်ပြီးတော့ အတည်ပြုတယ်။ ကျင်းပဖြစ်တာက (၁၉၄၈)မှာပါ။ ကွမ်ရိုက်ဆရာတော် ဘဒန္တ ကုသလ နဲ့ ဆရာ မွန်ဖိုးချို တို့ ဦးဆောင်တယ်။ ပထမဆုံး မွန်အမျိုးသားနေ့ကို မော်လမြိုင်ခရိုင်၊ ဘီလူးကျွန်း၊ ရွာလွတ်ကျေးရွာမှာ ကျင်းပခဲ့တယ်လို့ သိရတယ်။

Kaowao။ ။ တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ဖြစ်တာက ။

နိုင်မတ်ဒိပ်။ ။ ဒီနေ့ရက်ကို ကမာဝက်ရွာသား နိုင်ထောအားက အကြံပြုထားတာပါ။ ဗဂိုးမြို့ တည်ထောင်တဲ့နေကို ယူ ထားတာပါ။ ဗဂိုးမြို့ကို မွန်ရာဇဝင်အရ တတိယပရိစ္ဆေဒနှစ် (၅၀၄)ခု မှာ တည်ထောင်ခဲ့ကြောင်း သိရတယ်။ မွန်မင်းဆက် ကျမ်းပြုဝေါဆရာတော်က တတိယ ပရိစ္ဆေဒ(၅၀၄)ခုမှာ ယူပါတယ်။ ကျနော်တို့ကတော့ သာသနာနှစ်ကိုပဲ ကြိုက်တယ်။ ဒီတော့ သာသနာနှစ်(၁၁၁၆)ခု၊ တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ တနလာင်္နေ့မှာ ဟံသာဝတီပြည် ဗဂိုး(ပဲခူး)မြို့ကို တည်ထောင်ခဲ့တယ်။ ဒီဟံသာဝတီပြည် ဆိုတာဟာလည်းပဲ ဦးအောင်ဇေယျ ဖျက်ဆီးလိုက်တဲ့ အချုပ်အခြာ အာဏာပိုင် နောက်ဆုံး မွန်ဘုရင့်နိုင်ငံတော်ကြီး ဖြစ်နေတယ်။ ဒီတော့က နိုင်ထောအားရဲ့အဆိုကို အားလုံးသဘောတူကြတယ်။

Kaowao။ ။မွန်အမျိုးသားနေ့ကို ကျင်းပပြီး သမိုင်းဒဏ်ရာကို ဆွနေလို့ကတော့ ဘာမှအကျိုးမရှိနိုင်ဘူး လို့ အချို့က ဝေဖန်ကြတယ်။ အမှန်တကယ်ပဲ အဲလိုမျိုးရည်ရွယ်ချက်နဲ့ မွန်အမျိုးသားနေ့ကို ကျင်းပနေ သလားခင်ဗျ။

နိုင်မတ်ဒိပ်။ ။အဲဒီလိုမျိုး မဟုတ်ပါဘူး။ ဒီစကားမျိုးကို ဗမာတိုင်းရင်းသားတွေက အဓိက ပြောကြပါတယ်။ ဟံသာဝတီပြည် တည်ထောင်ချိန်အစမှာ ညီနောင် ဗမာတိုင်းရင်းသားတွေ ဗမာပြည်ကို မရောက်သေးပါဘူး။ မွန်အမျိုးသားနေ့လည်းပဲ ဗမာတိုင်းရင်းသားတွေကို မရွယ်ရည်ပါဘူး။ အမျိုးသား သွင်ပြင်လက္ခဏာကို ကာကွယ်ထိန်းသိမ်းဖို့၊ အမျိုးသားရေးစိတ်ဓါတ်ကို မြှင့်တင်ဖို့ မွန်တွေက ကိုယ့်အမျိုးသားနေ့ကို ကိုယ်ဟာကိုယ် ကျင်းပပိုင်ခွင့် ရှိပါတယ်။ အမှန်မှာတော့ ရာမညတိုင်း ဟံသာဝတီပြည်ကို မွန်တွေက အဦးအစ တည်ထောင်ခဲ့တာ မှန်ပေမယ့် ကြီးပွားတိုးတက်အောင် ဗမာတိုင်းရင်းသားတွေလည်း တတပ်တအား ပါဝင်ခဲ့ကြတဲ့ သမိုင်းအစဉ် အလာကြီး ရှိပါတယ်။

ဒါကြောင့် မွန်အမျိုးသားနေ့ကို ဗမာအပါအဝင် ညီနောင် တိုင်းရင်းသားများအားလုံး လာရောက် အားပေးစေချင်ပါတယ်။


Kaowao နဲ့ နိုင်မတ်ဒိပ်မေးဖြေလေးပါ။
ချစ်ခင်လေးစားသောမွန်ပျိုချော
http://www.facebook.com/shweaeimsi